The Farmer Times၊ မေလ ၂၅ ရက်၊ ၂၀၂၆
ကမ္ဘာကျော် ဇိမ်ခံရွက်လှေထုတ်လုပ်တဲ့ Sunseeker အုပ်စုဟာ အမေရိကန်နိုင်ငံကို တင်သွင်းခဲ့တဲ့ ရွက် လှေတွေမှာ တရားမဝင် ရရှိထားတဲ့ မြန်မာ့ကျွန်းသစ်များကို အသုံးပြုခဲ့မှုအတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီး၊ ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၂၀၀,၀၀၀ ပေးဆောင်ဖို့ သဘောတူခဲ့တယ်လို့ Justice For Myanmar က ထုတ်ပြန်ထားပါတယ်။
အဆိုပါကုမ္ပဏီတွေဟာ မြန်မာနိုင်ငံက တရားမဝင် ကျွန်းသစ်တွေကို ရယူပြီး ရွက်လှေတည်ဆောက် မှုတွေမှာ ထည့်သွင်းအသုံးပြုခဲ့တဲ့အတွက် အမေရိကန်နိုင်ငံရဲ့ Lacey Act ဥပဒေကို ချိုးဖောက်မှုဖြင့် တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။
အပြစ်ရှိကြောင်းဝန်ခံမှုကို အမေရိကန်တရားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့ ထုတ်ပြန် ချက်မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။
မြန်မာစစ်တပ်ရဲ့ အာဏာသိမ်း ကြိုးပမ်းမှုနောက်ပိုင်း အမေရိကန်အစိုးရက အာဏာသိမ်းစစ်အုပ်စုက တရားမဝင် ထိန်းချုပ်ထားတဲ့ မြန်မာ့သစ်လုပ်ငန်း (MTE) အပေါ် ဒဏ်ခတ်ပို့ဆို့မှုတွေ ချမှတ်ခဲ့တာ ဖြစ် ပါတယ်။
မြန်မာနိုင်ငံရဲ့ သစ်တောလုပ်ငန်းကဏ္ဍကို မြန်မာ့သစ်လုပ်ငန်း(MTE) က အပြည့်အ၀ ထိန်းချုပ်ထားပြီး၊ မြန်မာနိုင်ငံအတွင်း သစ်ရောင်းချခြင်းနဲ့ ပြည်ပသို့တင်ပို့မယ့် သစ်လုံးများကို လေလံတင်ရောင်းချခြင်း တို့အတွက် အဓိကကိုင်တွယ်ဆောင်ရွက်တာ ဖြစ်ပါတယ်။
စစ်အုပ်စုဟာ မြန်မာ့သစ်လုပ်ငန်းက ရရှိတဲ့ ငွေကြေးထောက်ပံ့မှုတွေနဲ့ မြန်မာပြည်သူတွေအပေါ် ရက်စက်ကြမ်း ကြုတ်တဲ့ ရာဇဝတ်မှုကြီးတွေကို နေ့စဉ်ကျူးလွန်နေတယ်လို့ ဆိုပါတယ်။
Sunseeker ကုမ္ပဏီဟာ ယခင်ကလည်း ယူကေမှာ သစ်နဲ့ သစ်တောထွက်ကုန်ဆိုင်ရာ ပြဌာန်းချက်တွေ ကို ချိုးဖောက်မှုဖြင့် တရားစွဲခံခဲ့ရပြီး၊ ၂၀၂၃ ခုနှစ်မှာ ရာဇဝတ်မှုဆိုင်ရာ ချိုးဖောက်မှုသုံးခုအတွက် အပြစ်ရှိကြောင်းဝန်ခံကာ ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၄၅၀,၀၀၀ ခန့် ပေးဆောင်ခဲ့ရတယ်လို့ သိရ ပါတယ်။
အဲ့ဒီနှစ်အတွင်းမှာပဲ နယ်သာလန်အခြေစိုက် ရွက်လှေထုတ်လုပ်ရေးကုမ္ပဏီ Oceanco ဟာလည်း မြန် မာ့ကျွန်းသစ်ကို ဥရောပသမဂ္ဂကို တင်သွင်းခဲ့မှုကြောင့် ဥရောပသမဂ္ဂ သစ်လုပ်ငန်းဆိုင်ရာ ပြဌာန်း ချက်ကို ချိုးဖောက်မှုဖြင့် ဒဏ်ငွေချမှတ်ခံခဲ့ရပါတယ်။
အမေရိကန်ပြည်ထောင်စု၊ အီးယူ၊ ယူကေနဲ့ အခြားသောအစိုးရတွေ အနေနဲ့ စစ်အုပ်စုရဲ့ အကြမ်း ဖက်စစ်ဆင်ရေးကို ရပ်တန့်စေဖို့နဲ့ မြန်မာပြည်သူတွေကို ကူညီထောက်ပံ့နိုင်ဖို့ အမှန်တကယ် ဆန္ဒရှိ တယ်ဆိုရင် မြန်မာနိုင်ငံက သစ်တွေဆက်လက်တင်ပို့နေမှုကို အရေးတကြီး စုံစမ်းစစ်ဆေးပြီး၊ ချမှတ် ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ထိရောက်စွာ အကောင်အထည်ဖော်ဖို့ လိုအပ်တယ်လို့ Justice For Myanmar နဲ့ မြန်မာအရပ်ဘက် အဖွဲ့အစည်းတွေကလည်း တောင်းဆိုထားကြပါတယ်။














