, ,

စိုက်စရိတ်ချေးငွေ ထုတ်ချေးပေးရာမှာ ငွေသားတဝက်၊ K-pay တဝက်စနစ်ကြောင့် တောင်သူတွေ ထပ်ဆင့်ကုန်ကျမှုတွေ ရှိနေဟုဆို

The Farmer Times၊ ဇွန်လ ၁ ရက်၊ ၂၀၂၆။ အခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးရာမှာ ငွေသားတဝက်၊ K-pay တဝက် ထုတ် ပေးတဲ့ စနစ်ကြောင့် ငွေထုတ်ယူခ အပိုကုန်ကျငွေတွေ ရှိလာတယ်လို့ တောင်သူတွေက ပြောပါတယ်။ အခုနှစ်မှာ တောင်သူတစ်ဦးကို မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေအဖြစ် လယ်တစ်ဧကကို..

The Farmer Times၊ ဇွန်လ ၁ ရက်၊ ၂၀၂၆။

အခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးရာမှာ ငွေသားတဝက်၊ K-pay တဝက် ထုတ် ပေးတဲ့ စနစ်ကြောင့် ငွေထုတ်ယူခ အပိုကုန်ကျငွေတွေ ရှိလာတယ်လို့ တောင်သူတွေက ပြောပါတယ်။

အခုနှစ်မှာ တောင်သူတစ်ဦးကို မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေအဖြစ် လယ်တစ်ဧကကို ၃၀၀,၀၀၀ နူန်းနဲ့ ဆယ်ဧကအတွက် သိန်း ၃၀ အထိ ထုတ်ချေးခွင့်ပြုထားပြီး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ချေးငွေ ထုတ်ပေးရာမှာ ငွေသား ၁၅ သိန်း၊ K-pay ၁၅ သိန်းဆိုပြီး ထုတ်ချေးပေးနေတာ ဖြစ်ပါတယ်။

” ဘဏ်မသွားရတာလဲ မဟုတ်ဘူး။ အရင်လိုပဲ ပိုက်ဆံအပြည့်ထုတ်ပေးရင် ပိုကောင်းတယ်။ ကိုယ်လို တာ သုံးရုံပဲ။ ဖုန်းမရှိ K-pay အကောင့်မရှိ၊ ဘာမှမလုပ်တတ်သူတွေ အတွက်လည်း အဆင်မပြေဘူး။ ကျွန်တော်တို့ဆို ဖုန်းမရှိဘူး။ သုံးလဲ မသုံးတတ်ဘူး။ အိမ်က သမီးမှာတော့ ရှိပေမယ့် ငွေထုတ်ရမှာက ကိုယ်လေ။ နောက်တခုက K-pay ထဲထည့်ပေးတော့ ဆိုင်သွားထုတ်ရအုံးမယ်။ ရာခိုင်နူန်းက ရွာက ဆိုင်မှာ ၁ ရာခိုင်နူန်းယူတယ်။ အဲဒီတော့ ၁၅ သိန်းထုတ်ရင် ၁၅,၀၀၀ အပိုကုန်အုံးမယ်။ ” လို့ ဧရာဝတီ တိုင်းက တောင်သူတစ်ဦးက ပြောပါတယ်။

တောင်သူတွေအနေနဲ့ K-pay အကောင့်ထဲကငွေကို နီးစပ်ရာငွေသား ထုတ်ပေးသူတွေထံကနေ ၃ ရာ ခိုင်နှုန်းလောက်ထိ အပိုငွေပေးပြီး ထုတ်ယူရတာဖြစ်တယ်လို့ တောင်သူတွေက ဆိုပါတယ်။

မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေကို ငွေသားတဝက် ၊ K-pay တဝက် ထုတ်ချေးပေးတဲ့ အစီအစဥ်ကို နေပြည် တော် အပါအဝင် တိုင်းနဲ့ ပြည်နယ် ၄ ခုရှိ၊ မြို့နယ် ၁၈ ခုက တောင်သူပေါင်း ၈၀,၀၀၀ ဝန်းကျင်ကို စတင်လုပ်ဆောင်မှာ ဖြစ်တယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ပြောဆိုထားပါတယ်။

ကနဦးအနေနဲ့ ရန်ကုန်၊ နေပြည်တော်၊ လယ်ဝေး၊ ပုဗ္ဗသီရိ၊ မော်လမြိုင်နဲ့ သထုံမြို့နယ်တို့မှာ စတင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အလားတူ မန္တလေးတိုင်းက ကျောက်ဆည်၊ မန္တလေး ၊ မိတ္တီလာ ၊ ပြင်ဦးလွင် ၊ ရမည်းသင်း ၊ ညောင်ဦး မြို့နယ်တွေနဲ့ ဧရာဝတီတိုင်းက ပုသိမ်၊ မြောင်းမြ၊ ဟင်္သာတ၊ မအူပင်၊ ဖျာပုံ၊ လပွတ္တာ မြို့ နယ်တွေမှာ စတင်သွားမှာ ဖြစ်ပါတယ်။

” စိုက်ပျိုးစရိတ်ချေးငွေက အများစု ပြန်ဆပ်ဖို့တောင် ချေးရတာ။ ချေးပြီးပြန်ဆပ်ရတော့ ငွေထုတ် ပြီးလည်း တောင်သူက မသုံးရဘူး။ အတိုးတောင် ထပ်ကုန်သေးတယ်။ ဒီနှစ်တော့ ၃ သိန်းဆိုတော့ ဆယ်ဧကဆိုရင် သိန်း ၃၀ ရမယ်ဆိုတော့ တဝက်လောက် သုံးဖို့ထွက်လာအုံးမယ်။ Kpay တော့ သိပါ တယ်။ ဒါပေမယ့်ဗျာ အလုပ်ရှုပ်လို့ မယူချင်ဘူး။ ငွေထပ်ထုတ်ရအုံးမယ်။ တချို့ကတော့ Kpay နဲ့ ပေး တာ ကြိုက်ချင်လည်း ကြိုက်မှာပေါ့။ တောင်သူလည်းဖြစ် လုပ်ငန်းရှင်လည်း ဖြစ်တဲ့သူတွေပေါ့။ ” လို့ ရန်ကုန်က တောင်သူတစ်ဦးက ပြောပါတယ်။

မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေကို ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့ကစလို့ ထုတ်ချေးပေးနေတာဖြစ်ပြီး၊ အရင် နှစ်က လယ်တစ်ဧကကို ၁၅၀,၀၀၀ ကျပ်နူန်းသာ ထုတ်ချေးပေးရာကနေ အခုနှစ်မှာတော့ အာဏာ သိမ်းစစ်အစိုးရ သမ္မတတု မင်းအောင်လှိုင်က အစိုးရသစ် ရက် ၁၀၀ စီမံချက်နဲ့ တစ်ဧကကို ၃၀၀,၀၀၀ ကျပ်အထိ တိုးမြှင့်ထုတ်ချေးပေးလာတာ ဖြစ်ပါတယ်။

ချေးငွေထုတ်ချေးပေးရာမှာ အရင်နှစ်က ချေးငွေကို အကြေပြန်လည်ပေးသွင်းထားတဲ့ တောင်သူတွေ ကိုသာ ထုတ်ချေးပေးသွားမှာဖြစ်ပြီး၊ တစ်နှစ်ကို အတိုး ၅ ရာခိုင်နူန်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You May Have Missed