ရေမြှုပ်ကာလရက်ပေါင်း ၂၀ ကျော်ကြာမြင့်လာတာကြောင့် ဧရာဝတီ တိုင်းက ရေမြှုပ်စပါးခင်းတွေ ပုတ်သိုးပျက်စီးမှု ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေ
The Farmer Times၊ ဩဂုတ်လ ၂၇ ရက်၊ ၂၀၂၆။
ပြီးခဲ့တဲ့ရက်ပိုင်းက မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ဧရာဝတီတိုင်းအတွင်းမှာ ရေနစ်မြှုပ် နေတဲ့ စပါးခင်းတွေဟာ ရက်ပေါင်း ၂၀ ကျော် ကြာမြင့်သွားပြီဖြစ်တာကြောင့် လုံးဝပုတ်သိုး ပျက်စီး သွားပြီလို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်းက လေးမျက်နှာမြို့နယ် တစ်ခုတည်းမှာတင် မိုးစပါးစိုက်ဧက ၂၀,၀၀၀ ကျော် လောက် ရေနစ်မြှုပ်နေပြီး၊ ကျန်တဲ့ ငါးသိုင်းချောင်း၊ ရေကြည်၊ ကျုံပျော်၊ ကျောင်းကုန်း၊ ဟင်္သါတ စတဲ့ မြို့နယ်တွေက စပါးခင်းအများအပြားလည်း ရေနစ်မြုပ်နေတာ ဖြစ်ပါတယ်။
လေးမျက်မှာမြို့နယ်ထဲက စပါးခင်း ဧက ၂၀,၀၀၀ ကျော်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့လောက်ကစပြီး ဩဂုတ် ၂၇ ရက်အထိ ရေနစ်မြုပ်နေတာဖြစ်သလို၊ ကျန်တဲ့ မြို့နယ်တွေထဲက စပါးစိုက်ဧကတွေကတော့ ဩဂုတ် ပထမပတ်လောက်ကတည်းကနေ ခုချိန်ထိ ရေနစ်မြုပ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ရေနစ်မြုပ်နေတဲ့ စပါးခင်းတွေဟာ ပြန်လည်ပြုပြင်လို့မရတော့အောင် ပျက်စီးသွားပြီ ဖြစ် တာကြောင့် ထိရောက်တဲ့ အကူအညီ အထောက်အပံ့တွေပေးဖို့ တောင်သူလယ်သမားတွေက လိုလား နေပါတယ်။
” လယ်တွေက ဆုံးရှုံးသွားပြီလေ။ ရေမြုပ်တာရက် ၂၀ ကျော်နေပြီ။ ဘယ်လိုမှ မကောင်းနိုင်တော့ဘူး။ ရေကလည်းစီးနေတယ်။ နူံးကလည်းရှိတယ်။ ဒီပင်တွေက ဘယ်လိုလုပ်ကောင်းနိုင်ပါတော့မလဲ။ စပါး စျေးလေးကောင်းလို့ တောင်သူတွေ ပျော်နေတဲ့အပျော်က ရေနစ်တော့ အရင်းပါပျောက်သွားပြီ။ ဘာ တွေရင်းထားရသလဲဆိုရင် စက်မောင်းခတွေ၊ မြေဩဇာ၊ စပါးမျိုး၊ ပေါင်းသတ်ဆေး၊ အလုပ်သမားခ ပါမယ်။ တချို့အခင်းတွေဆိုရင် စပါးစထွက်နေပြီ။ ဧရာဝတီက အဓိကလယ်လုပ်တာပဲလေ။ အခုစပါး ခင်း တွေမြုပ်သွားတော့ ဘာလုပ်စားရမလဲ။ ခုကုန်ထားတာ တစ်ဧက ၅ သိန်းပဲထားအုံး။ ကျွန်တော်က ဧက ၃၀ မြုပ်သွားတာဆိုတော့ သိန်း ၁၅၀ ဗျာ။ လယ်သမားက တစ်နှစ်အကြွေးတင်ရင် သုံးနှစ်ဆပ်မ ကြေဘူး။ ” လို့ လေးမျက်နှာမြို့နယ်မှ တောင်သူတစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်(MRF)နဲ့ ဧရာ၀တီတိုင်း အစိုးရဘက်ကတော့ လက်ရှိ ရေနစ်မြုပ်နေတဲ့ စ ပါးခင်းတွေနဲ့ ပတ်သက်ပြီး ရေပြန်ကျချိန်မှာ လိုအပ်တဲ့မြေဩဇာတွေကို ထောက်ပံ့သွားမှာဖြစ်သလို ပျက်စီးလယ်ယာတွေကိုတော့ ပဲ၊ ပဲပုတ်နဲ့ အခြားသီးနှံတွေကို အစားထိုးစိုက်ပျိုးနိုင်ဖို့ ကူညီပေးသွား မယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
ဒါပေမယ့် ရေနစ်မြုပ်မှုကြောင့် လုံးဝပျက်စီးသွားတဲ့ စိုက်ခင်းတွေကတော့ နောက်ထပ် စပါးစိုက်ပျိုးဖို့ အချိန်မမှီတော့သလို တခြားသီးနှံစိုက်ပျိုးဖို့ကလည်း အဆင်မပြေနိုင်တဲ့အပြင် ထပ်စိုက်ဖို့အတွက် လယ်သမားအများစုက စိုက်ပျိုးစရိတ် အရင်းအနှီးကုန်ကျငွေ မရှိဘူးကြဘူးလို့ ဒေသခံ လယ်သမား တွေက ပြောဆိုကြပါတယ်။
တခြားသီးနှံ ထပ်မံစိုက်ပျိုးမယ်ဆိုပါက အသင်းအဖွဲ့နဲ့ စစ်အစိုးရဘက်က ထွန်ယက်ခ၊ မျိုးစေ့၊ မြေဩ ဇာ၊ ပေါင်းသတ်ဆေးအားလုံးကို အပြည့်အဝထောက်ပံ့ပေးမှသာ အဆင်ပြေနိုင်မယ်လို့ ဆိုပါတယ်။
” ကျွန်တော်တို့က ပထမတကြိမ်ရှုံးပြီးပြီလေ။ နောက်တကြိမ် မသေချာတာကြီးကို ထပ်စိုက်ဖို့ အကုန် အကျမခံရဲတော့ဘူး။ ထပ်ကုန်ကျဖို့လည်း မတတ်နိုင်ဘူး။ အဲဒီတော့ အစိုးရက အကုန်လုံး လုပ်ပေး မယ်ဆိုရင်တော့ ကျွန်တော်တို့က လုပ်အားစိုက်ပြီး လုပ်ရမှာပေါ့။ ဒါလည်း စီးပွားရေးဝင်ငွေ တခုရ အောင် ပြန်လည်ကုစား ထူထောင်ရေး တမျိုးပဲလေ။ လယ်အလုပ်က အဓိကဆိုတော့ စပါးခင်းရေမြုပ် တော့ ဆန်အတွက်လည်း စိတ်ပူရတယ်။ ဝင်ငွေရလမ်းလည်း ပိတ်သွားပြီ။ အကြွေးပိုများသွားမှာပေါ့။ ဒီအခြေအနေကို အစိုးရက ဘယ်လိုပြန်ကုစားပေးမလဲ။ ငဝန်တာကျိုးကျတာ သူတို့အသုံးမကျလို့ ဖြစ် တာလေ။ တကယ်ဆို သေချာကာကွယ်လို့ရရဲ့သားနဲ့ ပေါ့ပျက်ပျက်လုပ်ခဲ့ပြီး စောင့်ကြည့်တာလည်းမရှိ ပစ်ထားခဲ့တော့ တာလည်းကျိုးရော ဧရာဝတီ ဒုက္ခရောက်တာပဲ။ အခုနောက်ထပ် တာတခုလည်း စိုး ရိမ်ရတဲ့ အခြေအနေ ရှိနေတယ်။ ပြင်နေကြတယ်။“ လို့ ငါးသိုင်းချောင်း တောင်သူတစ်ဦးက ပြောပါ တယ်။
အခုနှစ်မှာ ဧရာဝတီတိုင်း အပါအဝင် စစ်ကိုင်းတိုင်းနဲ့ ပဲခူးတိုင်းတို့မှာလည်း ရေကြီးနစ်မြှုပ်မှုများကြောင့် စပါးခင်းတွေ အပါအဝင် တခြားကောက်ပဲသီးနှံယာခင်းတွေလည်း ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေ တာကြောင့် လာမယ့်ရာသီမှာ မိုးစပါးအထွက်နှုန်း လျော့ကျပြီး၊ ဆန်စပါးစျေးက အမြင့်ပိုင်းမှာပဲ ရှိ နေနိုင်တယ်လို့ ဆန်ကုန်သည်အသိုင်းအဝိုင်းက သုံးသပ်ထားပါတယ်။
လက်ရှိမှာလည်း ဧရာဝတီတိုင်းထွက် ဆန်အမျိုးအစားစျေးနူန်းတွေ စျေးမြင့်တက်နေပြီး စပါးစျေး လည်း လှုပ်ခတ်လာပေမယ့် အရောင်းအဝယ်ဖြစ်မှုက နည်းပါးနေတယ်လို့ ကုန်သည်တွေက ပြောပါ တယ်။
အခုနှစ် ဧရာဝတီတိုင်းအတွင်းမှာ မိုးစပါးစိုက်ဧက ၃ သန်းကျော်အထိ စိုက်ပျိုးထားပြီး၊ အခု ရေနစ် မြှုပ်ပျက်စီးမှု ဖြစ်ပေါ်နေတဲ့ စပါးခင်းဧက မမာဏက နည်းပါးတာကြောင့် ဆန်စပါး လိုအပ်ချက်မရှိ နိုင်ဘူးလို့ ဧရာ၀တီတိုင်းစစ်အစိုးရအဖွဲ့ကတော့ ပြောဆိုထားပါတယ်။
