October 15, 2026

လယ်ယာထွက်ကုန်ကို ပင်လယ်ရေကြောင်းနဲ့ လေကြောင်းကပါ တိုက် ရိုက်တင်ပို့ကြဖို့ MFVP တိုက်တွန်း

The Farmer Times၊ အောက်တိုဘာလ ၁၅ ရက်၊ ၂၀၂၆။

မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းတွေကို  နိုင်ငံတကာကို တင်ပို့ရောင်းချရာမှာ နယ်စပ်ကုန်သွယ်ရေးနဲ့ လေလံစနစ်အပြင် ပင်လယ်ရေကြောင်းနဲ့ လေကြောင်းကပါ တိုက်ရိုက်ပို့ကုန်လမ်းကြောင်းတွေနဲ့ တိုးချဲ့ တင်ပို့နိုင်ဖို့ ချိတ်ဆက်ပြင်ဆင်နေတယ်လို့ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက် ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) က ပြောပါတယ်။

ပြီးခဲ့တဲ့ကာလတွေမှာ မြန်မာ့သစ်သီးဝလံတွေကို နယ်စပ်ကုန်သွယ်ရေးနဲ့ လေလံစနစ်အပေါ် အလွန်အ မင်း မှီခိုခဲ့တဲ့အတွက်  ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့မှု၊ ဈေးကွက်မတည်ငြိမ်မှုနဲ့ ရိတ်သိမ်းပြီး နောက် သီးနှံပျက်ဆီးဆုံးရှုံးမှုတွေကို ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီ​အခြေအနေတွေကို လျှော့ချနိုင်ဖို့အတွက် လက်ရှိနယ်စပ်ကနေ  တရုတ်၊ ထိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံ စျေးကွက်တွေကို တင်ပို့မှုအပြင်   စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ အရှေ့အလယ်ပိုင်းနှင့် ဥရောပဈေးကွက်ကိုပါ  ရေကြောင်း၊ လေကြောင်းကနေ  တိုက်ရိုက်တင်ပို့နိုင်ရေး လိုအပ်လာတဲ့အတွက် ပြင်ဆင်လုပ်ဆောင်နေသလို၊ တောင်သူတွေ၊ ကုန်သည်တွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့  (MFVP) က တိုက်တွန်းထားပါတယ်။

” နယ်စပ်တခုတည်းကိုပဲ အားကိုးနေလို့ မရတော့ဘူး။ အရင်နှစ်တွေက နမူနာရှိတယ်။ စစ်ရေးကြောင့် နယ်စပ်ကုန်သွယ်ရေးလည်းရပ်ရော  လယ်ယာထွက်ကုန်သီးနှံတွေ ပြည်ပတင်ပို့လို့မရတော့ဘဲ ပြည် တွင်းမှာပုံသွားပြီး စျေးထိုးကျသွားတယ်။ တောင်သူတွေ ရှုံးကြတယ်။ ဂျင်းတက်ဆိုရင် ရခိုင်ဘက်က ပို့မရတော့အခုဆို စျေးကမကောင်းဘူး။ တခြားသီးနှံတွေလည်း အဲဒီလိုပဲ။ ဒါကြောင့် ပင်လယ်ရေ ကြောင်းနဲ့ လေကြောင်းကနေ တင်ပို့မှုကို ပိုလုပ်ဖို့လိုတယ်။ ” လို့ MFVP မှ တာဝန်ရှိသူ ကုန်သည်တစ်ဦး က ပြောပါတယ်။

ပြည်ပတင်ပို့ရာမှာ သီးနှံအရည်အသွေး ထိန်းသိမ်းနိုင်ဖို့ လိုအပ်တာကြောင့်  အအေးပေးကွင်းဆက်စနစ် (Cold Chain) ကို တိုးချဲ့အသုံးပြုရန် ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတွေနဲ့   သီးနှံစုဆောင်း ကုန်သိုလှောင်ရုံ နေရာတွေမှာ အအေးခန်းကွန်တိန်နာတွေ၊ အအေးခန်းသိုလှောင်ရုံတွေနဲ့ လိုအပ်တဲ့ လျှပ်စစ်ဓာတ်အား၊ အခြေခံအဆောက်အအုံ လိုအပ်ချက်တွေ ရှိနေတယ်လို့လည်း ဖို့  (MFVP) က ဆိုပါ တယ်။

မြန်မာ့သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်ပို့ကုန်တွေကို နိုင်ငံတကာဈေးကွက်ဆီ  ပုံမှန်တင်ပို့နိုင် ဖို့အတွက် သန့်ရှင်းရေးနဲ့ အပင်ပိုးမွှားရောဂါ ကင်းရှင်းရေးဆိုင်ရာ စံချိန်စံညွှန်းများ (SPS Measures)၊ ကောင်းမွန်သော စိုက်ပျိုးရေးအလေ့အကျင့် (GAP) စံနှုန်းတွေနဲ့  ကုန်ပစ္စည်းခြေရာခံနိုင်မှုစနစ် (Traceability) တို့ကို မြှင့်တင်ရန်လည်း လိုအပ်ပါတယ်။

ဒါအ​​ပြင် ပို့ကုန်သီးနှံတွေကို  သယ်ယူပို့ဆောင်တဲ့အခါ  စစ်ဆေးရေးဂိတ်တွေမှာ  ဦးစားပေးဖြတ်သန်း ခွင့်ပြုတဲ့  Green Channel စနစ်ကိုလည်း ဖော်ဆောင်ပေးမှသာ ကုန်ပစ္စည်း  သယ်ယူပို့ဆောင်ရေး ကြန့် ကြာမှုနှင့် ရိတ်သိမ်းပြီးနောက် သီးနှံဆုံးရှုံးမှုကို လျှော့ချနိုင်မယ်လို့ ဆိုပါတယ်။

” လယ်ယာထွက်ကုန်ထဲမှာ ကုန်စိမ်းဆိုတာ ပျက်စီးပုတ်သိုးလွယ်တယ်။ လမ်းခရီးမှာကြာလေ ပျက်စီး ဖို့ပိုများတယ်။ အခုက နေရာတိုင်းမှာ စစ်ဆေးရေးဂိတ် တွေကရှိနေတော့ အဲဒီမှာ မြန်မြန်ဆန်ဆန်နဲ့ ပြီး စီးဖို့လိုတယ်။ ဂိတ်တိုင်းမှာကြာနေရင် အသီးအနှံတွေက နေပူမိ ပျက်စီးလွယ်တယ်။ ” လို့  MFVP အဖွဲ့ ဝင် သစ်သီး၀လံ ပို့ကုန်လုပ်ငန်းရှင်တစ်ဦး ပြောပါတယ်။

အနာဂတ်မှာ ပို့ကုန်လမ်းကြောင်းကို တိုးချဲ့သလို  အရည်အသွေးစံနှုန်း မြှင့်တင်ခြင်းနဲ့  တန်ဖိုးမြှင့်ထုတ် ကုန်အဖြစ် ထုတ်လုပ်တင်ပို့ခြင်းကိုပါ အကောင်အထည်ဖော်နိုင်ပါက မြန်မာ့လယ်ယာထွက်ကုန်တွေကို  နိုင်ငံတကာဈေးကွက်မှာ စျေးကောင်းကောင်းနဲ့ တိုးချဲ့ရောင်းချနိုင်မယ်လို့ ဆိုပါတယ်။

ပြည်တွင်း၊ ပြည်ပစျေးကွက် ခိုင်မာလာပါက စိုက်ပျိုးတောင်သူတွေအတွက်လည်း  သေချာခိုင်မာတဲ့ စျေးကွက်များ ရရှိပြီး၊ သီးနှံပေါ်ချိန် စျေးကျဆင်းမှုနဲ့ အရှုံးပေါ်ခြင်းကနေ ကာကွယ်နိုင်မှာ ​ဖြစ်တယ်လို့ MFVP က ထောက်ပြအကြံပြုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.