October 18, 2026

စစ်ခေါင်းဆောင်ရဲ့ စစ်ဆေးရေးဂိတ်တွေ လျှော့ချဖို့ ညွှန်ကြားချက် အကောင်အထည် မဖော်နိုင်သေး

‎ရန်ကုန်၊ စက်တင်ဘာ ၁၆၊ ၂၀၂၆။

‎ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေဖို့အတွက် ကုန်သွယ်လမ်းကြောင်းများ တစ်လျှောက်ရှိ မလိုလား အပ်တဲ့ စစ်ဆေးရေးဂိတ်တွေကို လျှော့ချသွားမယ်လို့ အာဏာသိမ်းစစ်အစိုးရက ပြောထားပေမယ့် မြေပြင်အခြေအနေတွေကို စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် အသိုင်းအဝိုင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၅ ရက်က ကျင်းပခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ အာဏာသိမ်း စစ်အစိုးရ သမ္မတတု မင်းအောင်လှိုင်က စစ်ဆေး‌ရေးဂိတ်တွေကို လျှော့ချသွားဖို့ ညွှန်ကြားပြောဆိုခဲ့တာ ဖြစ်ပါတယ်။

‎လက်တွေ့မှာတော့ မည်သည့်ကုန်သွယ်လမ်းကြောင်းက ဘယ်နှစ်ဂိတ် လျှော့ချသွားပြီ ဆိုတာမျိုး တိတိ ကျကျထုတ်ပြန်တာ မတွေ့ရှိရသေးသလို ဂိတ်ကြေးတွေကို လျော့ချသတ်မှတ်တာမျိုးလည်း မတွေ့ရ သေးဘူးလို့ ကုန်သည်တွေက ထောက်ပြကြပါတယ်။

‎” ကုန်ဈေးနှုန်းကြီးမြင့်မှုကို ထိန်းချုပ်ဖို့အတွက် စစ်ဆေးရေးဂိတ်တွေမှာ မလိုလားအပ်တဲ့ ဂိတ်တွေ ဖျက်သိမ်းမယ်ပေါ့။ အဲဒီလိုပဲ ပြောတယ်ပေါ့နော်။ အဓိကကတော့ ဒီကျွန်တော်တို့ရဲ့ လမ်းကြောင်းတ လျှောက်လုံးမှာ ဒီကုန်စည်စီးဆင်းမှုအတွက် အရေးပါတဲ့ ပြောမယ်ဆိုလို့ရှိရင် charges တစ်ခုအနေနဲ့ ပေါ့။ charges တစ်ခု၊ ကုန်ကျစရိတ်တစ်ခုအနေနဲ့ ထည့်တွတ်နေရတာကတော့ ဒီကုန်စည်စီးဆင်းတဲ့ လမ်း ကြောင်းတစ်လျှောက်က ဂိတ်တွေရဲ့ ဂိတ်ကြေးတွေပေါ့။ တန်အလိုက် တန်အလိုက် ပေးရတာ တွေ ရှိတယ်။ တရားဝင်ပေးရတာတွေ ရှိသလို တရားမဝင်ပေးရတာတွေလည်း ရှိတယ်။ ဒါတွေကတော့ အမှန်တရားပဲပေါ့နော်။ လက်ခံရမယ့်ဟာ။ ဆိုတော့ နိုင်ငံတော်သမ္မတက တော့ ဂိတ်တချို့ကိုပေါ့နော် ဒီကုန်သွယ်မှု ပိုမိုမြန်ဆန်စေဖို့အတွက် သူဆောင်ရွက်မယ်လို့ပြောတယ်။ ဒါပေမယ့် ဘယ်နေရာက ဘယ်ဂိတ်တွေကို ဆောင်ရွက်မယ်ဆိုတာတော့ တိတိကျကျ မသိသေးသလို လက်ရှိမြေပြင်မှာလည်း ဘယ်ဂိတ်တွေကိုတော့ ဖျက်လိုက်ပြီ။ ဘယ်ဂိတ်တွေကတော့ ကုန်စည်စီးဆင်းမှုအတွက် ဥပမာ-free ပေါ့နော်။ ကုန်ကားတွေ သွားခွင့်ပေးတယ်။ ဥပမာ အကောက်ခွန် မကောက်တော့ဘူး။ အခွန်မကောက် တော့ဘူးဆိုတာ၊ လမ်းကြေး၊ တံတားကြေး မကောက်တော့ဘူး၊ မြို့ဝင်ကြေးမကောက်တော့ဘူး ဆိုတာ မျိုး ဘယ်နေရာတွေ လုပ်နေပြီဆိုတာတော့ ကျွန်တော်တို့ မသိသေးဘူး။ အဲဒီဟာကို လက်တွေ့ အကောင်အထည် ဖော်တာတော့ ဘယ်အပိုင်းတွေကနေစတင် အ ကောင်အထည် ဖော်နေတယ်ဆိုတာ မသိသေးတဲ့အတွက် ကျွန်တော်တို့ စောင့်ကြည့်ရမယ့်အပိုင်းပဲ ရှိသေးတယ်။” လို့ ပြောပါတယ်။

‎လက်ရှိ မြန်မာ့ကုန်သွယ်ရေးကဏ္ဍမှာ စစ်အစိုးရနဲ့ သက်ဆိုင်ရာလက်နက်ကိုင် အဖွဲ့အသီးသီးရဲ့ ဝါးတား ဂိတ်ဖွင့် အခွန်ကောက်ခံမှု ပြဿနာများအပြင် စစ်အစိုးရဲ့ ကုန်တင်သွင်းမှုဆိုင်ရာ ကန့်သတ်ချက်တွေ ကလည်း ကုန်သည်တွေအတွက် အဓိက အတားအဆီးတစ်ခု ဖြစ်နေတယ်လို့ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တွေက ပြောဆိုကြပါတယ်။

ပြီးခဲ့တဲ့ မေလက မြဝတီတံတား အမှတ် (၂) ပြန်လည်ဖွင့်လှစ်ပြီးနောက် ပို့ကုန်၊ သွင်းကုန်လိုင်စင်တွေကို ပြန်လည်ထုတ်ပေးနေပေမယ့် ကန့် သတ်ချက်တွေက ဆက်လက်ရှိနေဆဲဖြစ်တဲ့အပြင်၊ မြ၀တီ- ကော့က ရိတ်- ဘားအံ အာရှကုန်သွယ်ရေး လမ်းမကြီးတလျောက်မှာလည်း တိုက်ပွဲတွေက မကြာခဏ ဖြစ်ပွား နေတာကြောင့် စိုးရိမ်စိတ်တွေနဲ့ ကုန်သွယ်နေရတာဖြစ်တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

“ လက်ရှိ ကျွန်တော်တို့နိုင်ငံရဲ့ အခြေအနေအရ လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း နေရာတိုင်းမှာ ရှိနေတဲ့ အခါကျတော့ ခုနကပြောသလို အဖွဲ့အ စည်းတွေ အသီးသီးက အဓိကကတော့ ကုန်သွယ်မှုလမ်း ကြောင်း တလျှောက်လုံး တည်ငြိမ်အေးချမ်းပြီးတော့ မြန်မြန်ဆန်ဆန်သွားလို့ရရင် ကုန်ဈေးနှုန်း ကျ မှာပဲ။ သို့သော် လက်တွေ့အကောင်အထည်ဖော်တဲ့ အပိုင်းမှာ ဘယ်လိုနေရာတွေမှာ ဆောင်ရွက်နေ၊ စ တင်အကောင်အထည် ဖော်ပြီးတော့ ဘယ်လိုလမ်းကြောင်းတွေကိုတော့ အရင်ထက်စာရင် ဂိတ်ပေါင်း ၃၀ ရှိရာကနေ ၂၀ ပဲ ရှိမယ်။ ၁၅ ပဲရှိမယ်။ ဥပမာ အရင်တုန်းက ၃ သိန်းပေးရာကနေ ၂ သိန်းပဲ ပေးရ မယ်။ ၁ သိန်းပဲပေးရမယ် စသဖြင့် ဘယ်လိုလျော့နည်းသွားပြီဆိုတဲ့ ဒေတာ၊ အချက်အလက်တွေ ကိုတော့ ဆက်ပြီးထုတ်ပြန်ပေးဖို့ လိုလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ အဲတာကိုလည်း ထပ်ပြီးစောင့် ကြည့်ရပါအုံးမယ် ” လို့ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

‎လက်ရှိ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု အများဆုံးပြုလုပ်တဲ့ မူဆယ် ၁၀၅ မိုင် အပါအဝင် နယ်စပ် ကုန်သွယ်ရေး လမ်းမကြီးတွေနဲ့ ကုန် သွယ်ရေးစခန်းအများစုကို တိုင်းရင်းသား လက်နက်ကိုင် အင်အားစု တွေနဲ့ ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

ကုန်သည်တွေအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်ဂိတ်တွေအပြင် နယ်စပ်ဒေသများနဲ့ ပြည်တွင်းလမ်း ကြောင်းတွေကို ကိုင်တွယ်ရတဲ့ အာ ဏာသိမ်းစစ်အစိုးရ လက်အောက်ခံ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန် ကြီးဌာန ဝန်ထမ်းတွေကိုလည်း လာဘ်ပေးနေရတယ်လို့ ကုန်သည်တွေနဲ့ ကုန်ကားမောင်းသူတွေက ပြောပါတယ်။

‎ဒါ့အပြင် အာဏာသိမ်းစစ်အစိုးရက ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်နီပြည်နယ်နဲ့ စစ်ကိုင်း၊ မကွေးဒေသတွေက EROs နဲ့ PDF ထိန်းချုပ်ဒေသတွေထံ စက်သုံးဆီ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါး တွေ မရောက်ရှိစေဖို့အတွက် တရားမဝင် ကုန်သွယ်မှု တားဆီးရေး စီမံချက်နဲ့ လမ်း၊ တံတားနဲ့ ဂိုထောင် တွေထိ ဝင်ရောက်စစ်ဆေးဖမ်းဆီးတာတွေအပြင် ဥပဒေကို ခုတုံးလုပ်ပြီး လုပ်ငန်းရှင်တွေထံကနေ လာဘ်ငွေအမြောက်အများ တောင်းခံတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

‎” ကျွန်တော်တို့က နားထားတာ။ အဲဒီဂိတ်တွေ များတာနဲ့ တန်ဆာတွေ မကိုက်တာနဲ့ လမ်းကြောင်း ပိတ်တာနဲ့မို့လို့ နားထားတာ။ ကျွန်တော်တို့က မန္တလေးမြစ်ကြီးနား။ လွန်ခဲ့တဲ့ တစ်လလောက်တည်း က လမ်းကြောင်းစပိတ်တည်းက နားနေတာ။ မန္တလေးကနေ မြစ်ကြီးနားအထိ ပျှမ်းမျှဆိုရင်တော့ ဂိတ် ပေါင်း ၇၀ လောက်တော့ ရှိမယ်ထင်တယ်။ ပြောရရင်တော့ စုစုပေါင်းပေါ့ ကြားထဲမှာက PDF တွေ၊ KIA ဂိတ်တွေလည်း ရှိတယ်လေ စုစုပေါင်း ၁၈၀ ကျော် ၁၉၀ ၊ ၂၀၀ ပတ်ချာလည်ပေါ့။ ကျွန်တော်တို့ တင်တဲ့ ပစ္စည်းတွေက ကုန်စုံပေါ့ဗျာ၊ ဒီက စား သောက်ကုန်မှန်သမျှ အစုံပေါ့။ တလျှောက်လုံးပေးရတော့ ဟို ဘက်ရောက်တော့ ကုန်သည်တွေက ဈေးတင်ရောင်းမှ ကိုက်မယ်လေ ” လို့ မန္တလေးမြစ်ကြီးနား ကုန်ကားမောင်းနှင်သူ ကိုမောင်ဇော်က ပြောပါတယ်။

‎နယ်မြေလုံခြုံရေးအတွက် ဂိတ်တွေ ဖွင့်ထားတာ ဖြစ်ပေမယ့် မန္တလေး_မြစ်ကြီးနားလမ်းကြောင်း တစ်လျှောက် ဂိတ်ပေါင်း ၇၀ ‌ခန့်ရှိတာကြောင့် ကုန်ကားတစ်စီးကို ဂိတ်ကြေးစုစုပေါင်း အနည်းဆုံး သိန်း ၁၈၀ မှ ၃၀၀ အထိ ကုန်ကျစရိတ်ရှိနေတာ ဖြစ်ပါတယ်။

စက်သုံးဆီ၊ တန်ဆာခ၊ လမ်းတံတား ဂိတ်ကြေး၊ အခွန်အခ အဆင်ဆင့် ကုန်ကျစရိတ် မြင့်တက်မှုများ ကြောင့် နောက်ဆုံး ပြည်သူတွေ ဝယ်ယူစားသုံးရတဲ့ လက်လီစျေးကွက်ကမှာ ကုန်ဈေးနှုန်းက ၃ ဆနီး ပါးလောက်ထိ မြင့်တက်သွားတယ်လို့ ဆိုပါတယ်။

‎ကုန်သည်တွေဘက်ကတော့ မန္တလေး- မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးလမ်းကြောင်းနဲ့ မန္တလေး-မြစ်ကြီးနားလမ်းကြောင်းများ အပါအဝင် မြန်မာနိုင်ငံရဲ့ အဓိက ကုန်သွယ်ရေး လမ်းကြောင်းကြီးတွေ ပေါ်မှာရှိတဲ့ စစ်ဆေးရေးဂိတ် အရေအတွက်၊ တံတားကြေး၊ လမ်းကြေး၊ မြို့ဝင်ကြေး အခွန်အခ သတ်မှတ်ပမာဏကို တိတိကျကျ ထုတ်ပြန်ပေးဖို့ လိုအပ်တယ်လို့ ထောက်ပြပြောဆိုနေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.