October 18, 2026

The Farmer Times အပတ်စဉ် ကုန်စည်စျေးနှုန်း သုံးသပ်ချက်

The Farmer Times၊ ရန်ကုန် ၊ အောက်တိုဘာ ၁၀၊ ၂၀၂၆။

အောက်တိုဘာလ ၂ ရက်ကနေ အောက်တိုဘာ ၉ ရက်နေ့အထိ စျေးကွက်အတွင်း အတက်အကျ အ နိမ့်အမြင့် ဖြစ်သွားတဲ့ လယ်ယာထွက်ကုန် သီးနှံဈေးနှုန်းတွေကို ပြောပြပေးချင်ပါတယ်။

ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပြည်ပပို့ကုန် ပဲအမျိုးအစားတွေဖြစ်တဲ့ ပဲစဥ်းငုံက စျေးထပ်တက် လာပြီး၊ ပဲတီစိမ်း ခရမ်းရွှေဝါ နဲ့ ပဲခူးရွှေဝါ က စျေးထပ်ကျပါတယ်။ ဆန်၊ စပါး စျေးကွက်လည်း အ တက်ဘက် ဦးတည်နေပါတယ်။ မြေပဲနဲ့ နှမ်းစျေး မြင့်တက်လာသလို ပဲဆီ၊ နှမ်းဆီစျေးလည်း တက် နေပါတယ်။ ကြက်သွန်နီ စျေးကတော့ စံချိန်တင်မြင့်တက်လာနေတာကို တွေ့ရပါတယ်။

ပဲစင်းငုံ၊ ပဲတီစိမ်း

အိန္ဒိယမှာ ပွဲတော်ကျင်းပဖို့ နီးကပ်လာမှု အယ်လ်နီညိုကြောင့် ပဲအထွက်နူန်းလျော့နိုင်တဲ့ အခြေအနေ ကြောင့် ပဲစဥ်းငုံစျေး ဆက်တိုက်မြင့်တက်လာပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့က ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံ (RC) တစ်တန်ကို ၃,၇၀၂,၀၀၀ ကျပ်သာ ပေါက်စျေးရှိခဲ့ပြီး၊ အောက်တိုဘာလ ၈ ရက်နေ့မှာတော့ ပဲစင်းငုံ (RC) က တစ် တန်ကို ၃,၉၃၃,၀၀၀ ကျပ်အထိ မြင့်တက်လာပါတယ်။

ပဲတီစိမ်း(ခရမ်းရွှေဝါ) နဲ့ ပဲခူးရွှေဝါကတော့ အောက်တိုဘာ ၂ ရက်နေ့မှာ တစ်ပိဿာကို ၅,၅၀၀ ကျပ်ရှိပြီး ပဲတီစိမ်း အညာကတော့ ၄,၀၀၀ မှ ၄,၀၂၀ ကျပ်နဲ့ ဝါးခယ်မက ၄,၅၀၀ မှ ၄,၅၂၀ ကျပ် အသီးသီး ပေါက် စျေးရှိခဲ့ပါတယ်။

မြေပဲ

မြေပဲကတော့ အရည်အသွေးကောင်းတဲ့ ပဲဆံရှားပြီး၊ ကုန်အဝင်နည်းလို့ ဆီစက်ပိုင်တွေနဲ့ လုပ်ငန်းသုံး သ မားတွေ အဝယ်လိုက်နေတာကြောင့် အခုတပတ်မှာ စျေးပြန်တက်လာပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့က မန္တလေးကုန်စည်ဒိုင်မှာ မြေပဲ(S1လုံးဆံ) တစ်ပိဿာကို ၁၂,၄၀၀ မှ ၁၂,၇၀၀ ကျပ်၊ S1 ဆီဆံက ၁၁,၅၀၀ မှ ၁၂,၅၀၀ ကျပ်၊ အနီလုံးဆံက ၁၂,၂၀၀ မှ ၁၂,၃၀၀ ကျပ်သာ ပေါက် စျေးရှိခဲ့ပါတယ်။

အောက်တိုဘာ ၈ ရက်နေ့မှာ မြေပဲ(S1 လုံးဆံ) တစ်ပိဿာကို ၁၂,၈၀၀ မှ ၁၃,၁၀၀ ကျပ်၊ S1 ဆီဆံက ၁၁,၅၀၀ မှ ၁၂,၈၀၀ ကျပ်၊ အနီလုံးဆံ က ၁၃,၀၀၀ မှ ၁၃,၂၀၀ ကျပ် အသီးသီး ပေါက်စျေးရှိနေပါတယ်။

နှမ်းရောင်းစုံ

မြန်မာ့နှမ်းကို တရုတ်ဝယ်လက်တွေ အဝယ်ရှိနေသလို၊ ပြည်တွင်းဆီစက်တွေကလည်း ဝယ်လိုအား ရှိနေတာကြောင့် နှမ်းအမျိုးအစားအားလုံး စျေးမြင့်တက်နေပါတယ်။

အောက်တိုဘာ ၉ ရက်နေ့က မန္တလေးကုန်စည်ဒိုင်မှာ နှမ်းနက်(စမုန်) (၄၅ ပိဿာဝင်) တစ်အိတ်ကို ၅၄၀,၀၀၀ မှ ၆၂၀,၀၀၀ ကျပ် ပေါက်စျေးရှိပြီး၊ နှမ်းဖြူ(ဂျပန်)က တစ်အိတ်ကို ၅၂၀,၀၀၀ မှ ၅၃၀,၀၀၀ ကျပ်၊ နှမ်းဖြ(ဗမာ) က ၄၈၀,၀၀၀ မှ ၄၉၀,၀၀၀ ကျပ်စျေးရှိပြီး၊ နှမ်းညိုကတော့ (၄၅ ပိဿာဝင်) တစ် အိတ်ကို ၄၉၀,၀၀၀ မှ ၅၁၅,၀၀၀ ကျပ်စျေး အသီးသီးရှိနေပါတယ်။

ပဲဆီ၊ နှမ်းဆီ

ပဲဆံစျေးနဲ့ နှမ်းမျိုးစုံစျေး မြင့်တက်မှုကြောင့် ပဲဆီ၊ နှမ်းဆီစျေးတွေလည်း မြင့်တက်လာပါတယ်။

စျေးကွက်ထဲမှာ ပဲဆီ(စက်ကြိတ်ဆီ) က တစ်ပိဿာကို ၂၇,၀၀၀ ကျပ်အထိ ပေါက်စျေးရှိလာပြီး၊ ဆုံဆီ ကတော့ တစ်ပိဿာကို ၃၀,၀၀၀ ကျပ်စျေးရှိနေပါတယ်။ နှမ်းဆီကလည်း တစ်ပိဿာကို ၂၆,၀၀၀ ကျပ် စျေးရှိနေပါတယ်။

ပဲဆီ၊ နှမ်းဆီစျေးမြင့်တက်သလို စားအုန်းဆီစျေးလည်း ဆက်တိုက်မြင့်တက်နေပြီး တစ်ပိဿာကို ၂၀,၀၀၀ ကျော်အထက် ရှိပြီးစျေးကွက်ထဲမှာ ဝယ်ယူရခက်တဲ့ အခြေအနေ ဖြစ်ပါတယ်။

ဆန်၊ စပါး

ဆန်၊ စပါး စျေးကွက်ကတော့ စပါး (အဟောင်း၊ အသစ်) အားလုံး စျေးမြင့်တက်လာသလို၊ ဆန်စျေးတွေလည်း မြင့်လာပါတယ်။

စျေးကွက်ထဲမှာ ပေါ်ဆန်းအုပ်စုဝင် စပါးအဟောင်းက တင်း ၁၀၀ ကို ၂ သိန်းကျပ်လောက် မြင့်တက်လာပြီး၊ ပေါ်ဆန်းဆန်တွေကတော့ တစ်အိတ်ကို ၁၀,၀၀၀ ကျပ်လောက်အထိ စျေးတက်လာတာကို တွေ့ရပါတယ်။

ကျန်တဲ့ မိုးစပါးအသစ် စျေးနှုန်းတွေလည်း မြင့်တက်နေပြီး၊ စက်ကျစပါး တင်း ၁၀၀ ကို ၁,၈၇၀,၀၀၀ ကျပ်လောက်အထိ စျေးရောက်ရှိလာပြီး အရောင်းအဝယ်လည်း သွက်နေတယ်လို့ ဆန်၊ စပါးကုန်သည် တွေက ပြောပါတယ်။

စျေးကွက်ထဲမှာ ရွှေဘိုထူးရှယ်ဆန်က တစ်အိတ်ကို ၂၈၀,၀၀၀ ကျပ်စျေးရှိနေပြီး၊ ရွှေဘိုပေါ်ဆန်း(ပုံမှန်) ဆန်တအိတ် ကို ၁၇၀,၀၀၀ မှ ၂၁၀,၀၀၀ ကျပ်စျေးရှိနေပါတယ်။ စပါးစျေးကတော့ တင်း ၁၀၀ ကို အ နိမ့်ဆုံးစျေး ၅၂ သိန်းမှ ၆၂ သိန်းကျပ်အတွင်း ပေါက်စျေးရှိနေပါတယ်။

လက်ရှိ ဧရာဝတီတိုင်း ဆန်စပါးစျေးကွက်မှာ ရေကြည်ပေါ်ဆန်း ဆန်တအိတ်ကို ၂၁၀,၀၀၀ မှ ၂၁၅,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း (ပုသိမ်) က ၁၈၀,၀၀၀ မှ ၁၈၅,၀၀၀ ကျပ်၊ ပေါ်ဆန်း ( နယ်စုံ) က ၁၇၀,၀၀၀ မှ ၁၇၅,၀၀၀ ကျပ်၊ ကောက်ကြီးပေါ်ဆန်းက ၁၅၅,၀၀၀ မှ ၁၅၈,၀၀၀ ကျပ်၊ တောင်ပျံပေါ်ဆန်းက ၁၈၀,၀၀၀ မှ ၁၈၅,၀၀၀ ကျပ် အသီးသီးပေါက်စျေးရှိနေပါတယ်။

ဆန်စျေးနှုန်းတွေက လက်ကားစျေးတွေဖြစ်ပြီး လက်လီစျေးကွက်မှာတော့ ဒေသအလိုက် အနည်းငယ် အပြောင်းအလဲ ရှိနိုင်ပါတယ်။

ကြက်သွန်နီ၊ ကြက်သွန်ဖြူ

ကြက်သွန်နီကတော့ ပစ္စည်းလက်ကျန်နည်းပြီး ကုန်အဝင်နည်းလာတာကြောင့် ကုန်စည်ဒိုင်အဖွင့်စျေးက တစ်ပိဿာကို ၉,၀၀၀ ကျပ်ကျော်လာပါတယ်။ စျေးတက်လာပေမယ့် အရည်အသွေးကောင်းတဲ့ ပစ္စည်း ရှားတယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

အောက်တိုဘာ ၉ ရက်နေ့က ရန်ကုန်၊ ဘုရင့်နောင်စျေးကွက်မှာ ကြက်သွန်နီ(ဆိပ်ဖြူ)က ၇,၇၀၀ မှ ၉,၆၀၀ ကျပ်စျေးရှိခဲ့ပြီး၊ ကြက်သွန်နီ(မုံရွာ) က တစ်ပိဿာကို ၇,၇၀၀ မှ ၉,၆၀၀ ကျပ် အသီးသီးပေါက် စျေးရှိနေပါတယ်။

ကြက်သွန်ဖြူ အောင်ပန်း(ထူး) အမျိုးအစားတွေကတော့ တစ်ပိဿာကို ၆,၅၀၀ မှ ၉,၅၀၀ ကျပ် အသီးသီး ပေါက်စျေးရှိနေပါတယ်။

‘The Farmer Times’ က သုံးသပ်တင်ပြပေးထားတဲ့ ဘုရင့်နောင်ကုန်စည်ဒိုင် ပေါက်ဈေးနှုန်းတွေဟာ လက္ကားဈေးနှုန်းများသာဖြစ်ပြီး လက်လီဈေးကွက်အတွင်း ဒေသအလိုက် သယ်ယူပို့ဆောင်စရိတ်ပေါ် မူတည်ပြီး အနည်းငယ် ကွာဟမှုရှိနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.