October 20, 2026

‎နေလှန်းဆား သိုလှောင်ထားတဲ့ ကုန်သည်တွေ အရှုံးပေါ်နေ

‎ The Farmer Times၊ အောက်တိုဘာလ ၂၀ ရက်၊ ၂၀၂၆။

‎နေလှန်းဆားဈေးနှုန်းတွေ ကျဆင်းနေပြီး ဈေးကွက်မရှိတဲ့အတွက် ကြိုတင်ဝယ်ယူသိုလှောင်ထားတဲ့ ဆားကုန်သည်တွေ အရှုံးပေါ်နေတယ်လို့ ဆားလုပ်ငန်း အသိုင်းအဝိုင်းက သတင်းရရှိပါတယ်။

‎ပြီးခဲ့တဲ့နှစ်က နေလှန်းဆားကြမ်း တစ်ပိဿာကို ကျပ် ၁,၁၀၀ အထိ စံချိန်တင်ဈေးတက်ခဲ့လို့ ဈေးကွက် ကောင်းမယ်လို့ ခန့်မှန်းပြီး၊ အခုနှစ်နွေရာသီချိန်က ဆားတစ်ပိဿာ ကျပ် ၅၅၀ နဲ့ ဝယ်ယူသိုလှောင်သူ များပြားခဲ့တယ်လို့ ဆိုပါတယ်။

‎ဒါပေမယ့် စျေးကွက်ထဲမှာ အခု ၂၀၂၆ ခုနှစ် ဩဂုတ်လတည်းက ဆားတစ်ပိဿာ ၅၀၀ ကျပ် ဈေးသာ ရှိခဲ့တာကြောင့် သိုလှောင်ထားသူတွေ အရှုံးပေါ်ခဲ့တာ ဖြစ်ပါတယ်။

‎“ပြီးခဲ့တဲ့နှစ်က ဆားအထွက်နည်း၊ လက်ကျန်လည်း နည်းလို့ ဆားဈေးတက်တယ်။ အဲတာကို ကုန် သည်တွေက လှောင်ထားရင် တက်မှာပဲလို့ ခန့်မှန်းထားကြတယ်။ ပြီးခဲ့တဲ့ ဆားရာသီက ဆားအထွက် က ပုံမှန်ထက် တန် တစ်သောင်းခွဲ၊ နှစ်သောင်းလောက် ပိုထွက်တယ်။ ဈေးကွက်လည်း ဒီနှစ် ဆားဈေး ကွက်မရှိဘူး ဖြစ်သွားတယ်၊ နောက် လုပ်ငန်းရှင်တွေ ကုန်သည်တွေမှာက လက်ကျန်များနေတော့ ဈေး ကျသွားတယ်။ ဆားဈေးကျတာကို လုပ်တဲ့ ဖိုတွေထက် လှောင်သမားတွေ ပိုခံရပါတယ်။ ဈေးကွက်ကို ပုံသေသွားတွတ်လို့ မရဘူးပေါ့ ” လို့ မွန်ပြည်နယ်၊ ဆားလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
‎
‎နှစ်စဉ် စက်တင်ဘာလနဲ့ အောက်တိုဘာလတို့မှာ ဆားဈေးနှုန်း အမြင့်ဆုံး ရရှိနိုင်တဲ့ အချိန်ဖြစ်လို့ အခုနှစ်မှာ ဆားဈေးပြန်တက်လာဖို့ မလွယ်ကူတော့ဘူးလို့လည်း ဆားလုပ်ငန်းရှင်တွေက သုံးသပ်ကြ ပါတယ်။
‎
‎“ဆားဈေးက ဒီဈေးတန်းအတိုင်းရှိနေရင်တော့ ဖိုတွေ ထွက်နိုင်မှာပေါ့။ အလုပ်သမား စရိတ်တွေ၊ ဒီ ဇယ်စရိတ်တွေက၊ တခြားအထွေထွေ စရိတ်တွေက အကုန်တက်နေတော့ တစ်ပိဿာ ၅၀၀ အောက် ရောက်သွားရင် တချို့ဖိုတွေ ထွက်နိုင်မှာ မဟုတ်တော့ဘူး။ အစိုးရ ချေးငွေကလည်း ဖိုတစ်ဖို ၅ သိန်း ဆိုပေမယ့် ဧကနည်းတဲ့ လုပ်ကွက်ငယ်လေးတွေဆို မရတာများပါတယ်။ ကိုယ့်အရင်းနဲ့ ကိုယ်လုပ်ရတာ ဆိုတော့ ဈေးမကောင်းရင် အလကားပဲလေ။ ပြီးခဲ့တဲ့ ဆားရာသီချိန်မှာတော့ အဆင်ပြေခဲ့တယ်။ ဒီ နှစ်က ခန့်မှန်းဖို့ စောပါသေးတယ် ” လို့ မွန် ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှ ဆားတောင်သူ ဦးဝင်းမြင့်က ပြောပါတယ်။
‎
‎လက်ရှိ ဆားသိုလှောင်ထားတဲ့ လုပ်ငန်းရှင်၊ ကုန်သည်တွေအနေနဲ့ ဆား‌သစ်မပေါ်ခင် လာမယ့်နှစ်ဆန်း ပိုင်းထိ ဈေးကွက်စောင့်ကြည့်နေကြ‌ဆဲဖြစ်ပြီး၊ အခုနှစ်ကုန် ဒီဇင်ဘာလလောက်မှာ ရရှိမယ့်ဈေးနဲ့ သာ ထုတ်ရောင်းရတော့မှာ ဖြစ်ပါတယ်။
‎
‎မွန်ပြည်နယ်က ထွက်ရှိတဲ့ ဆားတွေကို မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းနဲ့ ပဲခူးတိုင်းတို့ကို ဖြန့်ဖြူးရောင်းချနေတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.