ပြည်ပကို ဆန်ကွဲတင်ပို့မှု သိသိသာသာ လျော့ချသွားမယ်လို့ MRF ပြော၊ ဆန် တန်ချိန် ၃ သန်းအထိ တင်ပို့နိုင်ရန် မျှော်မှန်းထား
The Farmer Times၊ အောက်တိုဘာလ ၁၉ ရက်၊ ၂၀၂၆။
မြန်မာနိုင်ငံအနေနဲ့ လာမယ့်ဘဏ္ဍာနှစ်ကစလို့ ပြည်ပစျေးကွက်ကို ဆန်ကွဲ တင်ပို့မှုကို သိသိသာသာ လျော့ချသွားမယ်လို့မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်-MRF က ပြောပါတယ်။
လက်ရှိ သဘောတူညီချက်များနဲ့ ချုပ်ဆိုထားပြီးတဲ့ စာချုပ်တွေကို ၂၀၂၆-၂၇ ဘဏ္ဍာနှစ်အတွင်း ဆက် လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ်ပေမယ့်၊ လာမယ့် ၂၀၂၇-၂၈ ဘဏ္ဍာနှစ်မှာ မြန်မာ နိုင်ငံအနေနဲ့ ဆန်ကွဲပြည်ပတင်ပို့မှုကို လျှော့ချပြီး၊ ပြည်တွင်းတန်ဖိုးမြှင့် ကုန်ချောထုတ်လုပ်မှုကို တိုးမြှင့် သွားမယ်လို့ MRF ဌက္ကဌ ဦးရဲမင်းအောင်က ပြောပါတယ်။
“ကျနော်တို့ရဲ့ ဦးစားပေးကတော့ အမှန်တကယ်အားဖြင့် ဆန်ကွဲ တင်ပို့မှုကို သိသိသာသာ လျှော့ချဖို့ ဖြစ်ပါတယ် မြန်မာနိုင်ငံအနေနဲ့ အနာဂတ်မှာ ဆန်ကွဲ အဓိက တင်ပို့တဲ့ နိုင်ငံအဖြစ် ဆက်လက်ရပ်တည် သွားဖို့ ရည်ရွယ်ချက် မရှိပါဘူး” လို့ ဦးရဲမင်းအောင်က ဆိုပါတယ်။
၂၀၂၇-၂၈ ဘဏ္ဍာနှစ်မှာ ဆန်ကွဲကို ပြည်ပတင်ပို့မှုအစား ပြည်တွင်းမှာသာ တိရစ္ဆာန်အစာ ထုတ် လုပ်ခြင်း၊ ဂလူးကို့စ် (Glucose) ထုတ်လုပ်ခြင်း၊ မုန့်ဖတ်၊ ဂျုံမှုန့်နဲ့ တခြားလယ်ယာထွက်ကုန် ပြုပြင်မွမ်းမံတဲ့ အ သေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) မှာ ပိုမိုအသုံးပြုသွားနိုင်ဖို့ MRF က တိုက်တွန်း ပြင်ဆင်နေတာ ဖြစ်ပါတယ်။
လာမယ့်ဘဏ္ဍာနှစ်မှာ ပြည်ပကို ဆန်တန်ချိန် ၃ သန်းအထိ တင်ပို့နိုင်ဖို့ ခန့်မှန်းထားပြီး၊ မြန်မာနိုင်ငံရဲ့ အဓိက ဆန်ဝယ်လက်နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံ စျေးကွက်ကိုလည်း တန်ချိန်အများ အပြား တင်ပို့နိုင်ဖို့ ရည်မှန်းပြင်ဆင်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအထိ ဖိလစ်ပိုင်နိုင်ငံကို ဆန်တင်ပို့မှုဟာ လွန်ခဲ့တဲ့ နှစ်ကာလတူထက် ၃၃၀ ရာခိုင် နှုန်းအထိ မြင့်တက်ခဲ့သလို၊ အခုနှစ်မှာ စောစီးစွာရိတ်သိမ်းနိုင်ခဲ့တဲ့ မိုးစပါးက အထွက်နှုန်း ကောင်းမွန်ခဲ့ တာကြောင့် မြန်မာ့ဆန် ပြည်ပတင်ပို့မှု မျှော်မှန်းချက်ကို အထောက်အကူ ပြုနိုင်မယ်လို့လည်း MRF က ဆိုပါတယ်။
မြန်မာ့ဆန်၊ စပါးထုတ်လုပ်မှုမှာ မိုးစပါး ၈၀ ရာခိုင်နှုန်းခန့်ရှိပြီး၊ အဓိက ရိတ်သိမ်းချိန်ကို နိုဝင်ဘာလ နှောင်းပိုင်းမှ ဒီဇင်ဘာလအတွင်း လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။
” ဖိလစ်ပိုင် တစ်နိုင်ငံတည်းကို မဟုတ်ပါဘူး၊ နိုင်ငံအားလုံးကို တန် (၃) သန်း ပို့ဖို့ရည်မှန်းချက် Target ထားတာပါ။ ကျ နော်တို့ရဲ့ ၂၀၂၆-၂၇ ဘဏ္ဍာနှစ်အတွက် ပို့ကုန်ပစ်မှတ်က မက်ထရစ်တန် ၃ သန်း ဖြစ် ပါတယ်” လို့ ဦးရဲမင်းအောင်က ပြောပါတယ်။
MRF ရဲ့ အချက်အလက်များအရ ၂၀၂၆-၂၇ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလအတွင်း ဖိလစ်ပိုင်နိုင်ငံထံ ဆန်တန်ချိန် ၄၅၅,၀၇၉ တင်ပို့ခဲ့ရာ ပြီးခဲ့တဲ့နှစ် တူညီကာလတူအချိန်က တင်ပို့ခဲ့တဲ့ တန်ချိန် ၁၀၅,၇၃၂ ထက် ၃၃၀.၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ နှစ်စဉ် ဆန်တန်ချိန် ၄ သန်းမှ ၅ သန်းကြား တင်သွင်းနေပြီး၊ မြန်မာနိုင်ငံအနေနဲ့ ဖိလစ် ဈေးကွက်ရဲ့ ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ရယူနိုင်ဖို့ ရည်မှန်းထားတယ်လို့ MRF က ဆိုပါတယ်။
ဖိလစ်ပိုင်နိုင်ငံက ဝယ်လက်တွေအနေနဲ့ မြန်မာနိုင်ငံကနေ GW-11၊ GW-18၊ ရက် ၉၀ နဲ့ မနောသုခ၊ ဧည့်မထ စတဲ့ ဆန်အမျိုးအစားတွေကို နှစ်သက်ကြတဲ့အတွက် အဆိုပါ ဆန်မျိုးစိတ်တွေကို ဆန်စပါး လက်ရှိဖော်ဆောင်နေတဲ့ (Rice Export Zone) အစီအစဉ်မှတစ်ဆင့် ပိုမိုတိုးချဲ့ စိုက်ပျိုးနေတယ်လို့ သိရ ပါတယ်။
“ဆန်စပါး ပို့ကုန်ဇုန် (Rice Export Zone) အစီအစဉ်ဟာ ဒီမဟာဗျူဟာရဲ့ အရေးပါတဲ့ အစိတ် အပိုင်းတစ်ခု ဖြစ်ပါတယ်။ လက်ရှိမှာ စိုက်ဧက ၃၆၀,၀၀၀ ခန့်အထိ စိုက်ပျိုးနိုင်ဖို့ ပြင်ဆင်နေပါတယ်။ ဒီအစီအစဉ်ဟာ ထုတ်လုပ်မှုစွမ်းအား တိုးတက်စေဖို့နဲ့ အရည်အသွေးမြင့် ပို့ကုန်များ ပိုမိုထုတ်လုပ်နိုင်ဖို့ GW-11၊ GW-18၊ ရက် ၉၀ နဲ့ အဆင့်မြှင့် ဧည့်မထ မျိုးကောင်းမျိုးသန့်တွေကို တိုးမြှင့်စိုက်ပျိုးဖို့ ပြင်ဆင်လုပ်ဆောင်နေတာ ဖြစ်ပါတယ်” လို့ ဦးရဲမင်းအောင်က ပြောပါတယ်။
အခုနှစ်အတွင်း မြန်မာနိုင်ငံ နေရာဒေသတချို့မှာ ရေကြီးရေလျှံမှုတွေကြောင့် စပါး အပါအဝင် သီးနှံ စိုက်ခင်းတွေ ရေနစ်မြှုပ်ပျက်ဆီးမှုနဲ့ ကြုံတွေ့ခဲ့ရပေမယ့် ထိခိုက်နစ်နာမှုဟာ တစ်နိုင်ငံလုံး စုစုပေါင်း စိုက်ပျိုးထုတ်လုပ်တဲ့ ဧရိယာရဲ့ အစိတ်ပိုင်းငယ်မျှသာရှိပြီး၊ ပြန်လည်စိုက်ပျိုးနိုင်ရေး ကူညီထောက်ပံ့မှု တွေကို လုပ်ဆောင်ပေးနေတယ်လို့လည်း ဆိုပါတယ်။
သို့သော် လာမယ့် ဇန်နဝါရီလမှ ဧပြီလအတွင်း စိုက်ပျိုးထားတဲ့ နွေစပါးရာသီမှာ အယ်လ်နီညို (El Niño) ပြင်းထန်စွာ ဖြစ်ပေါ်နိုင်ခြေရှိတာကြောင့် လက်ရှိ မျှော်မှန်းချက်တွေကို အပြည့်အ၀ အကောင်အထည် ဖော်နိုင်ဖို့ စိန်ခေါ်မှုတွေ ရှိနေတယ်လို့လည်း ၎င်းက ဆက်လက်ပြောပါတယ်။
အခုနှစ်မှာ မြန်မာနိုင်ငံကနေ စတင် တင်ပို့တဲ့ GW-11 ဆန်အမျိုးအစားကို ဖိလစ်ပိုင်နိုင်ငံက အဝယ်လိုက် လာတဲ့အတွက် စျေးကွက်အတွင်းမှာ GW-11 ဆန် တစ်တန်ကို အမေရိကန်ဒေါ်လာ ၅၈၀ အထိ စျေး ကောင်းရရှိခဲ့တယ်လို့ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက MRF က ထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံကနေ ပြည်ပကို ဆန်နဲ့ ဆန်ကွဲအများဆုံး တင်ပို့ခဲ့တဲ့ နိုင်ငံတွေထဲမှာ တရုတ်နိုင်ငံ က ထိပ်ဆုံးမှ ရပ်တည်နေပြီး၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ် အပါအဝင် အာရှ၊ အာဖရိကနှင့် ဥ ရောပ (အီးယူ) ဈေးကွက်တွေကိုလည်း တင်ပို့နေပါတယ်။
