November 9, 2026

စိုက်ပျိုးမှု နှစ်ဆမြင့်တက်လာပေမယ့် ဝယ်လိုအားနည်းပါးမှုကြောင့် ကောက်ညှင်းဆန် စပါးစျေးကွက် ကျဆင်းနေ

‎The Farmer Times၊ နိုဝင်ဘာလ ၅ ရက်၊ ၂၀၂၆။

အခုနှစ်မှာ ကောက်ညှင်းစပါးစိုက်ပျိုးမှု နှစ်ဆလောက်မြင့်တက်လာပေမယ့် စျေးကွက်ထဲမှာ ရောင်းလို အားများပြီး ဝယ်လိုအားနည်းတဲ့ အခြေအနေကြောင့် ကောက်ညှင်းဆန် စပါးစျေးကွက်က ကျဆင်းနေ တယ်လို့ တောင်သူတွေနဲ့ ကုန်သည်တွေက ပြောပါတယ်။

အခုနှစ်မိုးစပါးရာသီမှာ ကောက်ညှင်းစပါးစိုက်ပျိုးမှု အရင်နှစ်ကထက် နှစ်ဆလောက် မြင့်တက်လာတဲ့ အတွက် စပါးအထွက်နူန်းများပြီး ရောင်းလိုအားနဲ့ ဝယ်လိုအားမမျှဘဲ ကောက်ညှင်းဆန်စပါးစျေးကွက် ကျဆင်းလာတာ ဖြစ်ပါတယ်။

လက်ရှိမှာ ကောက်ညှင်းဆန်အသစ် တစ်အိတ်ကို ၁ သိန်းကျပ်ဝန်းကျင် ပေါက်စျေးရှိပြီး၊ စပါးစျေးနူန်း က တင်း ၁၀၀ ကို ၁၉ သိန်းကျပ်ဝန်းကျင်သာ စျေးပေါက်နေတယ်လို့ သိရပါတယ်။

အခုနှစ် မိုးစပါးရိတ်သိမ်းချိန်မှာ ကောက်ညှင်းစပါးစျေး ကျဆင်းတဲ့အတွက် တောင်သူတွေမှာ အကျိုး အမြတ် မခံစားရဘဲ တချို့ဆိုရင် အရှုံးပေါ်တဲ့အထိ ရှိလာတယ်လို့ သိရပါတယ်။

လက်ရှိမှာ ကောက်ညှင်းစပါးက တခြားစပါးအမျိုးအစားတွေလို အဝယ်မလိုက်ဘဲ ကုန်သည် ပွဲစားတချို့ သာ ဝယ်ယူမှုရှိတာကြောင့် လက်ရှိစျေးကျချိန်မှာ အရောင်းအဝယ်ပါ အေးနေပါတယ်။

” မနှစ်က စျေးကောင်းလေးရတော့ ဒီနှစ်ရှိသမျှ ၁၀ ဧကလုံးကို ကောက်ညှင်းစိုက်လိုက်တာ အရင်းပဲရ တယ်။ စျေးက ၁၉ သိန်းပဲရောင်းရတယ်။ ကောက်ညှင်းစပါး မသန့်ရင်လည်း မဝယ်ဘူး။ စျေးနှိမ် တယ်။ ကောက်ညှင်းက တခြားစပါးနဲ့ မတူဘူး။ အထွက်နူန်းကလည်း နည်းတော့ ကုန်ကျစရိတ်မြင့်ပြီး စျေးကျတော့ ရှုံးကြတာပေါ့။ ကောက်ညှင်းစပါးကို ပွဲစားတိုင်းကလည်း မဝယ်ပြန်ဘူး။ မုန့်လုပ်မယ့်သူ တွေက ကြိုလှောင်တာမျိုး၊ ကုန်သည်အနည်းစုက ကြိုဝယ်လှောင်တာမျိုးပဲ ရှိတာ။ သူက စျေးကွက် ထဲ မုန့်ပဲလုပ်ရတာ ဆိုတော့လေ။ စျေးကွက်ကျဥ်းတာပေါ့။ နောက်နှစ်တော့ မစိုက်တော့ဘူး။ ” လို့ ပဲခူးတိုင်းအနောက်ပိုင်းက ကောက်ညှင်းစိုက်တောင်သူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ကောက်ညှင်းဆန် တစ်အိတ်ကို ကျပ် (၂) သိန်းနီးပါးမှ (၂) သိန်းကျော်အထိ ဈေးရရှိခဲ့သ လို၊ နိုင်ငံတကာဈေးကွက်မှာလည်း အမြင့်စျေးရရှိခဲ့တာကြောင့်၊ တောင်သူတွေက အခုနှစ်မှာ ကောက် ညှင်းစပါးကို ဧကပိုပြီး အစားထိုးသီးနှံအဖြစ် စိုက်ပျိုးလာကြတဲ့အတွက် စျေးကွက်လျော့ကျလာတာ ဖြစ်ပါတယ်။

ကောက်ညှင်းကို ပြည်ပတင်ပို့မှုအနေနဲ့ တရုတ် အပါအဝင် ပြည်ပနိုင်ငံတချို့ကို တင်ပို့မှုရှိပေမယ့် ပမာ ဏနည်းပါးသလို၊ အဓိက မြန်မာကောက်ညှင်းဆန်ရဲ့ အစေးဓါတ်က ထိုင်း၊ လာအို ကောက်ညှင်းဆန်တို့ နဲ့ယှဥ်ရင် အစေးနည်းပါးတဲ့အတွက် ဝယ်လိုအားနည်းတဲ့ အခြေအနေဖြစ်တယ်လို့ သိရပါတယ်။

ပြည်ပကို မြန်မာကောက်ညှင်းဆန်တင်ပို့မှု မြင့်လာဖို့ဆိုရင် အရည်အသွေးကောင်း၊ မျိုးကောင်းပြီး အ ထွက်နူန်းကောင်းတဲ့ စပါးမျိုးကို စနစ်တကျစိုက်ပျိုးဖို့ လိုအပ်လာတယ်လို့ ဆိုပါတယ်။

ကောက်ညှင်းက ပြည်တွင်းစားသုံးမှုအနေနဲ့ မုန့်လုပ်ငန်းမှာ အဓိကသုံးပြီး အဆာပြေစားစရာအဖြစ် ကောက်ညှင်းပေါင်း၊ ထမနဲ စတဲ့ အစားအစာအဖြစ်သာ အဓိက စားသုံးကြတာကြောင့် မုန့်လုပ်ငန်း အတွက် ကောက်ညှင်းဆန်ကို ကုန်ချောအဖြစ် ကောက်ညှင်းမှုန့်လုပ်ပြီး ရောင်းချကြပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်- MRF ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ” ဒီနှစ် စိုက်တာများတော့ စျေးကွက် အဝင်များလို့ စျေးကျပြီး အဝယ်မသွက်တာပါ။ ပြည်ပ အဝယ်က ပုံမှန်ပါပဲ။ စိုက်တာက မနှစ်ကထက် နှစ်ဆလောက် ပိုသွားတာတွေ့ရတယ် ” လို့ ပြောပါတယ်။

ကောက်ညှင်းဆန်ကို ပြည်ပဝယ်လိုအား နည်းနေချိန်နဲ့ ပြည်တွင်းစားသုံးမှုနည်းတဲ့ ကာလမှာ စိုက်ပျိုးမှု မြင့်တက်လာတာကြောင့် စျေးကျတာလည်း ဖြစ်ပါတယ်။

ကောက်ညှင်းဆန်က ပြည်ပစျေးကွက်မှာ တစ်တန်ကို အမေရိကန်ဒေါ်လာ USD (၅၅၀) ဝန်းကျင်စျေးရရှိ ပြီး၊ ကောက်ညှင်းဆန်ကွဲက တစ်တန်ကို USD (၄၃၀ မှ ၄၄၀) ဝန်းကျင်စျေးရှိသဖြင့် ဈေးကောင်းရတဲ့ တန်းမြင့်ဆန် အမျိုးအစား ဖြစ်တယ်လို့ ဆန်ကုန်သည်တွေက ဆိုပါတယ်။

ယခုနှစ် ၂၀၂၆ -၂၀၂၇ ဘဏ္ဍာနှစ်ဖြစ်တဲ့ ဧပြီ၊ မေ၊ ဇွန်လမှာ မြန်မာကောက်ညှင်းဆန် တရုတ်နိုင်ငံကို တင်ပို့မှုအနေနဲ့ သုံးလမှာမှ တန်ချိန် (၂,၆၀၀)၊ အမေရိကန်ဒေါ်လာ (၁ဒသမ၁) သန်းဖိုးခန့် တင်ပို့ထား တယ်လို့ သိရပါတယ်။

လက်ရှိမှာ ကောက်ညှင်းဆန် အပါအဝင် ဆန်၊ ဆန်ကွဲကို နယ်စပ်လမ်းကြောင်းကနေ တင်ပို့မှုနည်းပြီး ပင်လယ်ရေကြောင်းကနေသာ အဓိကအများဆုံး တင်ပို့နေတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.