မျှော်လင့်ချက်မဲ့နေသော လယ်ကွင်းများ – (ဆောင်းပါး- ကိုရာဟု)
The Farmer Times၊ ဇွန်လ ၂၂ ရက်၊ ၂၀၂၆ ခုနှစ်။
အဝေးတစ်နေရာက စစ်ပွဲတစ်ခုဟာ မြန်မာ့လယ်သမားတွေကို ဘယ်လို အငတ်ဘေးဆိုက်စေသလဲ
ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အကျပ်အတည်းဟာ စားနပ်ရိက္ခာ အရေးပေါ် အခြေအနေ ကနေ ကပ်ဘေးတစ်ခုအဖြစ် ပြောင်းလဲသွားစေပါတယ်။
မီးခိုးငွေ့တွေ ထွက်နေတဲ့ ဟော်မုဇ်ရေလက်ကြားကနေ ကီလိုမီတာ ၄,၀၀၀ ကျော် ဝေးကွာတဲ့ မြန်မာ နိုင်ငံ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသက စပါးစိုက်လယ်သမားတစ်ဦးဟာ သူ့စိုက်ခင်းအတွက် လိုအပ်တဲ့ ဓာတ်မြေဩဇာပမာဏရဲ့ ခြောက်ပုံတစ်ပုံ (၁/၆) ကိုသာ လျှော့ချသုံးစွဲနေရပါတယ်။ သူထပ်ပြီး မဝယ်နိုင် တော့လို့ပါ။
အမေရိကန်နဲ့ အီရန်တို့ကြား စစ်ပွဲကြောင့် ကမ္ဘာ့အရေးအပါဆုံး ရေကြောင်းပို့ဆောင်ရေးလမ်းကြောင်း ပိတ်မသွားခင်ကထက် ၅၀ ကီလိုဂရမ် ဓာတ်မြေဩဇာတစ်အိတ်ကို ငွေကျပ် ၂ သိန်းအထိ (ယခင်က ထက် ၅ ဆခန့်) ဈေးတက်သွားခဲ့ပါတယ်။
“ဒီအခြေအနေသာ မပြီးဆုံးဘူးဆိုရင် ကျွန်တော် ဆက်လုပ်ချင်စိတ် မရှိတော့ဘူး” လို့ သူက ဆိုပါတယ်။
မုတ်သုံမိုးတိမ်တွေ စုရုံးနေတဲ့ သူ့ရဲ့စပါးခင်းလိုပဲ မှုန်မှိုင်းနေတဲ့ ဒီခံစားချက်ဟာ ဖွံ့ဖြိုးဆဲ ကမ္ဘာတစ်ဝှမ်း က သန်းနဲ့ချီတဲ့ လယ်သမားတွေရဲ့ အခက်အခဲကို ထင်ဟပ်နေပါတယ်။
ဒီရေလက်ကြား အကျပ်အတည်းကို စွမ်းအင်ဆိုင်ရာ ရိုက်ခတ်မှုတစ်ခုအဖြစ် သတ်မှတ်တာဟာ အ ကြောင်းပြချက်ကောင်း ဖြစ်ပါတယ်။ ဒါပေမယ့် ယင်းရဲ့သက်ရောက်မှုက လောင်စာဆီထက် အများကြီး ပိုမိုကျယ်ပြန့်ပါတယ်။
အာရေဗျပင်လယ်ကွေ့ဒေသဟာ ပင်လယ်ရေကြောင်းကနေ တင်ပို့တဲ့ ဓာတ်မြေဩဇာအားလုံးရဲ့ အ နည်းဆုံး ၂၀ ရာခိုင်နှုန်းကို တင်ပို့ပေးနေပြီး၊ ကမ္ဘာတစ်ဝှမ်း အသုံးအများဆုံး နိုက်ထရိုဂျင်ဓာတ်မြေ ဩ ဇာဖြစ်တဲ့ ယူရီးယား (urea) အတွက်ဆိုရင် ကမ္ဘာ့ကုန်သွယ်မှုရဲ့ ၄၆ ရာခိုင်နှုန်းက ဒီဒေသကနေလာတာ ဖြစ်လို့ သူ့ရဲ့လွှမ်းမိုးမှုက ပိုလို့တောင် ကြီးမားပါသေးတယ်။
ဒီသွေးကြောမကြီး ပိတ်သွားတဲ့အခါ ယင်းရဲ့အကျိုးဆက်တွေဟာ ကုန်စည်ထောက်ပံ့ရေး ကွင်းဆက် တွေတစ်လျှောက် အရှိန်အဟုန်ပြင်းပြင်းနဲ့ ဆင့်ကဲရိုက်ခတ်သွားပြီး၊ အဲဒီဒဏ်ကို အခံနိုင်ရည်အနည်းဆုံး သူတွေဆီ အဆိုးရွားဆုံး ကျရောက်ခဲ့ပါတယ်။
စွမ်းအင်ဆိုင်ရာ အကျပ်အတည်းတစ်ခု သက်သက်မဟုတ် (Not merely an energy shock)
ဒီလို ထိခိုက်လွယ်တဲ့ အခြေအနေကို မြန်မာနိုင်ငံလောက် ဆိုးဆိုးရွားရွား ကြုံတွေ့ရတဲ့နိုင်ငံ အလွန်နည်း ပါလိမ့်မယ်။
မြန်မာနိုင်ငံဟာ လောင်စာဆီ ၉၀ ရာခိုင်နှုန်းနဲ့ ဓာတ်မြေဩဇာ ၉၅ ရာခိုင်နှုန်းအထိ ပြည်ပကနေ တင် သွင်းနေရတာကြောင့် နိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍဟာ ကမ္ဘာ့ကုန်စည်ဈေးကွက်ရဲ့ အတက်အကျတွေအ ပေါ် လုံးလုံးလျားလျား မှီခိုနေရပါတယ်။
ဈေးနှုန်းတွေ တည်ငြိမ်နေချိန်မှာ ဒီမှီခိုမှုက ဖြေရှင်းနိုင်စွမ်းရှိပေမယ့်၊ မတည်ငြိမ်တဲ့အခါမှာတော့ ကပ် ဘေးဆိုက်စေပါတယ်။
ပဋိပက္ခစတင်ချိန်ကစပြီး ဓာတ်မြေဩဇာဈေးတွေ သိသိသာသာ မြင့်တက်လာခဲ့ရာ မတ်လ ပထမပတ် မှာတင် အရှေ့အလယ်ပိုင်းက အကြမ်းမှုန့် ယူရီးယားမြေဩဇာဈေးဟာ ၁၉ ရာခိုင်နှုန်း တက်သွားခဲ့သလို၊ အီဂျစ် ယူရီးယားဈေးကလည်း ၂၈ ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ တစ်ချိန်က ကမ္ဘာ့ဆန်စပါးကျီ (world’s rice bowl) ဖြစ်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ် မတိုင်ခင်က ကမ္ဘာပေါ်မှာ အခြားဘယ်နိုင်ငံထက်မဆို အဓိကစားနပ်ရိက္ခာကို အများဆုံး တင်ပို့နိုင်ခဲ့ပါ တယ်။
လွတ်လပ်ရေးရပြီးနောက် ဆယ်စုနှစ်များစွာ မတည်ငြိမ်မှုတွေက ဒီအမွေအနှစ်ကို ယိုယွင်းစေခဲ့ပြီး၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုက ကျဆင်းမှုကို ပိုမိုမြန်ဆန်စေခဲ့ပါတယ်။
ကုလသမဂ္ဂနဲ့ ပဋိပက္ခစောင့်ကြည့်ရေးအဖွဲ့ ACLED တို့ရဲ့ အချက်အလက်တွေအရ ပြည်တွင်းစစ်ကြောင့် လူပေါင်း ၉၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး ၃.၇ သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ မြန်မာနိုင်ငံဟာ လက်ရှိအကျပ်အတည်းကို ရင်ဆိုင်ရချိန်မှာ အစကတည်းက ဒူးထောက်လဲ ကျနေခဲ့ပြီးသားပါ။
လူဦးရေရဲ့ လေးပုံတစ်ပုံဟာ စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ ရင်ဆိုင်နေရပြီဖြစ်သလို၊ နိုင်ငံစီးပွားရေးဟာ အာရှမှာ အားအနည်းဆုံး အခြေအနေတစ်ခု ဖြစ်နေပါတယ်။ ဒီလို အလွန်ဆိုးရွားနေတဲ့ အခြေအနေထဲ ကို ဟော်မုဇ် ပြဿနာဟာ လဲကျနေသူကို ဒုတိယအကြိမ် ထပ်မံထိုးနှက်လိုက်သလို ရောက်လာပါတယ်။
လောင်စာဆီ၊ ဓာတ်မြေဩဇာနဲ့ သယ်ယူပို့ဆောင်ရေးစရိတ်တွေ မြင့်တက်လာတာကြောင့် လယ်သမား တွေ၊ ကြိတ်ခွဲသူတွေ၊ ကုန်သည်တွေနဲ့ တင်ပို့သူတွေအပါအဝင် ကုန်စည်ထောက်ပံ့ရေးကွင်းဆက် တစ်ခု လုံးအပေါ် ဖိအားတွေ ပိုများလာစေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က သတိပေးခဲ့ပါတယ်။
ပုံမှန်အားဖြင့် အကြွေးနဲ့ဝယ်ပြီး ရိတ်သိမ်းချိန်မှ ပြန်ဆပ်လေ့ရှိတဲ့ လယ်သမားတွေဟာ ဘယ်လိုမှတွက် ခြေမကိုက်တဲ့ ကုန်ကျစရိတ်တွေနဲ့ ရင်ဆိုင်လာရပါတယ်။ တချို့က လယ်ကွင်းအတွက် လိုအပ်တဲ့ မြေ ဩဇာရဲ့ အနည်းငယ်ကိုသာ သုံးစွဲကြပါတော့တယ်။ တချို့ကတော့ စိုက်ပျိုးရေးကို လုံးဝစွန့်လွှတ်ဖို့အထိ စဉ်းစားလာကြပါတယ်။
စားနပ်ရိက္ခာမလုံလောက်မှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ ဓာတ်မြေဩဇာသုံးစွဲမှု ၅၀ ရာခိုင်နှုန်း ကျဆင်းသွားရင် စိုက်ပျိုးရေးထွက်ကုန် ၁၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သတိပေးထားပါတယ်။
ရေလမ်းကြောင်းတစ်ခုနှင့် ၎င်း၏ အကျိုးဆက်များ (A waterway and its consequences)
ဒီအကျပ်အတည်းရဲ့ ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာကလည်း မနည်းမနော စိုးရိမ်စရာပါ။ ပဋိပက္ခ ကြီးထွားလာပြီး ရက်ပိုင်းအတွင်းမှာပဲ ဟော်မုဇ်ရေလက်ကြားကနေ ဖြတ်သန်းသွားလာတဲ့ ရေနံတင်သ င်္ဘောတွေ ၉၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ပြီး၊ ပြတ်တောက်မှုကလည်း ခိုင်ခိုင်မာမာ ဆက်လက်ဖြစ် ပွားနေခဲ့ပါတယ်။
ဧပြီလမှာ ယူအေအီး (Emirati) အရာရှိတစ်ဦး ပြောကြားခဲ့သလိုပဲ ရေလက်ကြားဖြတ်သန်းခွင့်ကို ကန့် သတ်ခြင်း၊ စည်းကမ်းချက်များထားရှိခြင်းနဲ့ ထိန်းချုပ်ခြင်းတွေ လုပ်ဆောင်နေပြီး၊ အလျင်အမြန် ပုံမှန် ပြန်ဖြစ်လာဖို့ မျှော်လင့်စရာ အကြောင်းသိပ်မရှိပါဘူး။
ရေလက်ကြားတစ်စိတ်တစ်ပိုင်း ပြန်ဖွင့်ပေးရင်တောင် စီးပွားရေးအရ အဟန့်အတား ဖြစ်နေနိုင်သေး ကြောင်း၊ သင်္ဘောတစ်စင်း တိုက်ခိုက်ခံရတာနဲ့ ယုံကြည်မှုတွေ အားလုံးပြန်လည် ပျက်စီးသွားနိုင်တာ ကြောင့် ဖြစ်တယ်လို့ ရေကြောင်းပို့ဆောင်ရေး ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။
အကျိုးဆက်တွေဟာ တစ်ခုနဲ့တစ်ခု ဆင့်ကဲပေါင်းစပ်ပြီး ပျံ့နှံ့သွားပါတယ်။ ပဋိပက္ခစတင်ချိန်ကစပြီး အရှေ့တောင်အာရှ အကြမ်းမှုန့်ယူရီးယားဈေး ၄၀ ရာခိုင်နှုန်းကျော် တက်သွားကာ ကမ္ဘာ့လူသား အများ အပြားကို အစာကျွေးနေတဲ့ ဒေသတွင်းက လယ်သမားတွေကို အကျပ်ရိုက်စေခဲ့ပါတယ်။
ကုလသမဂ္ဂ ခန့်မှန်းချက်တွေအရ ကမ္ဘာ့လောင်စာဆီဈေးဟာ ၂၀၂၅ ခုနှစ် ပျမ်းမျှဈေးထက် နှစ်ဆကျော် မြင့်တက်သွားခဲ့ပါတယ်။ အာမခံကြေးတွေကလည်း သင်္ဘောပို့ဆောင်ရေး အခက်အခဲကို ပိုဆိုးစေခဲ့ပါ တယ်။
စစ်ပွဲအန္တရာယ် အာမခံကြေး (war-risk premiums) တွေဟာ သင်္ဘောတန်ဖိုးရဲ့ ၀.၂၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ မြင့်တက်သွားပြီး၊ အာမခံသက်တမ်းကိုလည်း ၇ ရက်တစ်ခါ အသစ်ပြန်လုပ်နေရပါ တယ်။
မြေဩဇာအကျပ်အတည်းကို ပိုမိုဆိုးရွားစေတာကတော့ အခြေအနေကို ပိုဆိုးသွားစေနိုင်တဲ့ မူဝါဒပိုင်း ဆိုင်ရာ တုံ့ပြန်မှုတွေပါပဲ။
တရုတ်၊ ရုရှား၊ အီဂျစ်နဲ့ အင်ဒိုနီးရှားတို့ဟာ ကမ္ဘာ့ဓာတ်မြေဩဇာ တင်ပို့မှုရဲ့ ၃၅ ရာခိုင်နှုန်းခန့်ကို တင် ပို့နေတာဖြစ်ပြီး အားလုံးက ပို့ကုန်ခွဲတမ်း ဒါမှမဟုတ် ကန့်သတ်ချက် တစ်ခုခုကို ချမှတ်လိုက်တဲ့အတွက် အလိုအပ်ဆုံးအချိန်မှာ ရောင်းလိုအားကို ပိုမိုကျပ်တည်းသွားစေပါတယ်။
၂၀၂၂ ခုနှစ်အတွင်း ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက် ဖြစ်ပေါ်ခဲ့တဲ့ စပါးအကျပ်အတည်းနဲ့ အ လားသဏ္ဌာန်တူနေတာက စိတ်မသက်မသာ ဖြစ်စရာပါ။ ၂၀၂၂ ခုနှစ်တုန်းကတော့ ကမ္ဘာကြီးမှာ ပုံမှန်အ လုပ်လုပ်နေတဲ့ ရေကြောင်းပို့ဆောင်ရေး လမ်းကြောင်းတွေ ရှိနေခဲ့ပါသေးတယ်။
၂၀၂၅ ခုနှစ် နွေဦးပေါက်မှာတော့ အဲဒါမျိုး မရှိတော့ပါဘူး။
ရှင်သန်ရေးဆိုင်ရာ မေးခွန်းတစ်ခု (An existential question)
မြန်မာနိုင်ငံအတွက်တော့ ဒါဟာ စီးပွားရေးပြဿနာ သက်သက်မဟုတ်ဘဲ ရှင်သန်ရေးပြဿနာ ဖြစ်လာ ပါတယ်။
နိုင်ငံအတွင်းမှာ ဆာလောင်မွတ်သိပ်နေသူ ၁၂.၅ သန်း ရှိနေပြီဖြစ်ပြီး၊ အများစုဟာ ဝေးလံခေါင်ဖျားဒေ သတွေမှာ နေထိုင်သူတွေ ဒါမှမဟုတ် ပြည်တွင်းစစ်ကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်နေရသူတွေပါ။
ဒီစစ်ပွဲသာ နှစ်လယ်ပိုင်းလောက်မှာ မပြီးဆုံးဘူးဆိုရင် ကမ္ဘာတစ်ဝှမ်းက လူ ၄၅ သန်းလောက် ထပ်ပြီး အပြင်းအထန် စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ WFP က သတိပေးထားပါတယ်။
စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (Arakan Army) တို့ရဲ့ တိုက်ပွဲတွေကြောင့် ပျက်စီးနေတဲ့ ရခိုင်ပြည်နယ်မှာ တော့ လောင်စာဆီနဲ့ ဓာတ်မြေဩဇာဟာ လက်လှမ်းမမီနိုင်တဲ့ နောက်ဆုံးပေါ် လိုအပ်ချက်တွေ ဖြစ်လာ ခဲ့ပါတယ်။
ဒီအကျပ်အတည်းဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေ အကြွေးဆပ်ဖို့ ရုန်းကန်နေရချိန်၊ ဘဏ္ဍာရေးနေရာ အကန့်အ သတ် ရှိနေပြီး ဈေးနှုန်းမြင့်တက်လာမှုအသစ်တွေကို ခံနိုင်ရည်မရှိတော့တဲ့ အချိန်မှာ ဆိုက်ဆိုက်မြိုက် မြိုက် ရောက်လာတာပါ။
တစ်ချိန်က ထောက်ပံ့ကြေးတွေပေးပြီး သက်သာအောင် လုပ်ပေးနိုင်ခဲ့တဲ့ အစိုးရတွေဟာ အခုတော့ ဘဏ္ဍာငွေ မရှိတော့ပါဘူး။ နိုင်ငံတကာ အလှူရှင်တွေကလည်း ပထဝီနိုင်ငံရေး အကျပ်အတည်းတွေ ကြောင့် အာရုံလွှဲခံရပြီး စိုက်ပျိုးရေးဆိုင်ရာ အကျိုးဆက်တွေအပေါ် အာရုံစိုက်ဖို့ နှောင့်နှေးခဲ့ကြပါ တယ်။
ပြဿနာရဲ့ အရေးပေါ်အခြေအနေနဲ့ တုံ့ပြန်ဆောင်ရွက်မှု အရှိန်အဟုန်ကြားက ကွာဟချက်ဟာ ကြီးမား နေပြီး ပိုပိုကျယ်ပြန့်လာနေပါတယ်။ ချမ်းသာတဲ့ နိုင်ငံတွေအတွက်တော့ ဟော်မုဇ် အကျပ်အတည်း ဆိုတာ ဓာတ်ဆီဈေးတက်သွားတာနဲ့ သတင်းတွေထဲမှာ ဖတ်ရတာ စိတ်မသက်မသာ ဖြစ်ရတာလောက် ပါပဲ။
မုတ်သုံမိုးစကျချိန် ရွှံ့ဗွက်တွေကြား ရပ်နေရတဲ့ မြန်မာ့ဆန်စပါးစိုက် လယ်သမားတွေအတွက်ကတော့ အရှုံးခံပြီး စိုက်မလား၊ လုံးဝမစိုက်ဘဲ နေမလားဆိုတာကို ရွေးချယ်ရမယ့် အခြေအနေပါ။ သူတို့တစ်ခါမှ တောင် မကြားဖူးတဲ့ ရေလမ်းကြောင်းတစ်ခုဟာ သူတို့ ထမင်းစားရမလား မစားရဘူးလား ဆိုတာကို ပုံ ဖော်ပေးနေတာ ဖြစ်ပါတယ်။
ဟော်မုဇ်ရေလက်ကြားနဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဟာ ကီလိုမီတာ ၄,၀၀၀ ကွာဝေးပါတယ်။ ဒါပေ မယ့် အကြောင်းတရားနဲ့ အကျိုးဆက်ကြားက အကွာအဝေးကတော့ အဲဒီထက် အများကြီးပိုမိုနီးကပ် နေခဲ့ပါပြီ။
