ကြံကြမ်းခင်းဈေး တစ်တန် သုံးသောင်းကျပ်ကျော် လျော့ကျသွားလို့ တောင်သူတွေ တွက်ခြေမကိုက် ဖြစ်နေ
The Farmer Times၊ အောက်တိုဘာလ ၁၃ ရက်၊ ၂၀၂၆။
သကြားစက်ရုံတွေကနေ ကြံစိုက်တောင်သူတွေကို ကြိုတင်ငွေ ထုတ်ပေးဖို့ သတ်မှတ်တဲ့ ကြမ်းခင်း ဈေးက အရင်နှစ်နဲ့ယှဉ်ရင် ကြံတစ်တန်ကို ကျပ်သုံးသောင်းကျော်ထိ လျော့ကျသွားတာကြောင့် တွက်ခြေမကိုက်နိုင်ဘူးလို့ ပဲခူးတိုင်းဒေသကြီး( အနောက်ပိုင်း)က ကြံတောင်သူတွေက ပြောဆိုကြပါတယ်။
အခုနှစ် သကြားရာသီအတွက် ဒေသအလိုက် စိုက်ဧကနဲ့ အထွက်နှုန်းပေါ်မူတည်ပြီး၊ ကြိုတင်ချေးငွေ ထုတ်ပေးရာမှာ ကြံတစ်တန်ကို ၁၃၉,၀၀၀ ကျပ်သာသတ်မှတ်ထားလို့၊ ကြံစိုက်စရိတ် အရင်းအနှီးနဲ့ယှဉ်ရင် အမြတ်သိပ်မကျန်ဘူးလို့လည်း ကြံစိုက်သူတွေက ဆိုပါတယ်။
” မထုတ်ရသေးဘူးလေ ခု ၁၀ လပိုင်းထုတ်မှာတဲ့လေ ဘယ်နေ့လဲတော့ မသိဘူး။ ခုကတော့ ဟိုနေ့က စက်ရုံမှူးက ခေါ်ပြောတယ် တစ်တန်ကို ၁၃၉,၀၀၀ ပဲရှိတယ်။ သုံးသောင်းလုံးလုံး လျော့သွားတယ်။ သူတို့ သကြားဈေးတွေ လျော့လို့ ဟိုဘက်နိုင်ငံကို သကြားတွေက မထွက်ရလို့ဆိုပြီးတော့ ကြံဈေးတွေ လျော့ပစ်တာလေ။ မနှစ်တုန်းက တစ်တန်ကို ၁၇၀,၀၀၀ ရှိတယ်။ အခုက တစ်သိန်းလေးသောင်းတောင် မပြည့်တော့ဘူး။ ၁၃၉,၀၀၀ တည်းရယ်။ အကုန်ရှုံးတာပေါ့။ ထွန်စက်ခုတ်ခနဲ့ မျိုးဖိုးနဲ့ ဆေးဖိုးတွေနဲ့ ခုအလုပ်သမားခနဲ့ကျတော့။ တောင်သူကြီးတွေ ကြံဈေးက မကိုက်လို့ပေါ့။ ချအုံးမယ်ဆိုတော့ ၊ ခုအဲလို ပြောတယ်။ မကိုက်လို့ရှိရင်တော့လည်း မစိုက်ကြနဲ့တော့ပေါ့လို့ ပြောတယ်တဲ့ ဒီစက်ရုံမှူးက။ ခုဘယ် နေ့ဆိုလဲ အစည်းအဝေးရှိသေးတယ်တဲ့။ အဲအစည်းအဝေးကို တက်အုံးမှာ ဘာစကားပြောမလဲ မသိ သေးဘူး။ တောင်သူတွေက အဲဈေးဆိုရင်တော့ ခု ၁၃၉,၀၀၀ ဆိုရင် မကိုက်ဘူးပေါ့။ ထွန်စက်ခုတ် ခတွေ၊ ကြံမျိုးဖိုး၊ ဆေးဖိုး၊ မြေဆီဖိုးပေါ့နော့။ မြေဆီတွေကလည်း တစ်သိန်း ၄၊ ၅၊ ၆ သောင်းရှိတာပဲ။ အဲတော့ မကိုက်ဘူးဆ်ုတော့ မကိုက်လည်း မစိုက်ရုံပဲ ရှိတယ်လို့ ပြောတယ်တဲ့။ မစိုက်ကြနဲ့တော့ပေါ့။ အဲလိုမှန်း သိရင် တစ်ကွက်ကို နှမ်းကြေးပစ်တယ်လို့ အစောကြီးတည်းက သိရင်။ ခုချိန်ကျတော့ ဘာမှ လုပ်မရတော့ဘူးလေ။ လာမယ့်နှစ်ကျမှပေါ့။ ခုနှစ်ကတော့ ခုနပြောသလို ရှုံးလည်းစိုက်ရတော့မှာ၊ မြတ်လည်း စိုက်ရတော့မှာပေါ့။ လာမယ့်နှစ်ကျ အဲလိုဒီဈေးပဲ သွားနေရင်တော့ ကြံကနည်းနည်းပဲ စိုက်တော့မယ် တခြားသီးနှံစိုက်စားတော့မယ်။ ” လို့ ပဲခူးတိုင်း(အနောက်ပိုင်း) မှ ကြံတောင်သူတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က ကြံစိုက်တောင်သူတွေကို ကြိုတင်ငွေထုတ်ပေးရာမှာ နယ်မြေဒေသအလိုက် ကြံတစ် တန်ကို အနည်းဆုံး ကျပ် ၁၂၀,၀၀၀ မှ အများဆုံး ကျပ် ၂၀၀,၀၀၀ အထိ ဈေးပေါက်ခဲ့တာ ဖြစ်ပါတယ်။
ကြိုတင်ငွေထုတ်ပေးမှု လျော့ကျသွားပေမယ့် ကြံစိုက်ခင်းတွေကနေ စက်ရုံကို သယ်ယူရတဲ့ ကားတန် ဆာခတွေကတော့ မြင့်တက်လာတယ်လို့ တောင်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က သယ်ယူစရိတ် အနေနဲ့ ကြံတစ်တန်ကို ၁၃၀,၀၀၀ ခန့် စျေးပေါက်ခဲ့ပေမယ့်၊ အခုနှစ်မှာ တော့ စက်သုံးဆီစျေးတွေ မြင့်တက်လာတဲ့အတွက် ကုန်ကားသမားတွေက ကြံတစ်တန်ကို ၃ သောင်း လောက်ထိ စျေးတိုးမြှင့်သတ် မှတ်ထားတယ်လို့ ဆိုပါတယ်။
“ ခုကားသမားတွေကလည်းပဲ မနှစ်တုန်းကလူ သူမို့လို့ မနှစ်တုန်းက ဈေး တစ်တန်ကို တစ်သောင်းသုံး ထောင် ကားတင်ခ။ ၁၀ တန်ပါရင် ၁ သိန်း ၃ သောင်းပေးရတယ်။ တန်တစ်ရာပါရင် ၁၃ သိန်း။ ခုမရ တော့ဘူး။ ခုဆီဈေးတွေ တက်လို့တဲ့ ခု ၃ သောင်းလို့ ပြောနေတယ်။ အဲတာ စက်ရုံက ပေးတာက ၁၃၉,၀၀၀ ပဲ ရှိတယ်။ ကားသမားက ၃ သောင်းဆိုလို့ရှိရင် တစ်သိန်းနဲ့ ၉ ထောင်ပဲ ကျန်တယ်။ အဲထဲက တင်သား၊ ခုတ်သား ခုတ်သားတွေ ကျွေးရတာနဲ့ ၊ ကြံတစ်တန်ကို အကုန်လုံး လိုက်တွက်ကြည့်မယ်ဆို ၆ သောင်း၊ ၇ သောင်းလောက်ပဲ ရတော့မယ်။ အရင်ကတော့ ကြံဈေးတွေက ကိုက်တော့ရင် ကားသမား ပေး၊ ခုတ်သားပေးနဲ့ဆို ကိုယ့်ဖို့ နည်းနည်းပါးပါးတော့ ကျန်တော့ရင် စိုက်ကြတယ်လေ။ ခုကျတော့ မ ကိုက်ဘူးဆိုတော့ လာမယ့်နှစ်ဆို လူတိုင်းက လျော့တော့မယ်။ ခုနက ပြောသလို ၁၀ ဧကစိုက်မယ့်ဟာ ၅ ဧကစိုက် တော့မှာပေါ့” ပဲခူးတိုင်း(အနောက်ပိုင်း) မှ ကြံတောင်သူက ဆက်လက်ဆိုပါတယ်။
ကြံဖိုးကြိုတင်ငွေ ထုတ်ပေးမယ့် သတ်မှတ်ချက်ပမာဏကို သက်ဆိုင်ရာနယ်မြေအလိုက် စာရင်း ကောက်ပြီးနောက် နှစ်စဉ် စက်တင်ဘာလ ၁၅ ရက်ခန့်မှာ အကြောင်းကြားလေ့ ရှိပေမယ့်၊ အခုနှစ်မှာ တော့ တချို့နယ်မြေဒေသတွေမှာ လက်ရှိအချိန်အထိ ကြိုတင်ငွေထုတ်ဖို့အတွက် သတ်မှတ်ချက်တွေ မ သိရသေးဘူးလို့ မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းက ပြောပါတယ်။
” အကြမ်းဖျင်းတော့ မသိရသေးပါဘူး။ ခုက တောင်သူတွေကတော့ လိုချင်တာပေါ့။ ဒါပေမယ့် စက်ရုံ တွေဘက်ကတော့ ဘာမှတုပ်တုပ် မလှုပ်သေးဘူး။ စစ်ကိုင်းတိုင်းက စက်ရုံတွေကတော့ စက်ရုံ ၃ ရုံရှိ တာကို ၃ ရုံ ရှိတော့ တစ်ယောက်ပေးမှ တစ်ယောက်ပေးမယ်ဆိုတဲ့ ပုံစံမျိုး သူဘယ်လောက်ပေးမလဲ။ သူဘယ်လောက် ဈေးသတ်မှတ်သလဲ။ တစ်ယောက် အခြေအနေတစ်ယောက် ကြည့်နေတဲ့သဘော ရှိ ပါတယ်။ အဲတာကြောင့်မို့ သူက နောက်ကျနေတာနေမှာ။ ၁၀ လပိုင်း ၁၅ ရက်နဲ့ လကုန်လောက်ဆိုရင် သေချာလောက်ပါတယ်။ အဲလောက်ဆိုရင်တော့ သူတို့ပေးဖို့ စမယ်ထင်ပါတယ်။” လို့ မြန်မာနိုင်ငံ သ ကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း ဒုဥက္ကဌ ဦးဝင်းဌေးက ပြောပါတယ်။
ကြံစိုက်ရာမှာ သွင်းအားစုအနေနဲ့ ကြံတစ်ဧကကို မြေဩဇာနှစ်လုံးခန့်သုံးရပြီး၊ ထွန်စက်ခုတ်ခ တစ်ခု တည်းမှာပင် တစ်ဧကထွန်စက် တစ်ထပ် ၁၆၀,၀၀၀ ခန့်ကျသင့်ပြီး၊ မိုးရွာသွန်းတာများပါက ၄ ထပ်အထိ စက်ခုတ်ရပေမယ့်၊ ကြံတစ်ဧက အထွက်နှုန်းကတော့ ပျှမ်းမျှ တန် ၂၀၊ ၂၅ တန်မှ မြေနေရာကောင်းပါက တန် ၄၀ လောက်အထိသာ ထွက်ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ကြံရာသီချိန်က ပြည်တွင်းစျေးကွက်မှာ သကြား တစ်ပိဿာကို ၄,၈၀၀ မှ ၅,၁၀၀ ကျပ်အထိ ပေါက်စျေးရှိခဲ့ပြီး၊ အခု ၂၀၂၆ ခုနှစ် အောက်တိုဘာလဆန်းမှာတော့ သကြား တစ်ပိဿာကို ၃,၆၀၀ မှ ၃,၉၀၀ ကျပ်အထိသာ ပေါက်ဈေးရှိနေပါတယ်။
၂၀၂၅_၂၆ ခုနှစ်က ပြည်ပကို သကြား တန်ချိန် ၉၀,၀၀၀ ခန့် တင်ပို့နိုင်ဖို့ လျာထားခဲ့ပေမယ့် လက်ရှိ အချိန်အထိ လျာထားချက်ရဲ့ ၆၀ ရာခိုင်နှုန်းခန့်သာ တင်ပို့နိုင်သေးတယ်လို့ သိရပါတယ်။
“ မနှစ်က သကြားစက်တွေက ဒီလိုမျိုးဖြစ်နေတာ ရှမ်းမြောက်က တစ်သိန်းနဲ့ ၇ သောင်း၊ ရှမ်းတောင်က တောင်ကြီးနားက တောင်လေးလုံးစက်ကကျတော့ တစ်သိန်း ၈ သောင်း၊ နောက်ပြီးကျတော့ ပဲခူး တိုင်း ဘက်က နဝဒေးတို့ဘာတို့ ပဲခူးအနောက်ခြမ်းက ၁ သိန်း ၇ သောင်း၊ တစ်သိန်း ၈ သောင်း၊ ပဲခူး တိုင်း အရှေ့ပိုင်းကကျတော့ ၁ သိန်း ၇ သောင်းလောက်ပေးတာ။ ဈေးတွေကတော့ အမျိုးမျိုး။ အဲဒီ စစ်ကိုင်း တိုင်းက အနည်းဆုံးပဲ။ မနှစ်က စစ်ကိုင်းတိုင်းက တစ်တန်ကိုမှ တစ်သိန်း ၂ သောင်းခွဲပဲပေးတာ အနည်း ဆုံးပဲ။ နောက်လည်းကျတယ် အကုန်လည်း မကြိတ်နိုင်ဘူး။ အကုန်မကြိတ်တော့ တောင် သူတွေက မနှစ်ကကြံတွေ ခုထိ မခုတ်ရသေးဘူး။ မောင်းကုန်းသကြားစက်က အဲလိုမျိုး သူကစက်မလည်ဘူး ဖြစ်သွားတာ။ တခြားစက်တွေတော့ လည်ပါတယ်။ နယ်မြေတော့ အဲလောက်ကြီးတော့ မဆိုးရွားပါ ဘူး။ မလည်တော့ တောင်သူတွေက နစ်နာသွားတယ်။ လျော့မှာ အကုန်လုံးတော့ လျော့မှာ။” လို့ ဦးဝင်းဌေးက ဆက်ပြောပါတယ်။
ကမ္ဘာ့သကြားဈေးကွက်မှာတော့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်က သကြားတစ်တန် အမေရိကန်ဒေါ်လာ ၅၄၀ ခန့်ပေါက်စျေးရှိခဲ့ပြီး၊ အခုနှစ်မှာလည်း သကြား တစ်တန်ကို အမေရိကန်ဒေါ်လာ ၅၄၀ မှ ၅၅၀ ခန့်သာရှိ တဲ့အတွက် တင်ပို့မှုအေးနေတယ်လို့လည်း သကြားကုန်သည်တွေက ဆိုပါတယ်။
သကြားဈေးကျလို့ ကြံဈေးကျတယ်ဆိုပေမယ့် လက်ရှိ ကုန်ဈေးနှုန်း အနေအထားအရ ကြံတစ်တန်စျေး နှုန်းနဲ့ ကြိုတင်ငွေထုတ်ပေးမှုကို အနည်းငယ်တိုးပေးသင့်တယ်လို့ ကြံစိုက်တောင်သူတွေက ထောက်ပြ ပြောဆိုကြပါတယ်။
“ သကြားဈေးမကောင်းတော့ ကြံဈေးတွေက သူတို့ကလည်း ခန့်မှန်းတာ မနှစ်က ဈေးလောက် ပေးပါ့ မလားဆိုတဲ့ စိုးရိမ်စိတ်တွေရှိတာပေါ့။ အဲကျတော့ အသစ်စိုက်ဖို့က နည်းနည်း ခက်သွားတယ်။ နောက် ကျတော့ စိုက်ပျိုးစရိတ်တွေကလည်း တက်ပြီးတော့လေ။ စစ်ကိုင်း တိုင်းဘက်ကတော့ အများကြီး လျော့မှာ ရာခိုင်နှုန်း ၂၀ ကျော်လျော့မှာ။ ဟိုဘက်တွေကျတော့ ၅ ရာခိုင်နှုန်း ၁၀ ရာခိုင်နှုန်းလောက် လျော့နိုင်တယ် တခြားတိုင်းနဲ့ ပြည်နယ်တွေက။ ကြံဈေးက တပြည်လုံး အတိုင်းအတာနဲ့ အနည်းငယ် ကွာဟတာတော့ ပြဿနာမရှိဘူးပေါ့နော်။ အ ရမ်းကွာဟတော့ နည်းနည်းလေးတော့ ဒီဘက်က တောင် သူတွေ နစ်နာတာတော့ ရှိတာပေါ့ ” လို့ ဦးဝင်းဌေးက ဆက်လက်ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ကြံစိုက်ရာသီက ကြံတောင်သူတွေအနေနဲ့ စိုက်ပျိုးစရိတ်၊ စက်သုံးဆီ သွင်းအားစုနဲ့ အလုပ်သမားစရိတ် မြင့်တက်မှုအပြင် လုပ်သားရှားလို့ ကြံစိုက်ပျိုးမှု လျော့ကျခဲ့ပြီး၊ အခုနှစ်မှာလည်း ကုန်ကျစရိတ်နဲ့ ကြံဈေးမမျှပါက ကြံစိုက်ဧက ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ ထပ်မံလျော့ ကျနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
ကြံသီးနှံကို စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းတို့မှာ အဓိကစိုက်ပျိုးပြီး၊ နိုင်ငံတဝန်း သကြားစက်ရုံပေါင်း ၂၃ ရုံကနေ တစ်နှစ်ပျှမ်းမျှ သကြားတန်ချိန် ၄ သိန်းကနေ ၅ သိန်းအထိ ထုတ်လုပ်နေတာ ဖြစ်ပါတယ်။
