နေလှန်းဆား သိုလှောင်ထားတဲ့ ကုန်သည်တွေ အရှုံးပေါ်နေ
The Farmer Times၊ အောက်တိုဘာလ ၂၀ ရက်၊ ၂၀၂၆။
နေလှန်းဆားဈေးနှုန်းတွေ ကျဆင်းနေပြီး ဈေးကွက်မရှိတဲ့အတွက် ကြိုတင်ဝယ်ယူသိုလှောင်ထားတဲ့ ဆားကုန်သည်တွေ အရှုံးပေါ်နေတယ်လို့ ဆားလုပ်ငန်း အသိုင်းအဝိုင်းက သတင်းရရှိပါတယ်။
ပြီးခဲ့တဲ့နှစ်က နေလှန်းဆားကြမ်း တစ်ပိဿာကို ကျပ် ၁,၁၀၀ အထိ စံချိန်တင်ဈေးတက်ခဲ့လို့ ဈေးကွက် ကောင်းမယ်လို့ ခန့်မှန်းပြီး၊ အခုနှစ်နွေရာသီချိန်က ဆားတစ်ပိဿာ ကျပ် ၅၅၀ နဲ့ ဝယ်ယူသိုလှောင်သူ များပြားခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် စျေးကွက်ထဲမှာ အခု ၂၀၂၆ ခုနှစ် ဩဂုတ်လတည်းက ဆားတစ်ပိဿာ ၅၀၀ ကျပ် ဈေးသာ ရှိခဲ့တာကြောင့် သိုလှောင်ထားသူတွေ အရှုံးပေါ်ခဲ့တာ ဖြစ်ပါတယ်။
“ပြီးခဲ့တဲ့နှစ်က ဆားအထွက်နည်း၊ လက်ကျန်လည်း နည်းလို့ ဆားဈေးတက်တယ်။ အဲတာကို ကုန် သည်တွေက လှောင်ထားရင် တက်မှာပဲလို့ ခန့်မှန်းထားကြတယ်။ ပြီးခဲ့တဲ့ ဆားရာသီက ဆားအထွက် က ပုံမှန်ထက် တန် တစ်သောင်းခွဲ၊ နှစ်သောင်းလောက် ပိုထွက်တယ်။ ဈေးကွက်လည်း ဒီနှစ် ဆားဈေး ကွက်မရှိဘူး ဖြစ်သွားတယ်၊ နောက် လုပ်ငန်းရှင်တွေ ကုန်သည်တွေမှာက လက်ကျန်များနေတော့ ဈေး ကျသွားတယ်။ ဆားဈေးကျတာကို လုပ်တဲ့ ဖိုတွေထက် လှောင်သမားတွေ ပိုခံရပါတယ်။ ဈေးကွက်ကို ပုံသေသွားတွတ်လို့ မရဘူးပေါ့ ” လို့ မွန်ပြည်နယ်၊ ဆားလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
နှစ်စဉ် စက်တင်ဘာလနဲ့ အောက်တိုဘာလတို့မှာ ဆားဈေးနှုန်း အမြင့်ဆုံး ရရှိနိုင်တဲ့ အချိန်ဖြစ်လို့ အခုနှစ်မှာ ဆားဈေးပြန်တက်လာဖို့ မလွယ်ကူတော့ဘူးလို့လည်း ဆားလုပ်ငန်းရှင်တွေက သုံးသပ်ကြ ပါတယ်။
“ဆားဈေးက ဒီဈေးတန်းအတိုင်းရှိနေရင်တော့ ဖိုတွေ ထွက်နိုင်မှာပေါ့။ အလုပ်သမား စရိတ်တွေ၊ ဒီ ဇယ်စရိတ်တွေက၊ တခြားအထွေထွေ စရိတ်တွေက အကုန်တက်နေတော့ တစ်ပိဿာ ၅၀၀ အောက် ရောက်သွားရင် တချို့ဖိုတွေ ထွက်နိုင်မှာ မဟုတ်တော့ဘူး။ အစိုးရ ချေးငွေကလည်း ဖိုတစ်ဖို ၅ သိန်း ဆိုပေမယ့် ဧကနည်းတဲ့ လုပ်ကွက်ငယ်လေးတွေဆို မရတာများပါတယ်။ ကိုယ့်အရင်းနဲ့ ကိုယ်လုပ်ရတာ ဆိုတော့ ဈေးမကောင်းရင် အလကားပဲလေ။ ပြီးခဲ့တဲ့ ဆားရာသီချိန်မှာတော့ အဆင်ပြေခဲ့တယ်။ ဒီ နှစ်က ခန့်မှန်းဖို့ စောပါသေးတယ် ” လို့ မွန် ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှ ဆားတောင်သူ ဦးဝင်းမြင့်က ပြောပါတယ်။
လက်ရှိ ဆားသိုလှောင်ထားတဲ့ လုပ်ငန်းရှင်၊ ကုန်သည်တွေအနေနဲ့ ဆားသစ်မပေါ်ခင် လာမယ့်နှစ်ဆန်း ပိုင်းထိ ဈေးကွက်စောင့်ကြည့်နေကြဆဲဖြစ်ပြီး၊ အခုနှစ်ကုန် ဒီဇင်ဘာလလောက်မှာ ရရှိမယ့်ဈေးနဲ့ သာ ထုတ်ရောင်းရတော့မှာ ဖြစ်ပါတယ်။
မွန်ပြည်နယ်က ထွက်ရှိတဲ့ ဆားတွေကို မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းနဲ့ ပဲခူးတိုင်းတို့ကို ဖြန့်ဖြူးရောင်းချနေတာ ဖြစ်ပါတယ်။
