နိုဝင်ဘာလ ၁၄ ရက်ထိ မိုးသည်းထန်စွာ ရွာသွန်းမှာဖြစ်ပြီး၊ ရေကြီးရေလျှံမှုတွေနဲ့ တောင်ပြိုလမ်း ပိတ်ဆို့မှုတွေ ဆက်လက်ဖြစ်ပွားနေ
The Farmer Times၊ နိုဝင်ဘာလ ၁၂ ရက်၊ ၂၀၂၆။
နိုဝင်ဘာလ ၁၂ ရက်၊ မနက်ပိုင်း ၇ နာရီ တိုင်းတာချက်များအရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ အ နောက်အလယ်ပိုင်းတို့မှာ တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေတဲ့အတွက် လာမယ့် နိုဝင်ဘာလ ၁၄ ရက်နေ့အထိ မိုးသည်းထန်စွာ ရွာသွန်းမှာဖြစ်ပြီး၊ ရေကြီးရေလျှံမှုတွေနဲ့ တောင်ပြိုလမ်း ပိတ်ဆို့မှု တွေ ဆက်လက်ဖြစ်ပွားနိုင်တယ်လို့ မိုးလေဝသ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။
ခန့်မှန်းချက်အရ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ နေရာကျဲကျဲ၊ နေပြည်တော်၊ ပဲခူးတိုင်းဒေ သကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ရှမ်းပြည် နယ်၊ ကရင်နီပြည် နယ်များ အပါအဝင် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ် ချုန်းရွာသွန်းပြီး၊ ရန်ကုန် တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှာ နေရာကွက်ကြား မိုးကြီးနိုင်ပြီး၊ ရွာရန် ရာနှုန်း ပြည့် ဖြစ်တယ်လို့ စစ်အစိုးရဲ့ နေပြည်တော်အခြေစိုက် မိုးလေဝသနဲ့ ဇလဗေဒဌာနကလည်း ထုတ်ပြန် ထားပါတယ်။
အခုရက်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်မှုကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး၊ အောင်ပန်း၊ ညောင်ရွှေ၊ ကလောမြို့များ အပါအ ဝင် နေရာဒေသအများအပြားမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားပြီး က လောမြို့ အဆင်းလမ်းဘက်ခြမ်းမှာ တောင်ပြိုကျနေတာကြောင့် လမ်း ပိတ်ဆို့မှုတွေလည်း ဖြစ်ပွားနေ တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကလောမြို့ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာအတွင်းကလည်း ရေကြီးမြေပြိုမှုကြောင့် လူပေါင်း ၅၀ ကျော် သေဆုံးမှု ဖြစ်ပွားခဲ့ဖူးပါတယ်။
နိုဝင်ဘာလ ၈ ရက်နေ့ ညနေပိုင်းကစတင်လို့ မိုးအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် ရှမ်းပြည်နယ်တောင် ပိုင်းက တောင်ကြီးမြို့မှာ နှစ်ပေါင်း ၅၂ နှစ်အတွင်း စံချိန်တင်မိုးရေချိန် ရွာသွန်းခဲ့ပြီး ကန်ကြီးရပ်ကွက်၊ ပြည်တော်သာရပ်ကွက်နဲ့ ကန်သာယာရပ်ကွက်တို့ အပါအဝင် ရွှေညောင်မြို့ မင်္ဂလာရွှေဗဟိုရပ်ကွက်နဲ့ ရတနာရပ်ကွက်တို့မှာလည်း ရေကြီးနစ်မြုပ်မှုတွေကြောင့် အိမ်ထောင်စုပေါင်း ၁၀၀ ကျော် ရေဘေးရှောင်စ ခန်းကို ပြောင်းရွှေ့ခဲ့ရတယ်လို့ ဒေသခံ ပရဟိတအဖွဲ့တွေက ပြောဆိုထားပါတယ်။
ကလောမြို့မှာတော့ မြို့ပေါ် လူနေရပ်ကွက်တချို့ ရေနစ်မြုပ်နေပြီး မြို့အဝင်လမ်းတွေမှာ မြေပြိုမှုတွေ ဖြစ်ပေါ်ပြီး လမ်းပိတ်ဆို့မှုတွေ ကြုံတွေ့နေရပါတယ်။ အောင်ပန်းမြို့မှာလည်း ချောင်းရေလျှံတက်ပြီး လူနေရပ်ကွက်နဲ့ လမ်းမတွေပေါ်ကို ရေကျော်ဝင်ရောက်လျက်ရှိပါတယ်။
ညောင်ရွှေမြို့နယ်မှာတော့ သာစည်ရေလှောင်တမံဘက်က ရေလျှံကျမှုနဲ့ မိုးဆက်တိုက်ရွာသွန်းမှုတို့ ကြောင့် မြို့ပေါ်ရပ်ကွက်တွေနဲ့ အင်းလေး ကန်ဝန်းကျင်က ကျေးရွာတချို့မှာ ရေဝင်ရောက်မှုတွေကြောင့် ဒေသခံတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းနေရပါတယ်။
ဟိုပုံးမြို့နယ်မှာတော့ ချောင်းရေလျှံတက်မှုနဲ့အတူ တောင်ကျရေစီးဆင်းမှုများကြောင့် မြေနိမ့်ပိုင်းနေ ရာတွေမှာ ရေကြီးရေလျှံမှုတွေနဲ့ မြေပြိုမှုတွ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။
မောက်မယ်မြို့နယ်မှာတော့ လင်းခေးခရိုင်အတွင်းက မောက်မယ်မြို့ ဈေးတန်းရပ်ကွက်မှာ နေအိမ်တွေ ရေနစ်မြုပ်နေတဲ့အတွက် မီးသတ်တပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနေရပါတယ်။
လွိုင်လင်မြို့နယ်မှာတော့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့နယ်အတွင်း ရေကြီးရေလျှံမှုတွေ ဖြစ် ပေါ်နေတဲ့အပြင် ပင်လုံမြို့နဲ့ မိုင်းပွန်မြို့တို့မှာလည်း ပွန်ချောင်းရေလျှံတက်ပြီး တောင်ကြီး-လွိုင်လင် ကားလမ်းမပေါ်ကို ရေကျော်မှုတွေ ဖြစ်ပွားနေပါတယ်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေဖြစ်တဲ့ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့မှာလည်း ရေ ကြီးရေ လျှံမှုတွေ ဖြစ်ပေါ်နေတဲ့အပြင် ပင်းတယ-ရွာငံ ကားလမ်းပိုင်းမှာလည်း မြေပြိုပြီး လမ်းပိတ်ဆို့မှုတွေ ဖြစ်ပွားနေပါတယ်။
ရပ်စောက်မြို့နယ်၊ ဆီဆိုင်မြို့နယ်၊ လဲချားမြို့နယ်နဲ့ ခိုလမ်မြို့တို့မှာလည်း မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပါတယ်။
အလားတူ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာလည်း မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ ချောင်းရေလျှံတက်လာတာကြောင့် လူနေအိမ်၊ စာသင်ကျောင်းတွေ အပါအဝင် စစ်ရှောင်စခန်း တွေ လည်း ရေနစ်မြှုပ်နေတယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။
လတ်တလောမှာ ရေကြီးရေလျှံမှုကြောင့် အိမ်ခြေ ၃၆ စုရှိတဲ့ လွိုင်နန်းဖ အိုအေစစ် စစ်ရှောင်စခန်းမှာ စာသင်ကျောင်းတွေ ပိတ်ထားရသလို၊ စာနပ်ရိက္ခာနဲ့ အမိုးအကာ၊ ဆေးဝါးတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောဆိုထားပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်အတွင်းမှာ စိုက်ပျိုးထားတဲ့ ယာပဲသီးနှံ စိုက်ခင်းတွေလည်း ရေလွှမ်းနစ်မြုပ်မှုတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
