July 22, 2026

ကွန်ဂိုနဲ့ ယူဂန်ဒါမှာ အီဘိုလာကြောင့် လူ ၈၈ ဦး သေဆုံးပြီးနောက် WHO က ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာ

The Farmer Timesမေလ ၁၇ ရက်၊ ၂၀၂၆

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC)နဲ့ အိမ်နီးနားချင်း ယူဂန်ဒါနိုင်ငံတို့မှာ အီဘိုလာ (Ebola) ရောဂါ ကူးစက်မှုအတွင်း သံသယရှိသူ ၃၀၀ ကျော်လာပြီး၊ သေဆုံးသူ ၈၈ ဦးအထိ ရှိလာတာကြောင့် “နိုင်ငံ တကာအဆင့် အများပြည်သူကျန်းမာရေး အရေးပေါ်အခြေအနေ” အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မေလ ၁၇ ရက်(တနင်္ဂနွေနေ့) မှာ တရားဝင် ကြေညာလိုက်ပါတယ်။

ဒီကူးစက်မှုဟာ ကိုဗစ်-၁၉ လို ကမ္ဘာအနှံ့ ကူးစက်မြန်ကပ်ရောဂါ (Pandemic) အဆင့် သတ်မှတ်ချက် နဲ့တော့ မကိုက်ညီသေးတာကြောင့် နိုင်ငံတကာ နယ်စပ်ဂိတ်တွေကို ပိတ်ပစ်တာမျိုး မလုပ်ဖို့ WHO က အကြံပြုထားပါတယ်။

လတ်တလောမှာ ဗိုင်းရပ်စ်စတင်ရာ ကွန်ဂိုနိုင်ငံအရှေ့ပိုင်း အီတူရီ (Ituri) ပြည်နယ်နဲ့ ကီလိုမီတာ ၁,၀၀၀ ဝန်းကျင်ဝေးတဲ့ ကွန်ဂိုမြို့တော် ကင်ရှာဆာ (Kinshasa) မှာပါ ဓာတ်ခွဲခန်း အတည်ပြုလူနာတစ်ဦး တွေ့ရှိ ထားသလို၊ အိမ်နီးနားချင်း ယူဂန်ဒါနိုင်ငံရဲ့မြို့တော် ကမ်ပါလာ (Kampala) မှာလည်း ကွန်ဂိုက လာသူ ၂ ဦးဆီမှာ ရောဂါပိုး တွေ့ရှိပြီး ၁ ဦး သေဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။

WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရိုစ် အัดဟာနွန် ဂေဘရီယေဆုက ” လက်ရှိမှာ ကူးစက်ခံရသူ အရေ အတွက် အတိအကျနဲ့ ဘယ်လောက်အထိ ပျံ့နှံ့သွားပြီလဲဆိုတာ သေချာမသိရသေးဘဲ မရေမရာ ဖြစ်နေပါတယ်။ စစ်ဆေးချက်တွေအရ ပိုးတွေ့နှုန်း မြင့်မားနေတာ၊ မြို့တော်ကြီးတွေအထိ ရောက်လာ တာတွေကြောင့် တကယ်တမ်း ကူးစက်မှုဟာ အခုထက် အများကြီး ပိုကြီးမားနိုင်တယ်” လို့ သတိ ပေးထားပါတယ်။

အခုတစ်ကြိမ် ကူးစက်မှုကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ဟာ “ဘွန်ဒီဘူဂျို (Bundibugyo virus)” အမျိုးအစား ဖြစ်ပြီး ကမ္ဘာပေါ်မှာ အတည်ပြုထားတဲ့ ကုသဆေး ဒါမှမဟုတ် ကာကွယ်ဆေး မရှိသေးဘူးလို့ ဆိုပါ တယ်။

ကွန်ဂိုနဲ့ ယူဂန်ဒါမှာ အီဘိုလာအကြိမ် ၂၀ ထက်မနည်း ဖြစ်ဖူးပေမယ့် ဒီဗိုင်းရပ်စ်မျိုးဗီဇကို တွေ့ရတာ ဒါဟာ တတိယအကြိမ်မြောက်ပဲ ရှိပါသေးတယ်။ အရင်က ၂၀၀၇ ခုနှစ် ယူဂန်ဒါမှာ တစ်ကြိမ် (၁၄၉ ဦး ကူးစက်၊ ၃၇ ဦးသေဆုံး) နဲ့ ၂၀၁၂ ခုနှစ် ကွန်ဂိုမှာ တစ်ကြိမ် (၅၇ ဦးကူးစက်၊ ၂၉ ဦးသေဆုံး) သာ ဖြစ် ပွားခဲ့ဖူးပါတယ်။

အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစနစ် (Africa CDC) ရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဂျင်းကက်ဆီယာ (Dr. Jean Kaseya) က ရောဂါရှာဖွေတွေ့ရှိမှု နောက်ကျတာကြောင့် ရောဂါထိန်းချုပ်ဖို့ ခက်ခဲသွားရတာဖြစ်တယ်လို့ ဆိုပါတယ်။

ကနဦးသံသယလူနာ (အသက် ၅၉ နှစ်အရွယ်အမျိုးသား) ဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်ကတည်းက ရောဂါလက္ခဏာပြပြီး ဧပြီ ၂၇ မှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း ကျန်းမာရေးဌာနတွေက မေလ ၅ ရက်နေ့ လူမှုကွန်ရက်ပေါ်က သတင်းတွေကနေတစ်ဆင့် သိရှိချိန်မှာ လူပေါင်း ၅၀ ကွယ်လွန်ပြီး ဖြစ်နေပါတယ်။ အခုဆိုရင် ရောဂါလက္ခဏာပြပြီး သေဆုံးရတဲ့ ကျန်းမာရေးဝန်ထမ်း ၄ ဦးထက်မနည်း ရှိနေပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ရောဂါဖြစ်ပွားရာ မိုင်းတွင်းဒေသတွေမှာ လူဦးရေရွှေ့ပြောင်းမှု များပြားတာ၊ အစ္စလမ္မစ်နိုင်ငံ တော် (IS) အဖွဲ့နဲ့ ဆက်နွှယ်တဲ့ လက်နက်ကိုင်သူပုန်တွေရဲ့ တိုက်ပွဲတွေကြောင့် လူနာတွေကို လိုက်လံရှာ ဖွေဖို့နဲ့ ထိန်းချုပ်ဖို့ ပိုမိုခက်ခဲနေရတာ ဖြစ်ပါတယ်။

လက်ရှိမှာ ဒီဗိုင်းရပ်စ်အတွက် ကုသနိုင်မယ့် နည်းလမ်း ၄ မျိုးကို စဉ်းစားနေပေမယ့် ကာကွယ်ဆေး ထုတ်ဖို့တော့ မရှိသေးပါဘူး။ Africa CDC ရဲ့ အကြီးတန်းအကြံပေး ရှာနယ်ဟောလ် (Shanelle Hall) က အီဘိုလာဗိုင်းရပ်စ်တွေအတွက် ကာကွယ်ဆေးတွေရှိပေမယ့် အာဖရိကတိုက်မှာ ကိုယ်တိုင်ထုတ်လုပ် နိုင်ခြင်းမရှိဘဲ ချမ်းသာတဲ့ နိုင်ငံတွေဆီကပဲ မျှော်လင့်နေရတာက အဓိက ပြဿနာဖြစ်တယ်လို့ ထောက် ပြထားပါတယ်။

Ref:AP

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.