The Farmer Times၊ မေလ ၁၉ ရက်၊ ၂၀၂၆
တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ အာဏာသိမ်းစစ်တပ် တိုက်ရေ ယာဉ် (Navy) ပေါ်ကနေ လက်နက်ကြီးနဲ့ လှမ်းပြီးပစ်ခတ်ခဲ့တဲ့အတွက် အသက် ၆၀ ကျော် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ပြီး၊ ဆရာတော်တစ်ပါး အပါအဝင် ဒေသခံပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဇင်ချောင်းပင်လယ်ပြင်မှာ ရပ်တန့်ထားတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ တိုက်ရေယာဉ်ဟာ ရွာသစ်ကေ၊ ပေါက်ပင်ရွာနဲ့ ဇင်ချောင်းကုန်ဘွေရွာတွေဘက်ကို ည ၁၀ နာရီဝန်းကျင် အချိန်မှာ လက် နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ လက်နက်ကြီးကျည်တွေဟာ ရွာသစ်ကေကျေးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေါ်စံအေးနု (၆၃) နှစ် သေဆုံးခဲ့ရပြီး၊ မနန္ဒာအောင် (၁၄) နှစ်၊ ဒေါ်မဝင်း (၃၅) နှစ်၊ ဦးကျော်စိုးမိုး (၃၉) နှစ်၊ ဦးစိုးတင် (၆၀) နှစ်နဲ့ ဦးမောင်ဖိုးယိုင် (၇၉) နှစ်တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။
ဒါ့အပြင် လက်နက်ကြီးကျည်တွေဟာ ပေါက်ပြင်ရွာ ဘုန်းကြီးကျောင်းခြံဝန်းထဲကိုလည်း ကျရောက် ပေါက်ကွဲခဲ့တာကြောင့် သက်တော် ၅၉ နှစ်ရှိပြီဖြစ်တဲ့ ဆရာတော် ပညာဝံသနဲ့ မအေးငြိမ်းသူ (၁၇) နှစ်တို့ ဒဏ်ရာအသီးသီး ရရှိခဲ့တဲ့အပြင် ဘုန်းကြီးကျောင်းဆောင်ပါ တစ်ခြမ်း ပြိုကျပျက်စီးသွားခဲ့ရပါတယ်။ လက်ရှိမှာတော့ ဒဏ်ရာရရှိခဲ့တဲ့ ဆရာတော်နဲ့ အရပ်သား ၆ ဦးဟာ အရေးပေါ် ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
ကျန်တဲ့ လက်နက်ကြီးကျည်တစ်လုံးကတော့ ဇင်ချောင်းကုန်ဘွေရွာထဲကို ကျရောက်ခဲ့တာကြောင့် ဦးမင်းနိုင်ဦးနဲ့ ဦးကျော်တို့ရဲ့ နေအိမ်နှစ်လုံးနဲ့ အိမ်တွင်းပစ္စည်းတွေ ထိခိုက်ပျက်စီးသွားခဲ့ရပါတယ်။














