မြ၀တီအမှတ်( ၂ ) တံတားပြန်ဖွင့်လိုက်ပေမယ့် သွင်းလာတဲ့ကုန်ကို သိမ်းဆည်းပြီး၊ လူကိုထောင်ချနေလို့ အခက်တွေ့နေတယ်လို့ ကုန်သည်တွေ ပြော

The Farmer Times၊ ဇွန်လ ၁ ရက်၊ ၂၀၂၆။ မြ၀တီအမှတ် -၂ ချစ်ကြည်ရေးတံတားကို ပြန်ဖွင့်ပေးလိုက်ပေမယ့် ကုန်ကားတွေကို တရားဝင် ဖြတ် သန်းသွားလာခွင့် မပေးသေးတဲ့အတွက် ကုန်သွယ်မှုတွေ ပြန်မစနိုင်သေးဘူးလို့ နယ်စပ်ကုန်သည်တွေနဲ့ မြ၀တီကုန်ကားသမားတွေက ပြောပါတယ်။ မြ၀တီအမှတ်- ၂ ချစ်ကြည်ရေးတံတားကို ပြီးခဲ့တဲ့..

The Farmer Times၊ ဇွန်လ ၁ ရက်၊ ၂၀၂၆။

မြ၀တီအမှတ် -၂ ချစ်ကြည်ရေးတံတားကို ပြန်ဖွင့်ပေးလိုက်ပေမယ့် ကုန်ကားတွေကို တရားဝင် ဖြတ် သန်းသွားလာခွင့် မပေးသေးတဲ့အတွက် ကုန်သွယ်မှုတွေ ပြန်မစနိုင်သေးဘူးလို့ နယ်စပ်ကုန်သည်တွေနဲ့ မြ၀တီကုန်ကားသမားတွေက ပြောပါတယ်။

မြ၀တီအမှတ်- ၂ ချစ်ကြည်ရေးတံတားကို ပြီးခဲ့တဲ့ မေလ ၂၈ ရက်၊ နံနက် ၆ နာရီက မြန်မာဘက်ခြမ်းက ပြန်လည်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီး၊ တံတားဖွင့်လှစ်လိုက်ပေမယ့် ကုန်ကားအဝင် မရှိသေးသလို၊ နယ်စပ် ကုန်သွယ်ရေး ပြန်လည်ကောင်းမွန်လာဖို့က ပို့ကုန်တွေကိုသာမက သွင်းကုန်တွေအတွက်ပါ ဖြေလျော့ ပေးမှ အဆင်ပြေနိုင်မယ်လို့ မြ၀တီနယ်စပ် စီးပွားရေး လုပ်ငန်းရှင်တွေက ပြောဆိုကြပါတယ်။

မြ၀တီနယ်စပ် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက” လုံခြုံရေးအရရှိလို့ သူတို့က လုံးဝသတင်းမကြေညာ ပဲနဲ့ ဒီဘက်က ရှင်းရှင်းပြောရင် တိတ်တဆိတ် ဖွင့်ပေးလိုက်တယ်ပေါ့ဗျာ။ ဒါပေမယ့် မြန်မာပြည်ဘက် ကနေပြီးတော့မှ သွင်းကုန်လိုင်စင်တွေကို တအားစိစစ်နေတယ်ဆိုတဲ့ ကိစ္စလည်းရှိတယ်။ ပြောရရင် တံတားဖွင့်တာနဲ့ ကုန်သွယ်ရေးက လုပ်လို့မရဘူး။ အထူးအားဖြင့် ကျွန်တော်တို့ တရုတ်- မူဆယ် လမ်း ကြောင်းလည်း ပွင့်သွားတာပဲ ဒါပေမယ့် ကုန်စည်စီးဆင်းမှုက တော်တော်ခက်တယ်။ ခိုးသွားနေရ တယ်။ ခိုးသွားနေရတဲ့ အခါကျတော့လမ်းမှာ အတားအဆီတွေလည်း ကျော်လွှားရတဲ့အခါကျတော့ ကုန်ကျစရိတ်တွေက ပိုကုန်၊ အဲကုန်လာတဲ့ ကုန်ကျစရိတ်တွေကလည်း နောက်ဆုံး ပြည်သူပဲခံရတာ။” လို့ ပြောပါတယ်။

မြန်မာ- ထိုင်းနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ အဆိုပါ မြ၀တီ- မဲဆောက် အမှတ် ၂ ချစ်ကြည် ရေးတံတားကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၈ ရက်လို့ စစ်ရေးပဋိပက္ခတွေကြောင့် မြန်မာဘက်က ယာယီပိတ်ထားခဲ့ရာကနေ နောက်ပိုင်းမှာတော့ ပြည်တွင်းအသေးစား၊ အလတ်စားလုပ်ငန်းရှင်များ (MSMEs) တွေကို ကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းစစ်တပ်က ဆက်လက်ပိတ်ပင် ထားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်က မြန်မာဘက်က ပို့ကုန်တချို့အတွက် လိုင်စင်ပြန်ချထားပေးခဲ့ပေမယ့် ထိုင်း ဘက်က သွင်းကုန်အတွက်တော့ လိုင်စင်ချထားပေးတာမျိုး မရှိသေးဘဲ ဆက်လက်ပိတ်ပင်ထားပြီး ၊ တင်သွင်းလာတဲ့ ကုန်စည်တွေကိုလည်း အာဏာသိမ်းစစ်တပ်နဲ့ အကောက်ခွန်ဌာန ပူးပေါင်းအဖွဲ့တွေက တရားမဝင်ကုန်စည်အဖြစ် သိမ်းယူတဲ့အပြင် ကုန်သည်တွေကိုလည်း တရားမဝင် ကုန်သွယ်မှုဖြင့် ဖမ်း ဆီးထောင်ချတာတွေကိုလည်း လုပ်ဆောင်နေတယ်လို့ မြ၀တီ- ဘားအံ ကုန်ကားမောင်းသူတွေက ပြော ပါတယ်။

မြ၀တီ- ဘားအံ ကုန်ကားသမား ကိုနိုင်ကြီး ” အမှတ် ၂ တံတားတောင်မှ ဖွင့်ခဲ့ရင် လျာထားတုန်းပဲ ရှိ သေးတယ်။ တကယ့်အမြင်တော့ မဖွင့်သေးပါဘူး။ အခြေအနေကတော့ မကောင်းပါဘူး။ အမှန်အ တိုင်း ပြောရရင်တော့။ ကျွန်တော်တို့လည်း ဒီ တိုင်းပဲ ရှောင်ရှားပြီး သယ်နေရတာပေါ့။ အကုန်လုံး ကတော့ မြဝတီကနေ ဘားအံအထိ အကုန်တင်းကြပ်တာပဲ။ ” လို့ ပြောပါတယ်။

ကုန်သွယ်ရေးမှာ အရေးပါတဲ့ ကရင်ပြည်နယ် ဘားအံ- ကော့ကရိတ်- မြ၀တီ အာရှလမ်းမကြီးကို ပြီးခဲ့ တဲ့ ဧပြီလက အာဏာသိမ်းစစ်တပ်က ဟန်ပြပြန်ဖွင့်ခဲ့ပေမယ့် ကုန်သွယ်မှုတွေ ပြန်လည်လုပ်ဆောင်နိုင် ခဲ့တာ မရှိဘူးလို့ ကုန်သည်တွေက ဆိုပါတယ်။

အမှတ် ၂ တံတားပြန်ဖွင့်ပြီး ပို့ကုန်နည်းတူ ကုန်ပစ္စည်းတင်သွင်းခွင့် ပြန်လည်ရရှိမယ်ဆိုပါက ပြည် တွင်းမှာ ကုန်ဈေးနှုန်းများ အထိုက်အလျောက် ပြန်လည်ကျဆင်းလာနိုင်မယ်လို့ စီးပွားရေးလုပ်ငန်းအသိုင်း အဝိုင်းက သုံးသပ်ကြပါတယ်။

မြ၀တီနယ်စပ် စီးပွားရေးလုပ်ငန်းရှင် “ ကုန်သည်က မရရအောင် သူကကျော်မှာပဲ။ ပြည်သူကလည်း လိုအပ်တဲ့ ကုန်တွေဆိုတော့ဗျာ နောက်ဆုံး ပဲငံပြာရည်အကြည် ယိုးဒယားထုတ်ကို သုံးကြသူတွေ များ တယ်။ မြန်မာပြည်ကုန် တော် တော်များများကလည်း Quality မမှီတော့ အဲတာမျိုး တွေရှိတာပေါ့။ အဲတာတွေ အပေါ်မှာလည်း အဓိက အခြေခံစားစရာမုန့်က အစပေါ့ဗျာ အခက်အခဲတွေ အများကြီး ရှိတယ်။ အဲတာတွေကိုတော့ ကျွန် တော်တို့က ကုန်သွယ်မှု ရပ်ဆိုင်းသွားရင်တော့ တော်တော်အခက်အခဲရှိတယ်။ အဲတော့ တံတားဖွင့်တယ် ဆိုသော်ငြားလည်းပဲ ကုန်သွယ်မှု လမ်းကြောင်းအတိုင်း မသွားနိုင်ရင်တော့ ပြသနာရှိနိုင်တယ်။ တံတားဖွင့်လိုက်တော့ Export သွားနိုင်တာတော့ ကျွန်တော်တို့ ကြို‌ဆိုပေမယ့် Import ပိုင်းကိုလည်း အကန့်အသတ်နဲ့ ခွင့်ပြုသင့်တယ်လို့ပဲ မြင်တယ်ဗျ ” လို့ ပြောပါတယ်။

ဘားအံ-မြ၀တီ အာရှလမ်းမကြီး တလျောက်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ ၂၀၂၄-၂၀၂၅ ခုနှစ်တွေအ တွင်းမှာ နယ်စပ်ကုန်သွယ်ရေး လုပ်ဆောင်သူတွေနဲ့ ခရီးသွားတွေဟာ ထို့ကော်ကိုး၊ ကြက်ဥတောင်နဲ့ ၁၀၁၈ လမ်းကြောင်းတွေကနေ ဒေသခံ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အခွန်ပေးပြီး ကုန် စည်တင်သွင်းမှုတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် တင်သွင်းလာတဲ့ ကုန်စည်တွေကို တရားမဝင်ကုန်စည်အဖြစ် သတ်မှတ်ပြီး လမ်းတလျှောက် စစ်ဆေးရေးဂိတ်တွေမှာသာမက ရန်ကုန်၊ မန္တလေးက ဂိုထောင်တွေနဲ့ လက်လီစျေးဆိုင်များအထိပါ စစ် ဆေးဖမ်းဆီး၊ ထောင်ချမှုတွေကို ယနေ့အချိန်ထိ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာ တင်သွင်းလာသူ ကုန်သည်ကိုသာမက ယာဉ်မောင်းတွေနဲ့ ဂိတ်တာဝန်ရှိသူတွေကိုပါ ဖမ်းဆီးအရေးယူတာတွေ ရှိလာတယ်လို့ ကုန်ကားမောင်းသူတွေက ဆိုပါတယ်။

မြ၀တီ- ဘားအံ ကုန်ကားသမား ကိုနိုင်ကြီး “ လမ်းကြောင်းပါ။ ဘားအံထဲမှာလည်း တင်းကြပ်တာပဲ။ မြဝတီမှာလည်း တင်းကြပ်တာပဲ။ ဒီဘက် ဆင်းလိုက်ရင်လည်း ညောင်ခါးရှည်ကို တင်းကြပ်တာပဲ။ မော်လမြိုင်မှာဆိုလည်း အကုန်လုံးတင်း ကြပ်တာပဲ။ ဒီလိုပဲ ထိန်းမျှားသယ်နေရတာပေါ့။ ဖွင့်မှာက တော့ အရင်တည်းက ကြားထားတာပါ့။ အဲဒါ တွေ ဖွင့်မှလည်း လိုင်စင်တွေရှိမှ တရားဝင်ကားတွေက ဆင်းလို့ရမှာ ” လို့ ပြောပါတယ်။

လတ်တလောမှာ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်းတွေကို တရားမဝင်ကုန်စည်အဖြစ် သတ် မှတ်ပြီး ဖမ်းဆီးအရေးယူတာတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ဈေးကွက်ထဲမှာ ကုန်ပစ္စည်းပြတ် လပ်မှုတွေ ဖြစ်ပေါ်နေပြီး၊ စျေးနှုန်းအဆမတန် မြင့်တက်လာတဲ့အတွက် အာ ဏာသိမ်းစစ်ခေါင်း ဆောင် မင်းအောင်လှိုင်ကို စီမံခန့်ခွဲမှုညံ့ဖျင်းတဲ့ “သမ္မတ အတု” လို့ ပြည်သူတွေက ပြစ်တင်ဝေဖန်နေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You May Have Missed