စပါးမျိုးစေ့တွေ ရေနစ်ပျက်စီးကုန်လို့ စိုက်စရိတ် မြင့်တက်နေတဲ့ကြားက နှစ်ခါပြန်စိုက်ရမယ့် အခြေ အနေနဲ့ လယ်သမားတွေ ရင်ဆိုင်နေ
The Farmer Times၊ ဇွန်လ ၂၀ ရက်၊ ၂၀၂၆
ပြည်ခရိုင်မှာ မိုးစပါးတွေ စတင်ကြဲပက်ချိန်အတွင်း မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ပျိုးပင် ပေါက်တွေ ရေနစ်ပျက်စီးမှု ဖြစ်ပွားခဲ့တဲ့အတွက် နောက်တစ်ကြိမ် ပြန်စိုက်ရမယ့် အခြေအနေနဲ့ လယ်သမားတွေ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
အခုနောက်ပိုင်း ပြည်ခရိုင်မှာ မိုးစပါးကို ပျိုးထောင်ပြီး စိုက်ပျိုးခြင်းအစား၊ စပါးမျိုးစေ့ကို အစေ့အတိုင်း ကြဲပက်ပြီး စိုက်ပျိုးနည်းစနစ်ကို ပြောင်းလဲစိုက်ပျိုးနေကြတာ ဖြစ်ပါတယ်။
ဒါကြောင့် စပါးမျိုးစေ့ ကြဲပြီးချိန်မှာ မိုးဆက်တိုက် ရွာသွန်းခဲ့တဲ့အတွက် လယ်တွေထဲ ရေဝင်ရောက်မှု များပြီး၊ စပါးစေ့တွေ ရေနစ်မြုပ်ပြီး ပုပ်သွားတာလို့ ဆိုပါတယ်။
” မိုးလွတ်ပြီဆိုပြီး ကြဲလိုက်တာ။ စပါးကြဲပြီး နောက်ရက် ရွာတာပဲ။ တနေကုန်ချည်း ဆက်တိုက် ရွာတာ။ စပါးခင်းတွေ အကုန်ရေဝင်၊ ရေကထုတ်မရနဲ့ဆိုတော့ ရေမြုပ်တာကြာပြီး စပါးစေ့တွေက ပုပ်သွားတယ်။ အဲဒီတော့ အခု မျိုးစပါးထပ်ဝယ်ပြီး ရေစိမ် ထပ်ကြဲနေရတယ်။ တချို့ဆို လုံးလုံးမ ပေါက်လို့ စက်နဲ့ပြန်မောင်းပြီး ထပ်ကြဲနေရတယ်။ စပါးစျေးက ဘယ်လောက်လာမယ် မသိသေးဘူး။ အခုစိုက်ပျိုးစရိတ်တင် နှစ်ဆကုန်နေပြီ။ ” လို့ ပြည်ခရိုင်က လယ်သမား ဦးလှိုင်ဝင်းက ပြောပါတယ်။
လက်ရှိမှာ စပါးမျိုးစျေးက တောင်သူအချင်းချင်း ပြန်လည်ရောင်းချရာမှာ တစ်တင်းကို ၂၀,၀၀၀ မှ ၂၅၀၀၀ ကျပ်ဝန်းကျင် ပေါက်စျေးသာရှိပေမယ့်၊ မျိုးစေ့ရောင်းချတဲ့ ဆိုင်တွေမှာတော့ မျိုးစပါး တစ်တင်းကို ၄၀,၀၀၀ ကျပ်လောက်ထိ ပေါက်စျေးရှိနေပါတယ်။
စိုက်ခင်းပျက်စီးသွားတဲ့ တောင်သူတွေအနေနဲ့ စိုက်ပျိုးစရိတ် နှစ်ဆကုန်ကျမှာ ဖြစ်တဲ့အတွက် လယ် တစ်ဧကကို ၄ သိန်းကျပ်လောက် ကုန်ကျစာရိတ် ရှိလာမှာဖြစ်ပါတယ်။
” စက်မောင်းခက ရိုလီတစပ် ၁၂၀,၀၀၀ ကျပ်လေ၊ နောက်ထပ် တကြိမ်မောင်းရတော့ ၁၂၀,၀၀၀ ထပ် ကုန်တယ်။ မျိုးစပါးက တဧကကို ၃ တင်း ကြဲရတယ်။ ခုထပ်ကြဲရတော့ ၆ တင်းကုန်တယ်။ ၁၂၀,၀၀၀ ကျသွားတယ်။ အလုပ်သမားခက စပါးသယ်ခနဲ့ ကြဲခက ၃၅,၀၀၀ ကျသွားတယ်။ အဲဒါ လောလော ဆယ် ကုန်နေတဲ့ စရိတ်ပဲရှိသေးတယ်။ နောက်လာမယ့် ပေါင်းသတ်ဆေး၊ ပိုး သတ်ဆေး၊ မြေဩဇာ မပါ သေးဘူး။ ရိတ်ခမပါသေးဘူး။ ဒီနှစ် အယ်လ်နီညိုဆိုတော့ စပါးကလည်း ထင်သလောက် မထွက်နိုင်ဘူး ။ ” လို့ ပေါင်းတလည်မြို့နယ်က တောင်သူ ဦးစိုးဝင်းက ပြောပါတယ်။
ဒီနှစ်မှာ အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်ကြောင့် မုန်တိုင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းမှု အပါအ ဝင် အပူချိန်ပြင်းထန်တာ၊ ရေရှားပါးတာ စတဲ့အခြေအနေတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် စပါးစိုက်ပျိုးမှု လျော့ ကျပြီး၊ အထွက်နူန်းပါ လျော့ကျနိုင်တယ်လို့လည်း ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။
ဒါကြောင့် ဒီဇယ်ဆီ အပါအဝင် စိုက်ပျိုးရေး သွင်းအားစုစျေးနှုန်းတွေ အဆမတန် မြင့်တက်နေတဲ့ အခု လိုကာလမှာ အထွက်နူန်းလျော့ပြီး စပါးစျေးပါ ထပ်မံကျဆင်းပါက တောင်သူတွေအနေနဲ့ စိုက်စရိတ် ဆုံးရှုံးမှုတွေနဲ့ ထပ်မံကြုံတွေ့လာနိုင်တယ်လို့ ဆိုပါတယ်။
အခုနှစ် မိုးစပါးရိတ်သိမ်းချိန်ပြီးချိန်မှာ ဆန်စပါးအသင်းအဖွဲ့ ကုန်သည်များအနေဖြင့် စပါး တင်းတစ်ရာ ကို အနိမ့်ဆုံးစျေး ကျပ်သိန်း ၂၀ လောက်နဲ့ ဝယ်ယူပေးမှသာ တွက်ခြေကိုက်မယ်လို့လည်း တောင်သူတွေက ပြောပါတယ်။
လက်ရှိ ပြည်ခရိုင်မှာ မှော်ဘီ ၊ GW 11 ၊ ကောက်ညှင်း ၊ ငွေတိုးရင် ၊ ကရင်မ ၊ နှံကောက် ၊ ဆင်းသုခ ၊ ဧရာ မင်း ၊ ပေါ်ဆန်းရင်၊ မှော်ဘီဆန်း၊ နှံကောက်ပေါ်ဆန်း၊ ဆင်းသွယ်လတ်၊ ထွန်းပု စတဲ့ စပါးအမျိုးအ စားတွေကို စိုက်ပျိုးကြတယ်လို့ သိရပါတယ်။
