The Farmer Times ဇွန်လ ၄ ရက်၊ ၂၀၂၆
ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပြည်ပပို့ကုန် ပဲအမျိုးအစားတွေဖြစ်တဲ့ မတ်ပဲနဲ့ ပဲစင်းငုံက ဈေး ကွက်အတွင်း အဝယ်ပုံမှန်ရှိနေတာကြောင့် အရောင်းအဝယ် သွက်နေပြီး၊ မီးဖိုချောင်သုံး သီးနှံတွေဖြစ် တဲ့ ကြက်သွန်နဲ့ အာလူးကတော့ နယ်စုံကနေ ကုန်စည်ဝင်ရောက်မှု ပုံမှန်ရှိနေတာကြောင့် ဈေးအတက် အကျ သိပ်မရှိဘဲ တည်ငြိမ်နေတာကို တွေ့ရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ ဇွန်လ ၃ ရက်နေ့ ဈေးကွက်ပေါက်စျေးအရ မတ်ပဲ (FAQ/RC) (2026 Crop) က ဈေးကွက်အတွင်း အဝယ်ရှိနေတာကြောင့် တစ်တန်ကို ၃,၀၄၅,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ကွန်တိန်နာ ၃၀ လုံးထိ အရောင်းအဝယ် ရှိခဲ့တယ်လို့ ဆိုပါတယ်။
မတ်ပဲ RAW ကတော့ တစ်ပိဿာကို ၄,၉၄၀ ကျပ်မှ ၄,၉၇၅ ကျပ်အတွင်း ပေါက်ဈေးရှိနေပြီး၊ မတ်ပဲ (SQ/RC) ကတော့ တစ်တန်ကို ၃,၃၄၀,၀၀၀ ကျပ်နဲ့ တည်ငြိမ်နေပါတယ်။
ပဲစင်းငုံနီ (RC) ကတော့ တစ်တန်ကို ၃,၁၁၀,၀၀၀ ကျပ် ပေါက်စျေးရှိနေပြီး၊ ပို့ကုန်ဈေးကွက်အတွင်း ကုန်ဝင်ရောက်မှု ပုံမှန်ရှိနေတာကို တွေ့ရပါတယ်။
ပဲတီစိမ်း (ခရမ်းရွှေဝါနဲ့ ပဲခူးရွှေဝါ) ကတော့ တစ်ပိဿာကို ၆,၀၀၀ ကျပ်၊ ထောပတ်ပဲက ၄,၂၁၀ ကျပ်နဲ့ ကုလားပဲဖြူလုံးကြီးက ၄,၁၂၀ ကျပ်ကနေ ၄,၂၁၀ ကျပ်ဝန်းကျင် ပေါက်စျေးရှိနေပါတယ်။
ကုလားပဲခြမ်းကတော့ တစ်ပိဿာကို ၅,၂၀၀ ကျပ်မှ ၅,၆၀၀ ကျပ်ဝန်းကျင် အသီးသီးပေါက်စျေးရှိနေပြီး ပုံမှန်အရောင်းအဝယ် ဖြစ်နေပါတယ်။
မီးဖိုချောင်သုံးသီးနှံတွေဖြစ်တဲ့ ကြက်သွန်ဖြူ (ကြူကုတ်) ကလွဲရင် ကျန်တဲ့သီးနှံတွေကတော့ ကုန်ကား စီးရေအလိုက် ကုန်စည်စီးဆင်းမှု ပုံမှန်ရှိနေလို့ ဈေးတည်ငြိမ်နေပါတယ်။
ကြက်သွန်နီ (ဆိပ်ဖြူ) က အမျိုးအစားအလိုက် တစ်ပိဿာကို ၁,၉၀၀ ကျပ်မှ ၃,၀၀၀ ကျပ် ပေါက်စျေး ရှိနေပြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်ကို ဇွန်လ ၂ ရက်နေ့က စုစုပေါင်း ကုန်ကားစီးရေ ၂၃ စီး၊ ပိဿာချိန် ၁၃၈,၀၀၀ ခန့် ဝင်ရောက်မှု ရှိခဲ့တယ်လို့ သိရပါတယ်။
ကြက်သွန်ဖြူ (ကြူကုတ် – ရှယ်) ကတော့ တစ်ပိဿာကို ၂၀,၀၀၀ ကျပ် ပေါက်စျေးရှိပြီး စုစုပေါင်း အိတ်ရေ ၁,၁၀၀ ဂပိဿာချိန် ၂၂,၀၀၀) ခန့် ဈေးကွက်ထဲ ဝင်ရောက်ခဲ့ပါတယ်။ ကြက်သွန်ဖြူ (အောင်ပန်းထူး) ကတော့ အမျိုးအစားအလိုက် တစ်ပိဿာကို ၅,၀၀၀ ကျပ်မှ ၈,၅၀၀ ကျပ်အတွင်း စျေး ပေါက်နေပါတယ်။
အာလူးကတော့ အောင်ပန်း A1 တစ်ပိဿာကို ၁,၇၀၀ ကျပ်၊ OK/S1/S2 အုပ်စုက တစ်ပိဿာကို ၂,၂၀၀ ကျပ်မှ ၂,၄၀၀ ကျပ် ပေါက်စျေးရှိနေပြီး၊ ကားစီးရေ ၁၁ စီး၊ ပိဿာချိန် ၆၆,၀၀၀ ခန့် ဈေးကွက်ထဲကို ဝင်ရောက်ခဲ့ပါတယ်။
ငရုပ်သီးစျေးကွက်မှာတော့ (ဆင်ဖြူကျွန်း/မြိတ်) ဒေသထွက် ငရုပ်သီးပု တစ်ပိဿာကို ၁၂,၀၀၀ ကျပ်မှ ၃၃,၅၀၀ ကျပ်အထိ အမျိုးအစားအလိုက် ပေါက်ဈေးနှုန်းရှိနေပြီး၊ ဇွန်လ ၂ ရက်နေ့က အိတ်ရေ ၄၀၀ (ပိဿာချိန် ၈,၀၀၀) ခန့် အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ရေထွက်ကုန်စျေးကွက်မှာတော့ ဖျာပုံရွှေပုစွန်ခြောက် (ရှယ်) က တစ်ပိဿာကို ၂၇၀,၀၀၀ ကျပ်မှ ၃၀၀,၀၀၀ ကျပ်အထိ အမြင့်ဆုံးဈေးတန်းမှာ ရှိနေပြီး၊ ဖျာပုံရွှေပုစွန်က တစ်ပိဿာကို ၈၅,၀၀၀ ကျပ် ပေါက်စျေးရှိပါတယ်။
ငါးခြောက်ဈေးကွက်မှာတော့ ငါးရံ့ခြောက်ကြီးက တစ်ပိဿာကို ၁၁၀,၀၀၀ ကျပ်၊ ငါးပုတ်ခြောက် (ရှယ်) က တစ်ပိဿာကို ၆၅,၀၀၀ ကျပ်မှ ၇၀,၀၀၀ ကျပ်နဲ့ ငါးနီတူခြောက်က တစ်ပိဿာကို ၃၀,၀၀၀ ကျပ်ဝန်းကျင်ဖြင့် အရောင်းအဝယ် ပုံမှန်ရှိနေပြီး၊ ဈေးကွက်တည်ငြိမ်နေတာကို တွေ့ရပါတယ်။
လက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ စျေးကွက်အခြေအနေအရ ပြည်ပတင်ပို့မှုရှိတဲ့ ပဲအမျိုးအစားဖြစ်တဲ့ (မတ်ပဲ၊ ပဲစင်းငုံ) တို့က အရောင်းအဝယ် စျေးကွက်ပေါ် မူတည်ပြီး စျေးနှုန်းအပြောင်းလဲများ ရှိနိုင်ပါ တယ်။
ကျန်တဲ့ ပြည်တွင်းစားသုံးမှုအခြေခံ မီးဖိုချောင်သုံးနဲ့ ရေထွက်ကုန်တွေကတော့ လာမယ့်ရက်ပိုင်းတွေ မှာလည်း ကုန်စည်ဝင်ရောက်မှု မှန်ကန်နေဦးမှာဖြစ်လို့ ဈေးနှုန်းတွေ သိသိသာသာ ပြောင်းလဲဖို့မရှိဘဲ ဆက်လက်တည်ငြိမ်နေဦးမယ့် အခြေအနေမှာ ရှိနေတယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်က သုံးသပ်ထား ပါတယ်။
‘The Farmer Times’ က သုံးသပ်တင်ပြပေးထားတဲ့ ဘုရင့်နောင်ကုန်စည်ဒိုင် ပေါက်ဈေးနှုန်းတွေဟာ လက္ကားဈေးနှုန်းများသာဖြစ်ပြီး လက်လီဈေးကွက်အတွင်း ဒေသအလိုက် သယ်ယူပို့ဆောင်စရိတ်ပေါ် မူတည်ပြီး အနည်းငယ် ကွာဟမှုရှိနိုင်ပါတယ်။














