အာဏာသိမ်းစစ်တပ် အုတ်ဖိုအရှေ့ခြမ်းက နေအိမ် ၂၀၀ ကျော်၊ သိုလှောင်ထားတဲ့ မျိုးစပါး၊ ပဲနဲ့ လယ်ယာသုံးစက်ကိရိယာတွေကို မီးရှို့ဖျက်ဆီး
The Farmer Times၊ ဇွန်လ ၁၆ ရက်၊ ၂၀၂၆ ခုနှစ်။
ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင်၊ အုတ်ဖိုမြို့အရှေ့ခြမ်း ကျေးရွာများရှိ နေအိမ် (၂၀၀) ကျော် အပါအဝင် သိုလှောင်ထားတဲ့ မျိုးစပါးနဲ့ ပဲတွေကိုပါ မီးရှို့ဖျက်ဆီးသွားတဲ့အတွက် စပါးစိုက်ပျိုးဖို့ အခက်တွေ့နေတယ်လို့ ဒေသခံလယ်သမားတွေက The Farmer Times ကို ပြောပါတယ်။
အာဏာသိမ်းစစ်တပ် စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇွန် ၁ ရက်ကနေ ၁၁ ရက်နေ့အထိ အုတ်ဖိုမြို့အရှေ့ ခြမ်းက ချောင်းခွရွာဇီးတောရွာ၊ ထန်းပင်ကုန်းရွာနဲ့ ကျွန်းလှကျေးရွာတွေကို ဆက်တိုက်လှည့်လည်မီးရှို့ ခဲ့တာဖြစ်ပြီး၊ လယ်သမားတွေရဲ့ မျိုးစပါးနဲ့ ပဲတွေ အပါအဝင် လယ်ယာသုံး စက်ကိရိယာတွေကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြတာ ဖြစ်ပါတယ်။
သာယာဝတီခရိုင်မှ ဒေသခံလယ်သမားတစ်ဦးက “ အုတ်ဖို့အရှေ့ခြမ်းက ချောင်းခွရွာနဲ့ ဇီးတောရွာတွေ မှာ မျိုးစပါးတွေအကုန် စစ်တပ်မီးရှို့လို့ မီးလောင်သွားပြီ၊ လာမယ့်မိုးတွင်းရော နွေရောငတ်မယ့် သဘော ရှိတယ်၊ လယ်လည်း ကောင်းကောင်းစိုက်လို့ မရ။ သူတို့က စစ်ကြောင်ထိုးရင် အိမ်တွေကို ဖျက်ဆီးတော့ လယ်သမားတွေပဲ ဒုက္ခရောက်ရတယ်” လို့ ပြောပါတယ်။
လက်ရှိ အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ကျေးရွာမှာရှိတဲ့ အမှတ် ၆ ခြေမြန်တပ်ရင်း (ခမရ-၆) ထဲမှာ မိုညိုမြို့ နယ်၊ မင်းလှမြို့နယ်၊ လက်ပံတန်းမြို့နယ်တို့က ပြည်သူ့စစ်အဖွဲ့တွေနဲ့ စုဖွဲ့ပြင်ဆင်မှုတွေ ပြုလုပ်ပြီး နောက် အင်အား ၃၀၀ ကျော်နဲ့ မြို့ရဲ့ ၅ မိုင်၀န်းကျင်ရှိ ကျေးရွာတွေထဲကို စစ်ကြောင်းထိုး တပ်စွဲနေတာ ဖြစ်ပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ ဒေသခံနေအိမ်တွေက တန်ဖိုးကြီးပစ္စည်းတွေကိုလည်း ရွေးချယ်ယူဆောင်ပြီးမှ မီး ရှို့ဖျက်ဆီးခဲ့ကြတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အုပ်ဖို့မြို့နယ်အတွင်းက ကျေးရွာတွေမှာ တပ်စွဲထားသလို ကင်းပုန်းဝတ်တာ ပြည်သူတွေကို လိုက်လံဖမ်းဆီးပြီး၊ လူသားဒိုင်းလုပ်တာတွေကြောင့် လက်ရှိမှာ ရွာပေါင်း ၂၀ ကျော်က ဒေသခံပြည်သူပေါင်း ၁ သောင်းကျော်လောက်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
“ အခုမိုးဦးကျ လေးမှာပျိုးခင်းတွေကြဲ ပြီးပျိုးထောင်ရမယ့်အချိန်မှာ စစ်ကြောင်းတွေက ဝင်လာပြီး တပ်စွဲတော့ ဘာမှမလုပ်နိုင်၊ လယ်တွေ ဒီအတိုင်းပစ်ထားရတယ်။ အခုက ပေါ်တာလဲကြောက်ရ၊ လက် နက်ကြီးတွေလဲ ကြောက်ရတော့ နွားတွေ၊ လှည်းတွေနဲ့ စစ်ရှောင်နေရတာ၊ လယ်သမားတွေ အငတ် ဘေးအပြင် လယ်ယာတွေလည်း ပျက်စီးနေပါတယ်” လို့ ဒေသခံလယ်သမားတစ်ဦးက ပြောဆိုထားပါတယ်။
စစ်တပ်က ကျေးရွာတွေမှာ အထိုင်ချတပ်စွဲပြီး ဒရုန်း၊ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုတွေ အပါ အဝင် အခုလို မျိုးစပါးနဲ့ လယ်ယာသုံးစက်ကိရိယာတွေ မီးရှို့ဖျက်ဆီးခံရမှုကြောင့် မိုးစပါးစိုက်ပျိုး လုပ် ငန်းများကို လုံးဝရပ်ဆိုင်းထားရတယ်လို့ ဒေသခံလယ်သမားတွေက ပြောဆိုကြပါတယ်။
အုတ်ဖိုမြို့နယ်အတွင်းက ကျေးရွာတွေမှာ နှစ်စဥ် မိုးစပါးကို မေနှင့် ဇူလိုင်လ ပထမပတ်တို့မှာ စတင်စိုက် ပျိုးလေ့ရှိပေမယ့် အခုနှစ်မှာတော့ အာဏာသိမ်းစစ်တပ် စစ်ကြောင်းတွေကြောင့် ပျိုးကြဲတာကို မလုပ် ဆောင်နိုင်တာလို့ ဆိုပါတယ်။
