အာဏာသိမ်းစစ်တပ် အုတ်ဖိုအရှေ့ခြမ်းမှာ တောင်သူတွေ သိုလှောင်ထားတဲ့ မျိုးစပါး၊ ပဲနဲ့ လယ်ယာသုံးစက်ကိရိယာတွေကို မီးရှို့ဖျက်ဆီး(ရုပ်/သံ)
The Farmer Times၊ ဇွန်လ ၁၇ ရက်၊ ၂၀၂၆ ခုနှစ်။
ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင်၊ အုတ်ဖိုမြို့အရှေ့ခြမ်း ကျေးရွာများရှိ နေအိမ် (၂၀၀) ကျော် အပါအဝင် သိုလှောင်ထားတဲ့ မျိုးစပါးနဲ့ ပဲတွေကိုပါ မီးရှို့ဖျက်ဆီးသွားတဲ့အတွက် စပါးစိုက်ပျိုးဖို့ အခက်တွေ့နေတယ်လို့ ဒေသခံလယ်သမားတွေက The Farmer Times ကို ပြောပါတယ်။
အာဏာသိမ်းစစ်တပ် စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇွန် ၁ ရက်ကနေ ၁၁ ရက်နေ့အထိ အုတ်ဖိုမြို့အရှေ့ ခြမ်းက ချောင်းခွရွာဇီးတောရွာ၊ ထန်းပင်ကုန်းရွာနဲ့ ကျွန်းလှကျေး ရွာတွေကို ဆက်တိုက်လှည့်လည်မီးရှို့ ခဲ့တာဖြစ်ပြီး၊ လယ်သမားတွေရဲ့ မျိုးစပါးနဲ့ ပဲတွေ အပါအဝင် လယ်ယာသုံး စက်ကိရိယာတွေကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြတာ ဖြစ်ပါတယ်။
လက်ရှိ အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ကျေးရွာမှာရှိတဲ့ အမှတ် ၆ ခြေမြန်တပ်ရင်း (ခမရ-၆) ထဲမှာ မိုညိုမြို့ နယ်၊ မင်းလှမြို့နယ်၊ လက်ပံတန်းမြို့နယ်တို့က ပြည်သူ့စစ်အဖွဲ့တွေနဲ့ စုဖွဲ့ပြင်ဆင်မှုတွေ ပြုလုပ်ပြီး နောက် အင်အား ၃၀၀ ကျော်နဲ့ မြို့ရဲ့ ၅ မိုင်၀န်းကျင်ရှိ ကျေးရွာတွေထဲကို စစ်ကြောင်းထိုး တပ်စွဲနေတာ ဖြစ်ပါတယ်။
