သိမ်းဆည်းခံလယ်မြေတွေ ပြန်ပေးမယ်ဆိုတဲ့ ပြောဆိုချက်အပေါ် လယ်သမားတွေ အယုံအကြည်မရှိ
The Farmer Times၊ ဇွန်လ ၁၉ ရက်၊၂၀၂၆ ခုနှစ်။
အာဏာသိမ်းစစ်အစိုးရက အရင်က မတရားသိမ်းဆည်းခံခဲ့ရတဲ့ လယ်ယာမြေတွေကို ပြန်လည်စိစစ်ပြီး မူလပိုင်ရှင် တောင်သူတွေထံ ဥပဒေနှင့်အညီ ပြန်လည်လွှဲပြောင်းပေးအပ်သွားမယ်လို့ ပြောဆိုထားပေမယ့်၊ အဆိုပါ ကတိကဝတ်အပေါ် လယ်ယာမြေသိမ်းဆည်းခံထားရတဲ့ တောင်သူလယ် သမားတွေက လုံးဝအယုံအကြည် မရှိဘူးလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
လယ်ယာမြေတွေကို ပြန်လည်စိစစ်ပေးဖို့အတွက် ပြီးခဲ့တဲ့ ဧပြီလက ဖွဲ့စည်းလိုက်တဲ့ “ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ” ဟာ ဟန်ပြဖွဲ့စည်းခြင်းသာ ဖြစ်ပြီး၊ မြေပြင်မှာ အမှန်တကယ် ဆောင်ရွက်ပေးတာ မရှိဘူးလို့လည်း လယ်ယာမြေ သိမ်း ဆည်းခံထား ရသူတွေနဲ့ လယ်သမားအရေး လိုက်ပါကူညီပေးနေသူတွေက ပြောပါတယ်။
အဲ့ဒီကော်မတီကို နိုင်ငံတော်အတွင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများနစ်နာမှု မရှိစေရေးနှင့် မြေသိမ်းမှုပြဿနာများကို လျင်မြန်စွာ ဖြေရှင်းနိုင်ရန်လို့ဆိုပြီး အာဏာ သိမ်းစစ်ခေါင်းဆောင် သမ္မတတု ဦးမင်းအောင်လှိုင်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
‘’ ဒါတွေအားလုံးက တည်ဆဲဥပဒေဆိုတာ ရှိပြီးသားလေ အဲတော့ တည်ဆဲဥပဒေအတိုင်း အကောင် အထည်ဖော်တဲ့ အဖွဲ့တွေက ဥပဒေနဲ့အညီ ဆောင်ရွက်တယ်ဆိုရင် ဘာပြဿနာမှ မရှိပါဘူး။ အဲတော့ ဥပဒေမဲ့ လုပ်ခဲ့ကြတဲ့ဟာတွေက ရှင်းရှင်းပြောရင်တော့ ဥပဒေကို ကြပ်မတ်အကောင်အထည်ဖော်ရတဲ့ အပိုင်းက လျော့ရဲလို့ ဖြစ်တာပေါ့နော်။ ဒီပဠိပက္ခတွေ ဖြစ်တယ်ဆိုတာလည်း အနာနဲ့ ဆေးလိုပေါ့နော် ရောဂါနုစဉ်မှာ သေသေချာချာ မကုဘဲနဲ့ မျက်နှာလွဲခဲပစ်ပေါ့နော် အရေးယူဆောင်ရွက်မှု မလုပ်ခဲ့လို့သာ ဒီပြသနာတွေ ပေါ်တာပေါ့နော်။ အကောင်အထည်ဖော် ဆောင်ရွက်တဲ့ သက်ဆိုင်ရာ Focal Ministry ပေါ့။ Forcal Ministry လျော့တိလျော့ရဲမှုကြောင့် ဖြစ်တာပေါ့နော်။ တာဝန်လစ်ဟင်းမှုကြောင့် ဖြစ် တာ။ အစတည်းက ဥပဒေနဲ့အညီ ဆောင်ရွက်လို့ရှိရင် ပြသနာဆိုတာ ဖြစ်လာစရာ အ ကြောင်းမရှိပါဘူး “ လို့ ပြင်ဉီးလွင်မြို့မှ မြေသိမ်းဆည်းခံထားရသူ ဦးရွှေထွန်းက ပြောပါတယ်။
အသစ်ဖွဲ့စည်းလိုက်တဲ့ လယ်ယာမြေစိစစ်ရေး ကော်မတီမှာ ဥက္ကဋ္ဌအဖြစ် ဒုတိယသမ္မတ (၁)၊ ဒုတိ ယဥက္ကဋ္ဌအဖြစ် ပြည်ထဲရေးဝန်ကြီးနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးတို့က တာဝန်ယူ ထားပါတယ်။
အဖွဲ့ဝင်တွေအဖြစ် ကာကွယ်ရေး၊ ဥပဒေရေးရာ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စက်မှုနှင့် MSME ဖွံ့ဖြိုးရေး၊ ဆောက်လုပ်ရေးဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ အပါအဝင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များရဲ့ ဝန်ကြီးချုပ်များ ကို ထည့်သွင်းဖွဲ့စည်းထားတာကို တွေ့ရပါတယ်။
အဆိုပါကော်မတီမှာ ထိပ်ပိုင်းတာဝန်ထားရတဲ့ ပုဂ္ဂိုလ်တွေကိုယ်တိုင်က လယ်ယာမြေ သိမ်းယူခဲ့တဲ့ စစ် ဗိုလ်ချုပ်တွေ ဖြစ်တာကြောင့် သိမ်းဆည်းခံလယ်ယာမြေတွေနဲ့ ပတ်သက်လို့ တရားမျှတမှု ရရှိမယ်ဆို တာဟာ နိုင်ငံရေးလှည့်စားမှု စကားလုံးသပ်သပ်သာ ဖြစ်တယ်လို့ လယ်ယာမြေအရေး လိုက်ပါဆောင် ရွက်ပေးနေသူ တစ်ဦးက အခုဝေဖန်ပြောဆိုထားပါတယ်။
‘ ‘ သူတို့ပဲ တရားမျှတတဲ့ဟာ ကိုဖော်ဆောင်မယ် ဥပဒေနဲ့အညီ ဘယ်လိုလုပ်မယ် ဘာညာကတော့ အ စိုးရတိုင်း လုပ်ခဲ့တာလေ။ အခုလိုကော် မတီသစ်ဖွဲ့ ပြီးတော့ လုပ်မယ်ကိုင်မယ်လို့ ကြားရတဲ့အတွက် ဘာပဲပြောပြော မပြောတာ၊ မလုပ်တာထက် စာရင်တော့ ပြောလာပြီ၊ လုပ်လာပြီဆိုရင်တော့ ကြိုဆို ရမှာပဲလေ။ ဒါပေမယ့် ပြောတဲ့အတိုင်း ညီဖို့၊ သေချာလုပ်ဖို့အတွက်တော့ ဒါကတော့ စောင့်ကြည့် ရမှာပဲ။ အဲလိုစောင့်ကြည့်ရမယ် ဆိုတာကလည်း လူပုဂ္ဂိုလ်ကိုလည်း ကြည့်ရတာပေါနော်။ ဥပမာ သိမ်း ထားတဲ့ ပုဂ္ဂိုလ်ကိုယ်တိုင်က အဲဒီသူသိမ်းထားတဲ့ လယ်တွေကို ပြန်ပေးပါ့မယ်ဆိုပြီးတော့ အဲဒီစစ် ဆေးတဲ့အဖွဲ့ မှာ ဥက္ကဌ တာဝန်ယူတာမျိုး၊ ကော်မတီဝင် တာဝန်ယူတာမျိုးဆိုရင် သူပဲသိမ်းခဲ့တာလေ။ သူသိမ်းခဲ့တာကို သူပြန်ပေးချင်ပါ့မလားဆိုတဲ့ အတွေးမျိုးကတော့ တွေးရမှာပဲ။ ဘောင်းဘီချွတ်ပြီး ပု ဆိုးလဲပြီးတော့ ပြန်ပေးမယ် ငါချွတ်လိုက်အုံးမယ် ဆိုတာတော့ တော်တော်မဖြစ်နိုင်တဲ့ ကိစ္စပဲ။ သူတို့ ဘောင်းဘီဝတ်တုန်းက သိမ်းခဲ့တာ” လို့ သူကပြောပါတယ်။
လက်ရှိ အဆိုပါကော်မတီရဲ့ အဓိကလုပ်ငန်းတာဝန်တွေကို နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည် နယ်အဆင့်ဆင့်ရှိ ပြန်လည်စိစစ်ရေးကော်မတီများ ဖွဲ့စည်းခြင်း၊ ယခင်ကဖြေရှင်းရန် ကျန်ရှိနေတဲ့ မြေသိမ်း မှု အမှုတွဲများကို ဥပဒေနှင့်အညီ စိစစ်ဖြေရှင်းခြင်း၊ စွန့်လွှတ်ထားသော မြေများကို မူလတောင် သူများထံ ပြန်လည်ပေးအပ်နိုင်ရေး စတဲ့လုပ်ငန်းတွေ ပါဝင်မှာဖြစ်တယ်လို့ စစ်အစိုးရက ကြေညာထားပါတယ်။
ကော်မတီနေနဲ့ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်နောက်ပိုင်း မြေသိမ်းဆည်းမှုများကိုသာ စိစစ်မည်ဖြစ် ကြောင်းနှင့် နိုင်ငံတော်နှင့် အများပြည်သူအကျိုးအတွက် အသုံးပြုနေတဲ့မြေများကို ဆက်လက်အသုံး ပြုခွင့်ပြုကာ မူလပိုင်ရှင်များအား သင့်လျော်တဲ့ လျော်ကြေးနှင့် နစ်နာကြေးများ ပေးအပ်နိုင်ရေး ဆောင် ရွက်သွားမယ်လို့လည်း ပြောဆိုထားပါတယ်။
ဥပဒေမဲ့ သိမ်းဆည်းထားတဲ့ မြေများနှင့် စာရွက်စာတမ်း အတုအယောင်များဖြင့် ရယူထားတဲ့ မြေယာ များကို တည်ဆဲဥပဒေများနှင့်အညီ ပယ်ဖျက်ပြီး မူလတောင်သူများထံ ပြန်လည်စွန့်လွှတ်ပေး အပ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း အမိန့်ကြော်ငြာစာမှာ ဖော်ပြထားပါတယ်။
လတ်တလော မြန်မာတစ်နိုင်ငံလုံးမှာ အကြောင်းအမျိုးမျိုးနဲ့ စစ်တပ်က မတရားသိမ်းဆည်းထားတဲ့ လယ်မြေဧကပေါင်း ၅ သန်းကျော်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားကြပြီး၊ မကွေးတိုင်း တစ်ခုတည်းမှာ တင် သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေဧကပေါင်း ၄ သိန်းခွဲဝန်းကျင်ရှိပြီး၊ ဧက ၃ သိန်းနီးပါးကို အာ ဏာသိမ်းစစ်တပ်ရဲ့ စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံ (ကပစ) ဌာနက သိမ်းဆည်းခဲ့တာ ဖြစ်ပါတယ်။
ခေတ်အဆက်ဆက် သိမ်းဆည်းခံခဲ့ရတဲ့ လယ်မြေနဲ့ အခြားမြေပိုင်ရှင်တွေဟာ နစ်နာကြေးအပြည့်အဝ မရရှိခဲ့ကြသလို၊ မတရား သိမ်းဆည်းခံခဲ့ရတဲ့ လယ်ယာမြေတွေကို ဥပဒေနဲ့အညီ ပြန်တောင်းပေမယ့်၊ အ လယ်ယာမြေ ပြန်မရတဲ့အပြင်၊ ဖမ်းဆီးထောင်ချမှုတွေကိုလည်း တောင်သူလယ်ယာသမားတွေ ရင်ဆိုင် ခံစားနေရတာ ဖြစ်ပါတယ်။
