ကုန်အဝင်များလို့ ပို့ကုန်ပဲများနှင့် မီးဖိုချောင်သုံးသီးနှံများအားလုံး အရောင်းအဝယ် တည်ငြိမ်နေ
The Farmer Times၊ ဇွန်လ ၂၁ ရက်၊ ၂၀၂၆ ခုနှစ်။
ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပြည်ပပို့ကုန် ပဲအမျိုးအစားတွေဖြစ်တဲ့ မတ်ပဲနဲ့ ပဲစင်းငုံက ဈေး ကွက်အတွင်း အဝယ်ပုံမှန်ရှိနေတာကြောင့် စျေးအေးနေသလို၊ မီးဖိုချောင်သုံး သီးနှံတွေဖြစ်တဲ့ ကြက်သွန်၊ အာလူးနဲ့ ရေထွက်ကုန်တွေကလည်း နယ်စုံကနေ ကုန်စည်ဝင်ရောက်မှု ပုံမှန်ရှိနေတာကြောင့် ဈေး အတက်အကျ သိပ်မရှိဘဲ တည်ငြိမ်နေတာကို တွေ့ရပါတယ်။
မတ်ပဲ၊ ပဲစင်းငုံ
ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင် ထုတ်ပြန်ချက်အရ မတ်ပဲ (FAQ/RC) က တစ်တန်ကို ၃,၂၁၆,၀၀၀ ကျပ် ပေါက်ဈေးရှိနေပြီး၊ ဇွန်လ ၁၉ ရက်က ကွန်တိန်နာ ၃၅ လုံးစာ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။
ပဲစင်းငုံနီ (RC) ကတော့ တစ်တန်ကို ၃,၁၅၅,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး၊ ကွန်တိန်နာ ၅ လုံးစာ အရောင်း အဝယ် ဖြစ်ခဲ့ပါတယ်။
ကြက်သွန်နီ၊ ကြက်သွန်ဖြူ
ဈေးကွက်အတွင်း ကြက်သွန်နီ ဆိပ်ဖြူ(ရှယ်)က တစ်ပိဿာကို ၃,၇၀၀ ကျပ်၊ (လတ်ကြီး) ၃,၄၀၀ ကျပ် နှင့် (လတ်ချော) က ၂,၃၀၀ ကျပ် အသီးသီး ပေါက်ဈေးရှိနေပါတယ်။ ဈေးကွက်အတွင်းကို ကုန်ကား စီးရေ ၁၅ စီးဖြင့် ကြက်သွန်နီ ပိဿာချိန် ၉၀,၀၀၀ ခန့် ဝင်ရောက်ခဲ့တယ်လို့ ကုန်သည်တွေက ပြောပါတယ်။
ကြက်သွန်ဖြူ (ကြူကုတ်)ကတော့ တစ်ပိဿာကို ၁၃,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး၊ ကြက်သွန်ဖြူ (အောင်ပန်း-ထူး) က အမျိုးအစားလိုက် တစ်ပိဿာကို ၄,၈၀၀ ကျပ်မှ ၈,၅၀၀ ကျပ်အတွင်း ပေါက်စျေး ရှိနေပါတယ်။ ဇွန်လ ၁၉ ရက်က ဘုရင့်နောင်ကုန်စည်ဒိုင်ကို ကြက်သွန်ဖြူ ပိဿာချိန် ၈,၂၀၀ ခန့် ဝင် ရောက်ခဲ့ပါတယ်။
အာလူး
အာလူး (အောင်ပန်း) A1 က တစ်ပိဿာကို ၁,၆၀၀ ကျပ်၊ OK နှင့် S1 အုပ်စုက ၂,၂၀၀ ကျပ်၊ S2 အုပ်စုက ၁,၉၀၀ ကျပ် အသီးသီး ပေါက်ဈေးရှိနေပါတယ်။ ဘုရင့်နောင်ကုန်စည်ဒိုင်ကို ကုန်ကား ၁၂ စီး၊ အာလူး ပိဿာချိန် ၇၂,၀၀၀ ခန့် ဝင်ရောက်ခဲ့ပါတယ်။
ရေထွက်ကုန်များ
ပုစွန်ခြောက် (ဖျာပုံရွှေသီးရှယ်) က တစ်ပိဿာကို ၂၇၀,၀၀၀ ကျပ်မှ ၃၀၀,၀၀၀ ကျပ်ဝန်းကျင်၊ ငါးရံ့ ခြောက် (ရှယ်) က ၁၁၀,၀၀၀ ကျပ်၊ ငါးပုတ်ခြောက် (ရှယ်) က ၉၅,၀၀၀ ကျပ်နှင့် ငါးနီတူခြောက်က တစ်ပိဿာကို ၃၀,၀၀၀ ကျပ် ဝန်းကျင်စျေးဖြင့် အသီးသီး အရောင်းအဝယ် ဖြစ်နေပါတယ်။
လတ်တလောမှာ ပို့ကုန်ပဲတွေ ဝယ်လိုအားရှိနေတဲ့အတွက် ဈေးနှုန်းခိုင်မာမှု ရှိနေပါတယ်။
မီးဖိုချောင်သုံး ကုန်စည်တွေကလည်း ကုန်အဝင်ပုံမှန်ရှိနေတာကြောင့် ဈေးနှုန်းတွေ သိသိသာသာ ပြောင်းလဲခြင်းမရှိဘဲ ဆက်လက်တည်ငြိမ်နေဦးမယ်လို့ ကုန်သည်တွေက ခန့်မှန်းထားပါတယ်။
‘The Farmer Times’ က သုံးသပ်တင်ပြပေးထားတဲ့ ဘုရင့်နောင်ကုန်စည်ဒိုင် ပေါက်ဈေးနှုန်းတွေဟာ လက္ကားဈေးနှုန်းများသာဖြစ်ပြီး လက်လီဈေးကွက်အတွင်း ဒေသအလိုက် သယ်ယူပို့ဆောင်စရိတ်ပေါ် မူတည်ပြီး အနည်းငယ် ကွာဟမှုရှိနိုင်ပါတယ်။
