အခြေခံရည်ညွှန်းစပါးစျေး တင်း ၁၀၀ ကို ၁,၃၅၀,ဝဝဝ ကျပ် သတ်မှတ်
The Farmer Times၊ အောက်တိုဘာလ ၂၂ ရက်၊ ၂၀၂၆။
၂၀၂၆ ခုနှစ် မိုးစပါးနဲ့ ၂၀၂၇ ခုနှစ် နွေစပါးအတွက် အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို ၁,၃၅၀,ဝဝဝ ကျပ် အဖြစ် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး၊ ဦးဆောင်အဖွဲ့ က အောက်တိုဘာ ၂၁ ရက်မှာ သတ်မှတ်ထုတ်ပြန်လိုက်ပါတယ်။
အဲဒီ အခြေခံရည်ညွှန်းစပါးဈေးနှုန်းဟာ အစိုဓာတ် (၁၄)% ရှိပြီး၊ အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီတဲ့ တစ်တင်း (၄၆) ပေါင်ကိုက် စပါး တင်း(၁၀၀) စျေးဖြစ်တယ်လို့ ဆိုပါတယ်။
အခြေခံရည်ညွှန်း စပါးဈေးနှုန်းဆိုတာဟာ အနိမ့်ဆုံး ဝယ်ယူရမယ့် စျေးနူန်းသာဖြစ်ပြီး၊ လက်ရှိ စျေး ကွက်ပေါက်စျေးက ရည်ညွှန်းစျေးထက် မြင့်နေပါက စျေးကွက်ပေါက်စျေးအတိုင်း အရောင်းအဝယ် ပြုလုပ်ရမှာ ဖြစ်တယ်လို့ ဆန်ကုန်သည်တစ်ဦးက ပြောပါတယ်။
တကယ်လို့ ဈေးကွက်ပေါက်ဈေးက အခြေခံရည်ညွှန်း စပါးဈေးနှုန်းအောက်မှာ ဖြစ်မှသာ အခြေခံဈေး နှုန်းအတိုင်း ဝယ်ယူရမှာဖြစ်ပါတယ်။
” အခြေခံရည်ညွှန်းစျေးဆိုတာက အနိမ့်ဆုံး သတ်မှတ်ပေးတဲ့စျေးပါ။ အဲဒီစျေးထက်နိမ့်ပြီးဝယ်လို့ မရဘူး။ တကယ်လို့ စျေးကွက်ကျနေရင်တောင် ရည်ညွန်းစျေးနဲ့အနိမ့်ဆုံးဝယ်ပေးရမယ့်သဘောပါ။ တကယ်လို့ ခုဖြစ်နေတဲ့ စျေးကွက်ပေါက်စျေးက မြင့်နေတယ် သိန်း၂၀ ဆိုရင် အဲဒီစျေးနဲ့ပဲ အရောင်းအဝယ်ပြုလုပ်ရမှာပါ။ ရည်ညွှန်းစျေးနဲ့ပဲ ဝယ်ကိုဝယ်ရမှာ၊ရောင်းကိုရောင်းရမှာမျိုး မဟုတ်ပါဘူး။ ” လို့ MRF အသင်းဝင် ဆန်စပါးကုန်သည်တစ်ဦးက မှတ်ချက်ပြု ပြောပါတယ်။
အခုလို အခြေခံရည်ညွှန်းစပါးဈေးနှုန်း ထုတ်ပြန်တာဟာ တောင်သူလယ်သမား အခွင့်အရေးကာကွယ် ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စပါးသီးနှံ စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူလယ်သမားတွေအတွက် သင့်တင့်မျှတသော ဈေးကွက်နဲ့ ဈေးနှုန်းဖြစ်ပေါ်စေရေး စိုက်ပျိုး ထုတ်လုပ်မယ့် စပါးသီးနှံအတွက် ထုတ်ပြန်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိ စျေးကွက်ထဲမှာ မိုးစပါးဈေးကွက်ပေါက်ဈေးက စပါးအမျိုးအစားအလိုက် ပေါင် ၅၀ ရှိ၊ တင်း ၁၀၀ ကို ကျပ်သိန်း ၂၀ နှင့်အထက် စျေးပေါက်နေပြီး ဝယ်လိုအားကောင်းနေပါတယ်။
ဒါကြောင့်အခု ထုတ်ပြန်လာတဲ့ အခြေခံရည်ညွှန်းစပါးဈေးနှုန်းဟာ လက်ရှိဖြစ်နေတဲ့ စပါးစျေးကွက်နဲ့ ယှဥ်ပါက အနိမ့်ဆုံး ၆၅၀,၀၀၀ ကျပ် လျော့နည်းနေတာကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မိုးစပါးထွက်ရှိချိန်ကာလက အခြေခံရည်ညွှန်းစပါးဈေးနှုန်း ၄၆ ပေါင်ရှိ တင်း ၁၀၀ ကို ၁,၁၅၀,၀၀၀ ကျပ်သတ်မှတ်ခဲ့ပေမယ့်၊ မြေပြင်မှာ စပါးတင်း ၁၀၀ ကို ၈၅၀,၀၀၀ ကျပ်အထိ စျေး ကျဆင်းခဲ့တာကြောင့် အရှုံးကြီးခဲ့တယ်လို့ တောင်သူတွေက ပြောဆိုထားပါတယ်။
