November 10, 2026

ကြက်သွန်နီ တစ်ပိဿာ ၁၅,၀၀၀  ကျပ်အထိ မြင့်တက်လာလို့ စားသုံးသူပြည်သူတွေ အခက်တွေ့နေ

The Farmer Times၊ အောက်တိုဘာလ ၂၈ ရက်၊ ၂၀၂၆။

ပြည်တွင်းလက်လီစျေးကွက်ထဲမှာ ကြက်သွန်နီ တစ်ပိဿာကို အမြင့်ဆုံး  ၁၅,၀၀၀  ကျပ်အထိ မြင့် တက်လာလို့ စားသောက်ဆိုင်၊ လုပ်ငန်းသုံး ဝယ်ယူသူတွေသာမက စားသုံးသူတွေပါ အခက်တွေ့လာ တယ်လို့ ပြည်သူတွေက ပြောပါတယ်။

လတ်တလောမှာ စျေးကွက်ထဲကို တရုတ်ကြက်သွန်နီ ဝင်ရောက်မှုရှိပေမယ့်၊ ရက်ကြာရှည်အထားမခံဘဲ ပုတ်သိုးမှုတွေ ဖြစ်ပေါ်လာတဲ့အတွက် ပွဲရုံအများစုက အရောင်းအဝယ် သိပ်မလုပ်တာကြောင့် ပြည် တွင်းမှာ လက်ကျန်နည်းလာတဲ့ နွေကြက်သွန်က အတက်စျေးမှာပဲ ရှိနေတာ ဖြစ်ပါတယ်။

နွေကြက်သွန် လက်ကျန်နည်းပါးလာတဲ့အတွက် ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်ကိုလည်း ကြက်သွန် ကုန်ကားအစီးရေ ဝင်ရောက်မှု ဆက် တိုက်လျော့နည်းလာပြီး၊ အောက်တိုဘာ ၂၈ ရက်(ဒီကနေ့) မှာဆိုရင် ကုန်ကား ၆ စီးသာ အဝင်ရှိခဲ့ပြီး၊ အမြင့်ဆုံးစျေး ကြက်သွန်နီ တစ်ပိ ဿာကို ၁၀,၀၀၀ ကျပ်ဖြင့် စျေး ဖွင့်ထားတယ်လို့ ဆိုပါတယ်။

” ရန်ကုန်ကို ကားအဝင်နည်းတော့ ဝင်သမျှပစ္စည်း အကုန်ပြတ်တယ်။ ကားအဝင်နည်းရင် စျေးက ဆက်တက်နိုင်တယ်။ ဒီနေ့ဆိုရင် ကားအဝင်က မြင်းခြံတစ်စီး၊ ပခုက္ကူတစ်စီး၊ မုံရွာကလေးစီးပဲ ဝင် တယ်။ ၆ စီးဆိုတာ တော်တော်နည်းတဲ့ ပမာဏပါ။ ဟိုးအရင်ရက်က တရုတ်ကြက်သွန်တွေဝင်တယ်။ သူကအထားမခံဘူး။ ပုတ်လွယ်တယ်။ အရောင်ကလည်း မြန်မာကြက်သွန်နဲ့ မတူဘူး။ အထားမခံတော့ သိပ်အရောင်းအဝယ် မလုပ်ကြဘူး။ မိုးကြက်သွန်ကလည်း နယ်မှာပဲ စဝင်နေတာ ရန်ကုန်အထိ ရောက် ဖို့က ခက်သေးတယ်။ ” လို့ ရန်ကုန်မြို့က ကြက်သွန်ပွဲရုံပိုင်ရှင်တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းကျွတ် ရုံးပိတ်ရက်မတိုင်ခင် အောက်တိုဘာ ၂၄ ရက်က ရန်ကုန်၊ ဘုရင့်နောင်ကုန်စည် ဒိုင်မှာ တစ်ပိဿာကို ၇,၀၀၀ မှ ၁၀,၀၀၀ ကျပ်ကြား ပေါက်စျေးရှိခဲ့ပြီး၊ လက်ရှိမှာတော့ ကြက်သွန် အမျိုးအစားအလိုက် တစ်ပိဿာကို ၈,၀၀၀ မှ ၁၀,၀၀၀ ကျပ်ကြား စျေးဖွင့်ထားတာကို တွေ့ပါတယ်။

လက်ရှိ  မြင်းခြံမြို့မှာ မိုးကြက်သွန်အသစ်တွေ ဝင်ရောက်မှုရှိပေမယ့် ကုန်ချိန်အနည်းငယ်သာ စျေးကွက်ထဲ ဝင်ရောက်မှုရှိနေပြီး၊ စျေးတန်းအနေနဲ့ဆိုရင် တစ်ပိဿာကို ၆,၀၀၀ ကျပ်မှ ၇,၅၀၀ ကျပ်ကြား ပေါက်စျေးရှိပြီး၊  နွေကြက်သွန်ကတော့ တစ်ပိဿာကို ၈,၀၀၀ မှ ၉,၀၀၀ ကျပ်ကြား စျေးပေါက်ပါနေ တယ်။

” နွေကြက်သွန်က တောဂျွန်တွေ ဒုံးစျေး ၈,၃၀၀ ကနေ ၈,၇၀၀ အထိ  ပစ္စည်းအနေအထားအလိုက် ပြတ်ပါတယ်။  မိုးကြက်သွန်အသစ်က အဝင်နည်းပါတယ်။  ဘောင်ထိုးစိုက်လေးတွေ တပိုင်းတတိုသာ ဝင်တာ မြင်မိတယ်။သူ့ဈေးနဲ့သူ့ဟာအရောင်းအဝယ် ခပ်မှန်မှန်ပြတ်တယ်။ မိုးကြက်သွန်က ဒေသတွင်းစားဖို့လောက်ပဲရသေးတော့ ရန်ကုန်နဲ့တခြားဒေသတွေကို မပို့နိုင်သေးဘူး။ ” လို့ မြင်းခြံမြို့မှ ကြက်သွန် ကုန်သည်တစ်ဦးက ပြောပါတယ်။

ကြက်သွန်နီစျေးက လက်ရှိ နယ်ကုန်စည်ဒိုင်တွေနဲ့ ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ကြက်သွန်အမျိုး အစားအလိုက် တစ်ပိဿာကို ၈,၀၀၀ မှ ၁၀,၀၀၀ ကျပ်ကြားစျေးရှိနေပြီး၊ ပြင်ပလက်လီစျေးကွက် မှာတော့ တစ်ပိဿာကို ၉,၀၀၀ မှ ၁၅,၀၀၀ ကျပ်အထိ စျေးပေါက်နေတာ ဖြစ်ပါတယ်။

လက်လီစျေးကွက်မှာ တစ်ပိဿာ ၉,၀၀၀ ကျပ်ဆိုတဲ့ ကြက်သွန်ဟာ အသေးဆုံးဆိုဒ်ဖြစ်ပြီး၊ တစ်ပိဿာ ၁၅,၀၀၀ ကျပ်ဆိုတာကတော့ အ ချောအသန့် အလုံးချော ဖြစ်ပါတယ်။ ဝေးလံတဲ့ နေရာဒေသတွေမှာ အလေးချိန်လျော့တာနဲ့ သယ်ယူစရိတ် မြင့်တက်မှုထပ်ပေါင်းပါက အဲဒီစျေးတန်းထက် ပိုနိုင်တယ်လို့ ကြက် သွန်ကုန်သည်တွေက ပြောပါတယ်။

လာမယ့် နိုဝင်ဘာလမှာ မိုးကြက်သွန်အသစ်တွေ စျေးကွက်ထဲ ဝင်ရောက်မှု များလာရင်တော့ ပြည်တွင်း ကြက်သွန်နီစျေး အကျဘက်ကို ပြန်ရောက်လာနိုင်တယ်လို့ ကုန်သည်တွေက သုံးသပ်ထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.