The Farmer Times၊ မေလ ၁၃ ရက်၊ ၂၀၂၆
ဖိလစ်ပိုင်နိုင်ငံ၊ စီဗူးမြို့မှာ ကျင်းပခဲ့တဲ့ ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးဟာ မြန်မာ့အရေးအတွက် လက်တွေ့ကျတဲ့ အဖြေတစ်ခုမှ ထွက်မလာဘဲ ဘုံသဘောတူညီချက် ၅ ရပ်ကိုပဲ ထပ်ခါတလဲလဲ ပြောနေတာကြောင့် အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) က အပြင်းအထန် ဝေဖန်လိုက်ပါတယ်။
ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာကလည်း အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ အာဆီယံနိုင်ငံတွေကြား သဘောထား မတိုက်ဆိုင်မှုတွေ ရှိနေပြီး၊ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည် ဖော်တာဟာလည်း “အသက်မပါတော့တဲ့ အခြေအနေ”ဖြစ်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။
အာဆီယံဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်မှာလည်း အရင်အတိုင်း စိုးရိမ်ကြောင်းတွေပဲ ပါဝင်နေပြီး စစ်ကောင်စီကို အရေးယူမယ့် နည်းလမ်းတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တရားဝင်တွေ့ဆုံဖို့ ကိစ္စတွေ တစ်ခုမှ ပါမလာဘူးလို့ APHR က ထောက်ပြပါတယ်။ ဒါ့အပြင် ထိုင်း၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေဟာ အာဆီယံက ပိုပြီးပြတ်ပြတ်သားသား လုပ်ဆောင်မယ့်အချက်တွေကို ပိတ်ပင်တားဆီးနေတယ်လို့ ဆိုပါတယ်။
APHR ဥက္ကဋ္ဌ Mercy Barends က “မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီဟာ နိုင်ငံရေးအရ တရားဝင်မှု လုံးဝမရှိပါဘူး။ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ စိတ်မရှိတဲ့ စစ်ကောင်စီအပေါ်မှာ အာဆီယံအနေနဲ့ အားကိုးနေလို့ မရဘူး” လို့ ပြောပါတယ်။
လူသားချင်းစာနာမှု အကူအညီပေးရေးမှာလည်း စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ ယန္တရားတွေကိုပဲ သုံးနေတာကြောင့် ပဋိပက္ခဖြစ်ပွားရာ ဒေသတွေဆီ အကူအညီတွေ မရောက်ဘဲ အဟန့်အတား ဖြစ်နေတယ်လို့ APHR က ဆိုပါတယ်။ ဒါကြောင့် အာဆီယံအနေနဲ့ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေကို တရားဝင် မိတ်ဖက်တွေအဖြစ် အသိအမှတ်ပြုဖို့နဲ့ စစ်ကောင်စီကို အရေးယူမယ့် သတ်မှတ်ချက်တွေကို တိတိကျကျ ချမှတ်ဖို့ တောင်းဆိုထားပါတယ်။














