ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲနဲ့ ပဲစင်းငုံအဝယ်လိုက်နေပြီး စျေးဆက်တိုက် မြင့်တက်နေ
The Farmer Times မေလ ၁၄ ရက်၊ ၂၀၂၆
ရန်ကုန်၊ ဘုရင်နောင်ကုန်စည်ဒိုင်မှာ ပြည်ပပို့ကုန် ပဲအမျိုးအစားတွေဖြစ်တဲ့ မတ်ပဲနဲ့ ပဲစင်းငုံကို ဈေးကွက်အတွင်း အဝယ်လိုက်နေတာကြောင့် ဈေးဆက်တိုက်မြင့်တက်နေပြီး၊ မီးဖိုချောင်သုံး သီးနှံတွေဖြစ်တဲ့ ကြက်သွန်နဲ့ အာလူးကတော့ ဝင်ရောက်မှု ပုံမှန်ရှိနေတာကြောင့် ဈေးနှုန်းအတက်အကျ သိပ်မရှိဘဲ တည်ငြိမ်နေတာကို တွေ့ရပါတယ်။
ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ မေလ ၁၄ ရက်နေ့ ဈေးကွက်ထုတ်ပြန်ချက်အရ မတ်ပဲနဲ့ ပဲစင်းငုံ ဈေးနှုန်းတွေက မေလ ၁၃ ရက် (မနေ့ကထက်စာရင်) သိသိသာသာ ထပ်မံမြင့်တက်လာတာကို တွေ့ရပါတယ်။
ဒီကနေ့မှာ မတ်ပဲ (FAQ/RC) တစ်တန်ကို ၃,၀၈၅,၀၀၀ ကျပ်အထိ ရှိနေပြီး၊ မတ်ပဲ (SQ/RC) ကတော့ တစ်တန်ကို ၃,၄၁၀,၀၀၀ ကျပ်အထိ ဈေးပေါက်နေပါတယ်။ ပဲစင်းငုံ (RC) ကတော့ တစ်တန်ကို ၃,၀၃၂,၀၀၀ ကျပ်အထိ စျေးမြင့်တက်လာတာကို တွေ့ရပါတယ်။
ပဲတီစိမ်း (ခရမ်းရွှေဝါ) ကတော့ တစ်ပိဿာကို ၆,၄၁၅ ကျပ်၊ ကုလားပဲဖြူလုံးကြီးက ၄,၂၆၀ ကျပ်နဲ့ ပဲကြီး (မြေလတ်) ကတော့ တစ်ပိဿာကို ၁၀,၆၂၀ ကျပ် အသီးသီး ပေါက်ဈေးရှိနေပါတယ်။
ဆိပ်ဖြူကြက်သွန်နီနဲ့ မုံရွာကြက်သွန်နီကတော့ တစ်ပိဿာကို အမြင့်ဆုံး ၂,၄၅၀ ကျပ်ဝန်းကျင်မှာ ဈေး ငြိမ်နေပြီး၊ ဒီနေ့မှာ ဘုရင့်နောင်ကုန်စည်ဒိုင်ကို ဆိပ်ဖြူကြက်သွန်နီ (ကားစီးရေ ၁၀ စီး) ပိဿာချိန် ၆၀,၀၀၀ ခန့် ထပ်မံဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ရှမ်းကြက်သွန်ဖြူကတော့ အမျိုးအစားအလိုက် တစ်ပိဿာကို ၅,၀၀၀ ကျပ်ကနေ ၈,၅၀၀ ကျပ်အထိ ပေါက်စျေးရှိနေပြီး၊ ကြက်သွန်ဖြူ (ကြူကုတ်) ကတော့ တစ်ပိဿာကို ၁၈,၅၀၀ ကျပ်နဲ့ ဈေးအေးနေပါတယ်။
အောင်ပန်းအာလူးကတော့ တစ်ပိဿာကို ၁,၅၀၀ ကျပ်ကနေ ၂,၂၀၀ ကျပ်အတွင်း အရောင်းအဝယ် ဖြစ်နေပြီး၊ ဒီနေ့မှာ ဘုရင့်နောင်ကုန်စည်ဒိုင်ကို ကားစီးရေ ၇ စီး၊ ပိဿာချိန် ၄၂,၀၀၀ ခန့် ဝင်ရောက်ခဲ့ပါတယ်။
ငါးခြောက် ဈေးကွက်စျေးကွက်မှာတော့ ငါးရံ့ခြောက်(အကြီး)က တစ်ပိဿာကို ၁၀၀,၀၀၀ ကျပ်အထိ ဈေးပေါက်နေပြီး၊ ငါးကွမ်းရှပ်ခြောက်ကတော့ တစ်ပိဿာကို ၄၀,၀၀၀ ကျပ်အထိ ပေါက် ဈေးရှိနေတာ ကို တွေ့ရပါတယ်။
