စိုက်ဧက လျော့ကျပြီး တောင်ပေါ်ပြောင်း အဝင်မရှိလို့ ရန်ကုန်ပြောင်းဆံ အမြင့်ဈေးနဲ့ တည်ငြိမ်နေ
The Farmer Times၊ မေလ ၁၆ ရက်၊ ၂၀၂၆
အခုနှစ်မှာ ပြည်တွင်းပြောင်းစိုက်ဧက လျော့ကျပြီး အထွက်နှုန်းနည်းသွားတဲ့အပြင်၊ ရှမ်းပြည်နယ် ဘက်ကထွက်တဲ့ တောင်ပေါ်ပြောင်းတွေလည်း ဈေးကွက်ထဲ ဝင်မလာတာကြောင့် ရန်ကုန်ပြောင်းဆံ ဈေးကွက်မှာ ဈေးနှုန်းအမြင့်ပိုင်းနဲ့ ငြိမ်နေတယ်လို့ ပြောင်းလုပ်ငန်းရှင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့က ရန်ကုန်ဈေးကွက်မှာ ပြောင်းဆံတစ်ပိဿာကို ကျပ် ၁,၆၀၀ ကနေ ၁,၆၂၀ ကျပ်အထိသာ ပေါက်စျေးရှိခဲ့ပေမယ့်၊ မေလ ၈ ရက်နေ့မှာတော့ တစ်ပိဿာကို ၁,၈၃၀ ကနေ ၁,၈၅၀ ကျပ်အထိ ပေါက်ဈေးရှိနေတယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်က ဆိုပါတယ်။
အခုနှစ်အတွင်း မြေပြန့်ဒေသတွေမှာ ပြောင်းစိုက်ပျိုးမှု ၃၀ ရာခိုင်နှုန်းလောက် လျော့ကျသွားသလို၊ သယ်ယူပို့ဆောင်ရေးစရိတ် ကြီးမြင့်တာနဲ့ နယ်မြေမတည်ငြိမ်မှုတွေကြောင့် တောင်ပေါ်ပြောင်းတွေ ရန်ကုန်ဈေးကွက်ထဲကို မဝင်နိုင်တဲ့အတွက် အခုလိုစျေးမြင့်တက်လာတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
‘’ သက်ြန်ပြီးတည်းက ပြောင်းဈေးက တောက်လျှောက်တက်လာတာ။ အခုကတော့ အတက်ရပ်နေတဲ့ သဘော ရှိပါတယ်။ ပြောင်းကလည်း အထွက်နည်းတယ်။ အဲတာကြောင့်မို့ ပြောင်းဈေးတက်တယ် ပေါ့။ တောင်ပေါ်က ပြောင်းတွေကလည်း တန်ဆာခ ဈေးကြီးတဲ့အခါကျတော့ မဆင်းလာနိုင်ဘူး။ အဲ ကြောင့်မို့ တောင်သူတွေက ပြောင်းနေရာမှာ အမြတ်ပိုရတဲ့ ပဲပုပ်တွေကို ပြောင်းစိုက်လာ ကြတယ်။ တစ်ဧက အထွက်နှုန်းဈေးက ပြောင်းဆိုရင် တောင်သူအတွက် ကျန်တဲ့ငွေက ၁၅ သိန်းလောက်ပဲ ကျန် တယ်။ ပဲပုပ်ကတော့ ပြောင်းထက် တစ်ဧကအထွက်နှုန်း ပိုပြီးရနိုင်တယ်“ လို့ အဆိုပါ တာဝန်ရှိသူက ပြောပါတယ်။
တောင်ပေါ်ဒေသမှာ ပြောင်းတစ်ဧက စိုက်ပျိုးစရိတ်က ကျပ် ၁၀ သိန်းကနေ ၁၂ သိန်းကြားရှိပြီး၊ မြေပြန့် ဒေသမှာတော့ တစ်ဧကကို ၁၅ သိန်းကနေ သိန်း ၂၀ ထိ ကုန်ကျစရိတ်ရှိပါတယ်။
အခုနှစ်မှာ သွင်းအားစုစရိတ်တွေ မြင့်တက်လာတာကြောင့် ပြီးခဲ့တဲ့နှစ်ထက် တစ်ဧက စိုက်ပျိုးစရိတ် ကျပ် ၃ သိန်းကနေ ၅ သိန်းအထိ ပိုမိုကုန်ကျလာတယ်လို့ တောင်သူတွေက ပြောပါတယ်။
ရန်ကုန်မှာ ဈေးအမြင့်နဲ့ တည်ငြိမ်နေပေမယ့် ရှမ်းပြည်နယ် (တောင်ကြီး) ဘက်မှာတော့ အခုရက်ပိုင်းအ တွင်း ပြောင်းဆံ တစ်ပိဿာကို တစ်ရက် ၁၀ ကျပ်နှုန်းလောက်နဲ့ တအိအိ စျေးပြန်ကျနေပါတယ်။
တာချီလိတ်ဘက်မှာတော့ ပြည်တွင်းပြောင်းဈေးက ထိုင်းဈေးထက် များနေတာကြောင့် ပြီးခဲ့တဲ့ မတ်လ ကုန်ပိုင်းကတည်းက အဝင်မရှိသလောက် နည်းပါးခဲ့ပြီး၊ အခုမေလဆန်းမှသာ အနည်းငယ် ပြန်ဝင်လာ တဲ့အတွက် ထိုင်းနိုင်ငံဘက်ကို တင်ပို့နေရတာ ဖြစ်တယ်လို့ တာချီလိတ်မြို့က ပြောင်းကုန်သည် ကိုဆက် ပိုင်က ပြောပါတယ်။
“ပြောင်းဈေးနှုန်းက ပုံမှန်မြင့်တဲ့ဟာမျိုး မဟုတ်ဘူး။ အခု ဈေးကတအိအိနဲ့ ပြုတ်ကျနေတာ။ ၅ ရက်အတွင်း ၅၀ ကျပ်လောက်ကျသွားတယ်။ ဒါပေမယ့် ယိုးဒယားဈေး လိုက်တက်ရင်တော့ အရင် လောက် ပြန်ရမှာပေါ့။ အခုကတော့ အဝယ်များများမရလို့ တစ်ပတ်ကို ပျှမ်းမျှတန် ၁၅၀ လောက်ပဲ ဖြည်းဖြည်း ချင်း ထိန်းရောင်းနေရတယ်” လို့ ကိုဆက်ပိုင်က ပြောပါတယ်။
မေလ ၈ ရက်နေ့ဈေးနှုန်းအရ တာချီလိတ်မှာ ပြောင်းဆံ ၅၀ ကီလို တစ်အိတ်ကို ထိုင်းဘတ်ငွေ ၄၅၀ ကနေ ၄၆၀ ဝန်းကျင်ထိ ပေါက်စျေးရှိတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ပြောင်းကို ရှမ်း၊ ကချင်၊ ကယား၊ ဧရာဝတီ၊ ပဲခူးနဲ့ မန္တလေးတို့မှာ အဓိကစိုက်ပျိုးပြီး တစ် နှစ်ကို ပျမ်းမျှ တန်ချိန် ၂၁ သန်းခန့် ထွက်ရှိပါတယ်။ အဲ့ဒီအထဲက ၄၀ ရာခိုင်နှုန်းကို ပြည်တွင်းမှာ သုံးပြီး ကျန်တဲ့ ၆၀ ရာခိုင်နှုန်းကို ပြည်ပကို တင်ပို့နေတာ ဖြစ်ပါတယ်။
လက်ရှိမှာ ပြည်ပပြောင်းစျေးကွက်အနေနဲ့ ထိုင်းနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ကို အနည်းငယ် တင်ပို့နေရတယ်လို့ သိရပါတယ်။
