The Farmer Times၊ ရန်ကုန်၊ မေ ၁၇၊ ၂၀၂၄
မေ ၂ ရက်ကနေ ၁၆ ရက်နေ့အထိ စျေးကွက်အတွင်း အတက်အကျ အနိမ့်အမြင့် ဖြစ်သွားတဲ့ လယ်ယာ ထွက်ကုန် သီးနှံဈေးနှုန်းတွေကို ပြောပြပေးချင်ပါတယ်။
ရန်ကုန်၊ ဘုရင်နောင်ကုန်စည်ဒိုင်မှာ ပြည်ပပို့ကုန် ပဲအမျိုးအစားတွေဖြစ်တဲ့ မတ်ပဲနဲ့ ပဲစင်းငုံက ဈေးကွက်အတွင်း အဝယ်လိုက်နေတာကြောင့် အရောင်းအဝယ် သွက်နေပြီး၊ မီးဖိုချောင်သုံး သီး နှံတွေဖြစ်တဲ့ ကြက်သွန်နဲ့ အာလူးကတော့ ဝင်ရောက်မှု ပုံမှန်ရှိနေတာကြောင့် ဈေးနှုန်းအတက် အကျမကြမ်းပဲ အရောင်းအဝယ်ပေါ် မူတည်ပြီး စျေးအပြောင်းအလဲ အနည်းငယ် ရှိနေတာကို တွေ့ရပါတယ်။
မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း
မတ်ပဲကို အိန္ဒိယအစိုးရက အခွန်လွတ်တင်သွင်းခွင့်ကာလ နောက်ထပ်တစ်နှစ် သက်တမ်းထပ်တိုးပေး ထားသလို၊ စျေးကွက်အတွင်းမှာလည်း မတ်ပဲနဲ့ ပဲစင်းငုံကို အဝယ်လိုက်နေတာကြောင့် အရောင်းအဝယ် သွက်နေပြီး၊ စျေးကလည်း မြင့်တက်နေပါတယ်။
ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မေလ ၂ ရက်နေ့က မတ်ပဲ (FAQ )တစ်တန်ကို ၃,၁၀၅,၀၀၀ ကျပ်ထိ ပေါက်စျေးရှိခဲ့ပြီး၊ မေလ ၁၅ ရက်နေ့ စျေးပိတ်ချိန်မှာတော့ တစ်တန်ကို ၃,၁၆၅,၀၀၀ ကျပ်အထိ ပေါက် စျေးရှိခဲ့တာကို တွေ့ရပါတယ်။ နှစ်ပတ်အတွင်း တစ်တန်ကို ၆၀,၀၀၀ ကျပ်လောက် စျေးမြင့်တက်လာ တာ ဖြစ်ပါတယ်။
ဒါပေမယ့် မေလ ၁၆ ရက်နေ့ စျေးပိတ်ချိန်မှာတော့ တစ်တန်ကို ၃,၀၇၆,၀၀၀ ကျပ်အထိ စျေးကျဆင်း ခဲ့တာကို တွေ့ရပါတယ်။
ပဲစင်းငုံ (RC) ကတော့ မေလ ၂ ရက်နေ့က တစ်တန်ကို ကျပ်သိန်း ၃,၀၇၅,၀၀၀ ထိ ပေါက်စျေးရှိခဲ့ပြီး၊ မေလ ၁၅ ရက်နေ့ စျေးပိတ်ချိန်မှာတော့ မတ်ပဲ(FAQ) တစ်တန်ကို တစ်တန်ကို ၃,၀၉၂,၀၀၀ ကျပ်အထိ စျေးမြင့်တက်လာတာကို တွေ့ရပါတယ်။
ဒါပေမယ့် မေလ ၁၆ ရက်နေ့ စျေးပိတ်ချိန်မှာတော့ တစ်တန်ကို ၃,၁၁၂,၀၀၀ ကျပ်အထိ စျေးထပ်မံမြင့် တက်လာတာကို တွေ့ရပါတယ်။
ပဲတီစိမ်း (ခရမ်းရွှေဝါ) ကတော့ မေလ ၂ ရက်နေ့က တစ်ပိဿာကို ၆,၆၆၅ ကျပ်ထိ ပေါက်စျေး ရှိခဲ့ပြီး၊ မေလ ၁၆ ရက်နေ့မှာတော့ တစ်ပိဿာကို ၆,၄၁၅ ကျပ်ထိ အသီးသီး ပေါက်စျေးရှိခဲ့ပါတယ်။
ပြောင်း
ပြောင်းဆံကတော့ ပြည်ပဝယ်လိုအား ရှိနေတာကြောင့် စျေးနူန်းဆက်တိုက် မြင့်တက်လာရာကနေ အခု ရက်ပိုင်းမှာတော့ စျေးအတက်ရပ်သွားပြီး အနည်းငယ် ပြန်ကျလာတာကို တွေ့ရပါတယ်။
ပြောင်းဆံစျေးက ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်ပေါက်စျေး ကျသွားတာမျိုး မဟုတ်ဘဲ၊ ပြင်ပနယ်စုံအရောင်းအဝယ်စျေးကွက်မှာ တစ်ပိဿာကို ၃၀ ကျပ်ကနေ ၅၀ ကျပ်လောက်အထိ ကျဆင်းသွားတာ ဖြစ်ပါတယ်။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မေလ ၂ ရက်နေ့က ပြောင်းဆံ တစ်ပိဿာကို ၁,၇၈၀ ကျပ်ကနေ ၁,၈၀၀ ထိ ပေါက်စျေးရှိခဲ့ပြီး၊ မေလ ၁၆ ရက်နေ့မှာလည်း အဲ့ဒီစျေးအတိုင်း တည်ငြိမ်နေတာကို တွေ့ရပါ တယ်။
ကြက်သွန်နီ
ကြက်သွန်နီကို မြဝတီနယ်စပ်ကနေ ထိုင်းကို တင်ပို့နိုင်မယ့် အခြေအနေတွေ ဖြစ်ပေါ် လာပြီးနောက်ပိုင်း မှာ ဝယ်လိုအားကောင်းလာပြီး ကြက်သွန် အမျိုးအစားအစုံ စျေးနူန်းမြင့်တက်နေပါတယ်။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မေလ ၂ ရက်နေ့က ကြက်သွန်နီ(ဆိပ်ဖြူ) တစ်ပိဿာကို ၁,၅၀၀ က နေ ၂၁၀၀ ကျပ်၊ မုံရွာက ၁,၇၀၀ ကနေ ၂,၃၀၀ ကျပ်၊ ရွှေဘိုက ၂,၀၀၀ ကနေ ၂,၇၀၀ ကျပ်ထိ အသီးသီး ပေါက်စျေးရှိခဲ့ပါတယ်။
မေလ ၁၆ ရက်မှာတော့ ကြက်သွန်နီ(ဆိပ်ဖြူ) တစ်ပိဿာကို ၁,၇၀၀ ကနေ ၂,၄၅၀ ကျပ် ၊ မုံရွာ ၁,၇၅၀ မှ ၂,၃၅၀ ကျပ်၊ မြင်းခြံက ၁,၆၀၀ မှ ၂,၄၀၀ ကျပ် ၊ မင်းဘူးက ၁,၇၀၀ မှ ၂,၃၀၀ ကျပ်၊ အသီးသီး ပေါက် စျေးရှိခဲ့ပါတယ်။
ကြက်သွန်ဖြူ
ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မေလ ၂ ရက်နေ့က ကြက်သွန်ဖြူ(အောင်ပန်း)က အမျိုးအစားအ လိုက် တစ်ပိ၁သာကို ၄,၅၀၀ ကနေ ၇,၃၀၀ ကျပ်အထိ ပေါက်စျေးရှိနေပြီး၊ ကြက်သွန်ဖြူ (ကြူကုတ်) ကတော့ တစ်ပိဿာကို ၁၂,၅၀၀ ကျပ်ထိ ပေါက်စျေးရှိခဲ့ပါတယ်။
မေလ ၁၆ ရက်မှာတော့ ကြက်သွန်ဖြူ(အောင်ပန်း)က အမျိုးအစားအလိုက် တစ်ပိ၁သာကို ၅,၀၀၀ ကျပ် ကနေ ၈,၅၀၀ ကျပ်အထိ ပေါက်စျေးရှိနေပြီး၊ ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ တစ်ပိဿာကို ၁၉,၀၀၀ ကျပ်ထိ စျေးမြင့်တက်လာတာကို တွေ့ရပါတယ်။
အောင်ပန်းအာလူးကတော့ မေလ ၂ ရက်နေ့က တစ်ပိဿာကို ၁,၃၀၀ ကျပ်ကနေ ၁,၉၀၀ ကျပ်အတွင်း ပေါက်စျေးရှိခဲ့ပြီး၊ မေလ ၁၆ ရက်နေ့မှာတော့ တစ်ပိဿာကို ၁,၇၀၀ ကျပ်ကနေ ၂,၀၀၀ ကျပ်အထိ စျေးမြင့်တက်ခဲ့ပြီး ဘုရင့်နောင်ကုန်စည်းဒိုင်ကို ကုန်ကားစီးရေ ၁၁ စီး၊ အာလူးပိဿာချိန် ၆၆,၀၀၀ လောက် ဝင်ရောက်ခဲ့တယ်လို့ ဘုရင်နောင်ကုန်စည်ဒိုင်က ပြောဆိုထားပါတယ်။
အခု တင်ဆက်ပေးထားတဲ့ သီးနှံစျေးနှုန်းတွေက အချိန်နဲ့ အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။














