The Farmer Times၊ မေလ ၁၉ ရက်၊ ၂၀၂၆
စစ်ကိုင်းတိုင်း၊ ကသာခရိုင်မှာ ပုံမှန်ဆိုရင် ကြံတန်ချိန် ၁၅ သိန်းလောက်အထိ ထွက်လေ့ရှိပေမယ့် ဒီနှစ် မှာတော့ သကြားစက်ရုံ အသေးနှစ်ရုံသာ လည်ပတ်နိုင်ခဲ့တာကြောင့် ကြံဝယ်ယူမှု လျော့ကျသွားပြီး ကြံ တန်ချိန် ၁၀ သိန်းလောက်ကို မီးရှို့ဖျက်ဆီးပစ်ရမယ့် အခြေအနေနဲ့ ကြုံနေရတယ်လို့ ကြံတောင်သူတွေ ဆီက ပြောပါတယ်။
သကြားစက်ရုံတွေက ကြံဝယ်ယူတဲ့စျေးနူန်း နည်းတဲ့အပြင် တောင်သူတွေ ကြံစိုက်ခင်းကနေ ထွက်ရှိ တဲ့ ကြံတန်ချိန်အားလုံးကိုလည်း ဝယ်ယူပေးတာကြောင့် တောင်သူတွေက စိတ်နာပြီး လက်ကျန် ကြံခင်း တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။
သကြားစက်ရုံတွေက တောင်သူတွေထံက ကြံကို ဈေးနှိမ်ဝယ်ယူတဲ့အပြင် တောင်သူတွေထွက်သမျှ ကြံအားလုံးကိုလည်း ဝယ်မပေးတာကြောင့် အခုလို လက်ကျန်ကြံခင်းတွေကို မီးရှို့ဖျက်ဆီးနေရတာ ဖြစ်တယ်လို့ ကြံစိုက်တောင်သူ တစ်ဦးက ပြောပါတယ်။
တောင်သူတွေအနေနဲ့ စက်ရုံအရောက် ကြံတစ်တန်ကို ၁၁၅,၀၀၀ ကျပ်လောက်သာ စျေးရရှိတာကြောင့် စိုက်ပျိုးစရိတ် အရင်းလောက်သာ ပြန်ရကြပြီး၊ မီးရှို့ဖျက်ဆီးလိုက်ရတဲ့ စိုက်ခင်းတွေအတွက်ကတော့ အရင်းပါမကျန် ဆုံးရှုံးခဲ့တာကြောင့် ကြံတောင်သူအချို့ဆိုရင် ငွေကျပ်သိန်းထောင်ချီ အရှုံးပေါ်နေကြ တယ်လို့ သိရတယ်။
” ကြံစိုက်ခင်း တစ်ဧကရဲ့ အရင်းကတင် ၁ သိန်းနားကပ်တယ်။ တောင်သူတွေက လုံးဝကို အဆင်မပြေ တော့တာပါ။ စက်ရုံကြီးက မလည်တော့ ဘာလုပ်တတ်အုံးမှာလဲ။ တောင်သူတွေက ကြံကိုစိတ်နာပြီး အကုန်ဖျက်ကုန်ကြပြီ။ ခုဆို ကြံစိုက်ဧကပေါင်း တစ်သောင်းကျော်လောက်ကို တောင်သူတွေက မီးလောင် (မီးရှို့) သွားပြီ။ ကြံဆိုရင် တော်တော်လေး စိတ်နာသွားကြပြီ။ စိတ်နာလို့ အကုန်ဖျက်နေပြီ။ ကျွန်တော်ဆို ကြံတန်ချိန် ၁၅၀၀ လောက်ကျန်သေးတယ် ။ အကုန်ဖျက်ပစ်ရမှာဆိုတော့ သိန်း ၁၅၀၀ အထက်ရှုံးမှာ။ ” လို့ ရင်ဖွင့်လာပါတယ်။
ကသာခရိုင်ထဲမှာ ဝေမာသကြားစက်ရုံ၊ မြန်မာ့သကြား ဖွံ့ဖြိုးတိုးတက်ရေးစက်ရုံ- MSD နဲ့ MES သကြား စက်ရုံတို့အပြင် တန်ချိန်ရာဂဏန်း ကြိတ်ဝါးနိုင်တဲ့ စက်ရုံငယ်တချို့ ရှိပါတယ်။
ဒါပေမယ့် တစ်ရက်ကို ကြံတန်ချိန် ၈,၀၀၀ အထိ ကြိတ်ဝါးနိုင်တဲ့ စက်ရုံအကြီးဖြစ်တဲ့ ဝေမာစက်ရုံက ဒီနှစ်မှာ မလည်ပတ်နိုင်ခဲ့ပါဘူး။ ကျန်တဲ့ တစ်ရက်တန် ၂,၀၀၀ ကြိတ်နိုင်တဲ့ MSD စက်ရုံနဲ့ တန် ၅,၀၀၀ ကြိတ်နိုင်တဲ့ MES စက်ရုံ ၂ ရုံသာ လည်ပတ်နိုင်ခဲ့တာကြောင့် ကြံဝယ်လိုအား သိသိသာသာ လျော့ကျပြီး တောင်သူတွေ အခုလို ဒုက္ခရောက်ခဲ့ကြရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ အဖွဲ့ဝင်တဦးက “စက်ရုံတွေကတော့ ကုန်ကြမ်းအပြည့်အဝ မရတာ၊ သယ်ယူပို့ဆောင်ဖို့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေကြောင့် ကြံကြိတ်ဝါးတဲ့ တန်ချိန်ကို လျှော့ချခဲ့ရတာလို့ ပြောကြတယ်။ စက်ရုံနှစ်ရုံ လည်တာမှာ တစ်ရုံက ပိုက် ဆံနဲ့ ဝယ်ပြီး၊ တစ်ရုံကတော့ သကြားကိုပဲ တောင်သူနဲ့ အချိုးကျယူတယ်။ ” လို့ မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ အဖွဲ့ဝင်တဦးက ရှင်းပြပါတယ်။
စက်ရုံလည်ပတ်တဲ့ MSD စက်ရုံက စက်ရုံအရောက် ကြံတတန်စျေးကို ၁၁၅,၀၀၀ ကျပ်နဲ့ဝယ်ယူပြီး MES စက်ရုံကတော့ ငွေသားနဲ့ ဝယ်ယူခြင်းမဟုတ်ဘဲ ကြံကြိတ်ဝါးလို့ ထွက်ရှိလာတဲ့ သကြားကို တောင်သူက ၆၁ ရာခိုင်နူန်း၊ စက်ရုံက ၃၉ ရာခိုင်နှုန်း အချို့ကျရယူလည်ပတ်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီနှစ် ကြံကြိတ်ဝါးရာသီမှာ ကသာခရိုင်အတွင်းက သကြားစက်ရုံတွေနဲ့ တောင်သူတွေအကြား ကြံဝယ်ယူမယ့် ဈေးနှုန်းညှိနှိုင်းမှုတွေ ကြန့်ကြာခဲ့တာကြောင့်လည်း စက်ရုံလည်ပတ်မှု နောက်ကျခဲ့ပြီး အခုလို တောင်သူတွေ ပိုပြီးအထိနာခဲ့ရတာ ဖြစ်တယ်လို့လည်း ကြံ၊ သကြား လုပ်ငန်းရှင်တွေက ပြောဆို ထားပါတယ်။
#မြန်မာ #စစ်ကိုင်းတိုင်း #ကသာ #ကြံဈေးနှုန်း #သကြားစက်ရုံ #စိုက်ပျိုးရေး #TheFarmerTimes #AgricultureNews














