The Farmer Times၊ မေလ ၂၈ ရက်၊ ၂၀၂၆
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ တရုတ်- မြန်မာနယ်စပ်ဂိတ်တွေမှာ မြန်မာကုန်တင်ကားတွေကို ကုန်တင်ပို့ခွင့်မပြုတော့လို့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ နယ်စပ်ကုန်သည်တွေနဲ့ ကုန်တင်ကားမောင်းသူတွေက ပြောပါတယ်။
ကချင်ပြည်နယ် ကံပိုင်တည်နဲ့ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်တွေမှာ တရုတ်ကုန် ကားသမားတွေကိုသာ ဝင်ထွက်ခွင့်ပြုထားပေမယ့်၊ မြန်မာကုန်ကားသမားတွေကိုတော့ ဝင်ရောက်ခွင့် ပိတ်ပင်ထားတာကြောင့် အလုပ်ရပ်နားထားရတာ ဖြစ်ပါတယ်။
ကုန်တင်ကားမောင်းသူ ဦးစိုးနိုင်က ‘‘ လမ်းပန်းဆက်သွယ်ရေးနဲ့ နိုင်ငံရေးတွေနဲ့ဆိုတော့ အဲတာကြောင့်မို့လို့။ ငှက်ပျောတို့ ဘာတို့ မြန် မာပြည်ကကားတွေ တိုက်(တင်) ရရင်တော့ ပိုကောင်းတာပေါ့။ ကောင်းတာကတော့ တရုတ်ပြည်က ကားတွေ တရုတ်ပြည်ဘက်ပဲတင် မောင်းတာကတော့ အဲတာပဲ ကောင်းတာပေါ့။ မြန်မာပြည်ဘက် လာမောင်းတာဆိုတော့ မြန်မာပြည်က ကားသမားတွေအတွက် ပိုက်ဆံမရလို့သာ ပြောတာပေါ့။ တ ရုတ်ပြည်ဘက်က ကားတွေ တရုတ်ပြည်မှာပဲ မောင်း။ မြန်မာပြည်ထဲက လာတဲ့ကားတွေမှာလည်း အလုပ်မရှိလို့သာ ရတာလုပ်နေရတာပဲလေ။ အဆင်ပြေမှုက နည်းတယ်။ အဲလိုပဲ ပြောနေလို့လည်း မထူးဘူး နယ်စပ်ဆို ဒီနယ်စပ်ဂိတ်ထိအောင် သတ်မှတ်တဲ့ နေရာထိအောင်ပို့လို့ ရလို့ရှိရင် မြန်မာပြည်က ကားတွေလည်း သွားရတော့ ပိုကောင်းတာပေါ့ “ လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကတည်းက မြန်မာကုန်ကားတွေကို အဝင်အထွက် တင်းကြပ်ခဲ့တာဖြစ်ပြီး၊ ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းမှာတော့ ကုန်ကားတွေကို တရုတ်တွေကိုယ်တိုင် မောင်းနှင်လာကြသလို၊ ဂိတ်တွေက လည်း မြန်မာကားတွေကို ဖြတ်သန်းခွင့် မပြုတော့တဲ့အတွက် ယာဉ်ပိုင်ရှင်၊ ယာဉ် မောင်းအားလုံး လုပ် ငန်းရပ်နားထားရတာလို့ ဆိုပါတယ်။
လက်ရှိမှာ တရုတ်အစိုးရက ကံပိုင်တည်နဲ့ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်တွေကတဆင့် တစ်သျှူးငှက်ပျော၊ ကျောက်စိမ်း၊ မြေရှားသတ္တု အပါအဝင် မြန်မာဘက်က သယံဇာတွေကို တင်ပို့ခွင့်ပြု ထားတယ်လို့ သိရပါတယ်။
ကုန်စည်သယ်ယူပို့ဆောင်ရာ လမ်းတလျာက်မှာလည်း စစ်တပ်နဲ့ တိုင်းရင်းသားဂိတ်တွေကို ဂိတ်ဖြတ် ကြေး ပေးဆောင်ရတဲ့ နှုန်းထားတွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကထက် လေးဆလောက် မြင့်တက်လာတယ် လို့ ကုန်တင်ကားမောင်းသူ ကိုကုလားလေးက ပြောပါတယ်။
ကုန်တင်ကားမောင်းသူ ကိုထွန်းဝင်းအောင် ‘ ‘ အခုဥစ္စာက ကားတွေက တရုတ်ဘက်ကိုလည်း သွားမရတော့လေ တရုတ်တွေက သူတို့ဟာ သူတို့စီ စဉ်တော့ ကိုယ့်ဟာကိုယ်ပဲ ဒီဘက်မှာ အလုပ်မရှိတာလည်း နှစ်နှစ်လောက် ရှိပြီလေ။ အခုဆိုရင် ကြုံရာ ကျပန်းအလုပ်ပေါ့။ တချို့အုံနာတွေဆို ကားတွေတောင် ရောင်းထုတ်လိုက်ပြီ။ ရောင်းထုတ်ပစ်လိုက် တော့ ကျွန်တော်တို့ဆို အလုပ်လက် ရှိကနေ လက်မဲ့တွေ ဖြစ်ကုန်ပြီလေ။ အကုန်လုံးက အဆင် မပြေ တော့ဘူးလေ။ ကုန်ကားမောင်းတဲ့သူတွေ အကုန်လုံး အဆင်ပြေကြတော့ဘူး။ မပြေကျတော့ တချို့ ဆိုလည်းရတဲ့အလုပ် လုပ်။ တော်တော်များများ ကားသမားတွေ အကုန်လုံးဒုက္ခရောက်နေတယ် ဒီ ဘက်မှာကတော့။ ဒီ ပြဿနာကို ကျတော့ ဘယ်အဖွဲ့မှ ကျွန်တော်တို့ ရှင်းပေးမယ်လို့တော့ မထင်ဘူး။ ရှင်ပေးမယ့် အဖွဲ့အစည်းလည်း မရှိလောက်ဘူးလို့ ကျွန်တော်ထင်တယ်။ အကယ်၍ အဲလို ရှင်းပေးမယ့် အဖွဲ့အစည်း ရှိခဲ့ရင်တော့ ပိုအဆင်ပြေတာပေါ့ဗျ။ ကားသမားတွေအတွက်၊ ကားအုံနာ တွေအတွက် ပေါ့။ ဂိတကြေးတွေလည်း ပျှမ်းမျှ သုံးဆ၊ လေးဆလောက် အကြမ်းဖျင်းတက်သွားတယ်။ ကျွန်တော် တို့လည်း ဘာမှမကိုက်တော့ဘူးလေ အုံနာတွေလည်း မကိုက်တော့ဘူးပေါ့ “ လို့ ကုန်ကားသမားအ လုပ်ကနေ ရပ်နားထားရတဲ့ ကိုထွန်းဝင်အောင်က ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ချင်းရွှေဟော် နယ်စပ်ဂိတ်ကတစ်ဆင့် နမ္မတူ၊ သိန္နီမြို့က သတ္တုတွေကို နေ့စဉ် တရုတ်ကားရာနဲ့ချီ သယ်ယူနေပြီး၊ အဲ့ဒီနယ်စပ် ကုန်သွယ်ရေးဂိတ်တွေကို မြန်မာဘက်ခြမ်းမှာ ကချင် တပ်-KIA နဲ့ ကိုးကန့်တပ်-MNDAA တို့က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
အရင်က မြန်မာနိုင်ငံဘက်က တစ်သျှူးငှက်ပျောတွေကို တရုတ်ဘက်ကို တနှစ်ပတ်လုံး တင်ပို့ခွင့် ပြု ထားပေမယ့်၊ ဝိုင်းမော်မြို့နဲ့ ကံပိုင်တည်နယ်စပ်စခန်းကို ကချင်လွတ်မြောက်ရေး တပ် မတော်-KIA က သိမ်းပိုက်လိုက်ပြီးနောက်ပိုင်း ၂၀၂၄ ခုနှစ် ဇွန်လကစလို့ တရုတ်အစိုးက ကန့်သတ်ချက်တွေ လုပ်ဆောင် လာတာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်က နယ်စပ်ဂိတ်တစ်ခုချင်းစီမှာ အလုပ် လက်မဲ့ ဖြစ်သွားတဲ့ မြန်မာကုန်ကားသမားတွေနဲ့ ကုန်ကားအစီးရေက ရာကဏန်းအထိ တိုးလာနေတယ်လို့ ကာယကံရှင်တွေက ဆိုပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်အစိုးရရဲ့ ရက် ၁၀၀ စီမံကိန်းကြောင့် ပြည်တွင်းနေရာအနှံ့မှာလည်း တရုတ်နိုင် ငံနဲ့ ထိုင်းနိုင်ငံက ဝင်ရောက်လာတဲ့ ကုန်ပစ္စည်းတွေကို စစ်ဆေးဖမ်းဆီးမှုတွေ လုပ် ဆောင်နေတာကြောင့် ဆုံးရှုံးမှုတွေများပြီး အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ ကုန်သည်တွေက ပြောဆိုထားပါတယ်။














