သိမ်းဆည်းခံလယ်မြေတွေ ပြန်ပေးမယ်ဆိုတဲ့ ပြောဆိုချက်အပေါ် လယ်သမားတွေ အယုံအကြည်မရှိ(ရုပ်/သံ)
The Farmer Times၊ ဇွန်လ ၁၈ ရက်၊၂၀၂၆ ခုနှစ်။
လယ်ယာမြေတွေကို ပြန်လည်စိစစ်ပေးဖို့အတွက် ပြီးခဲ့တဲ့ ဧပြီလက ဖွဲ့စည်းလိုက်တဲ့ “ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ” ဟာ ဟန်ပြဖွဲ့စည်းခြင်းသာ ဖြစ်ပြီး၊ မြေပြင်မှာ အမှန်တကယ် ဆောင်ရွက်ပေးတာ မရှိဘူးလို့လည်း လယ်ယာမြေ သိမ်း ဆည်းခံထား ရသူတွေနဲ့ လယ်သမားအရေး လိုက်ပါကူညီပေးနေသူတွေက ပြောပါတယ်။
အဆိုပါကော်မတီမှာ ထိပ်ပိုင်းတာဝန်ထားရတဲ့ ပုဂ္ဂိုလ်တွေကိုယ်တိုင်က လယ်ယာမြေ သိမ်းယူခဲ့တဲ့ စစ် ဗိုလ်ချုပ်တွေ ဖြစ်တာကြောင့် သိမ်းဆည်းခံလယ်ယာမြေတွေနဲ့ ပတ်သက်လို့ တရားမျှတမှု ရရှိမယ်ဆို တာဟာ နိုင်ငံရေးလှည့်စားမှု စကားလုံးသပ် သပ်သာ ဖြစ်တယ်လို့ လယ်ယာမြေအရေး လိုက်ပါဆောင် ရွက်ပေးနေသူ တစ်ဦးက အခုဝေဖန်ပြောဆိုထားပါတယ်။
‘ ‘သိမ်းထားတဲ့ ပုဂ္ဂိုလ်ကိုယ်တိုင်က အဲဒီသူသိမ်းထားတဲ့ လယ်တွေကို ပြန်ပေးပါ့မယ်ဆိုပြီးတော့ အဲဒီစစ် ဆေးတဲ့အဖွဲ့ မှာ ဥက္ကဌ တာဝန်ယူတာမျိုး၊ ကော်မတီဝင် တာဝန်ယူတာမျိုးဆိုရင် သူပဲသိမ်းခဲ့တာလေ။ သူသိမ်းခဲ့တာကို သူပြန်ပေးချင်ပါ့မလားဆိုတဲ့ အတွေးမျိုးကတော့ တွေးရမှာပဲ။ ဘောင်းဘီချွတ်ပြီး ပုဆိုးလဲပြီးတော့ ပြန်ပေးမယ် ငါချွတ်လိုက်အုံးမယ် ဆိုတာတော့ တော်တော်မဖြစ်နိုင်တဲ့ ကိစ္စပဲ။ သူတို့ ဘောင်း ဘီဝတ်တုန်းက သိမ်းခဲ့တာ” လို့ သူကပြောပါတယ်။
