ဆန်စပါးစိုက်ပျိုးရေးဇုန်(REZ) စီမံကိန်းတွင် ပူးပေါင်းဆောင်ရွက်ရန် ဆန်စပါးအသင်းချုပ် ဖိတ်ခေါ်(ရုပ်/သံ)
The Farmer Times၊ ဇွန်လ ၂၁ ရက်၊ ၂၀၂၆ ခုနှစ်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်မယ့် ပြည်ပပို့ကုန် ဆန်စပါးစိုက်ပျိုးရေးဇုန် (Rice Export Zone-REZ) စီမံကိန်းမှာ တောင်သူများ ပူးပေါင်းပါဝင်ကြဖို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဖိတ်ခေါ် ထားပါတယ်။
အဆိုပါစီမံကိန်းဟာ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချတဲ့ Export Value Chain ဖွံ့ဖြိုးတိုး တက်ရေးနှင့် ဆန်စပါးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်လုပ်ဆောင်တာ ဖြစ်တယ်လို့ (MRF) က ဆိုပါတယ်။
စီမံကိန်းကနေ ပြည်ပသို့တင်ပို့မယ့် ဆန်စပါးတွေရဲ့ အရည်အသွေးနှင့် အရေအ တွက် တိုးတက်စေဖို့ အပါအဝင် တောင်သူတွေအနေနဲ့ ချေးငွေစီမံခန့်ခွဲမှု၊ အထွက်နှုန်းနဲ့ ဝင်ငွေတိုးတက်လာပြီး ကျေးလက်လူ နေမှုဘဝ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ရည်ရွယ်တယ်လို့ MRF က ပြောပါတယ်။
လတ်တလောမှာ တစ်ဧကကို တင်း ၂၀၀ ထက်မနည်း စိုက်ပျိုးထုတ်လုပ်နိုင်တဲ့ လယ်ယာလုပ်ငန်းခွင် အတွေ့အကြုံရှိ လယ်ယာကုန်ထုတ် သမဝါယမအသင်းများ၊ ကန်ထရိုက်လယ်ယာစနစ်ဖြင့် ဆောင် ရွက်နေတဲ့ ကုမ္ပဏီများ၊ တောင်သူလယ်သမား အစုအဖွဲ့များ၊ ဆန်စက်လုပ်ငန်းရှင်များနှင့် MSME လုပ် ငန်းတွေကို ပူးပေါင်းပါကြဝင်ဖို့ ဖိတ်ခေါ်ထားပါတယ်။
ပူးပေါင်းပါဝင်လိုတဲ့ အစုအဖွဲ့၊ လုပ်ငန်းရှင်တွေအနေနဲ့ ၂၀၂၆ ခုနှစ်၊ မိုးစပါးရာသီအတွင်း အချိန်မီ စိုက် ပျိုးနိုင်ရန်အတွက် အခုဇွန်လကုန် နောက်ဆုံးထားပြီး ဆက်သွယ်ကြဖို့ကိုလည်း MRF က အသိပေးထား ပါတယ်။
ဆန်စပါးစိုက်ပျိုးရေးဇုန် စီမံကိန်းမှာ ဆန်စပါးပို့ကုန် လုပ်ငန်းရှင်တွေ စိုက်ပျိုးစေလိုတဲ့ ဆန်စပါးမျိုးဟာ တောင်သူတွေရဲ့ လယ်မြေမှာ စိုက်ပျိုးလို့ရနိုင်တဲ့ စပါးမျိုးနဲ့ ကိုက်ညီဖို့လိုသလို၊ ဆန်စပါးဈေး နှုန်းကို ကြိုတင်သတ်မှတ်ပေးပြီး ဝယ်ယူခြင်း၊ ရောင်းချတဲ့အချိန်မှာ ဈေးနှုန်းမြင့်တက်ပါက မြင့်တက်တဲ့ ပေါက်ဈေးနှုန်းနဲ့ ဝယ်ယူပေးဖို့ လိုအပ်တယ်လို့ တောင်သူတွေနဲ့ လယ်သမားအရေး ကူညီဆောင်ရွက်ပေး နေသူတွေက ထောက်ပြပြောဆိုထားပါတယ်။
