မောင်တောခရိုင်မှာ မျိုးတုံးနေတဲ့ ရေသတ္တဝါတွေ မဖမ်းဆီးကြဖို့ အေအေတိုက်တွန်း
The Farmer Times၊ ရန်ကုန်၊ ဇွန် ၁၇ ၊ ၂၀၂၆
မောင်တောခရိုင်မှာ မျိုးတုံးနေတဲ့ ရေသတ္တဝါတွေနဲ့ သားပေါက်ရာသီအတွင်း ဥဆောင်း ငါးအမတွေကို မဖမ်းဆီးကြဖို့ ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့မှာ အာရက္ခတပ်တော် (ULA/AA)ရဲ့ ငါးလုပ်ငန်းနှင့် ရေသယံ ဇာတများ စီမံခန့်ခွဲရေးဌာနက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
ငါးအမျိုးအစားအလိုက် ကာလသတ်မှတ်ကာ တိုက်တွန်းနှိုးဆော်ထားတာဖြစ်ပြီး၊ ကကတစ်ငါးကို (ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်)၊ ရေချိုပုစွန်ကို (ဧပြီ၊ မေ၊ ဇွန်)၊ ရေချိုငါး၊ ရေငံပုစွန်ကို ( ဇူလှိုင်၊ သြဂုတ်၊ စက်တင်ဘာ)၊ ကျောက်ပုစွန်၊ ကင်းပုစွန်၊ ငါးလင်ဘန်း ၊ကျောက်ငါးတို့ကို (ဇူလှိုင်၊ သြဂုတ်၊ စက်တင် ဘာ) ၊ ငါးသလောက်ကို (ဇန်နဝါရီ၊ ဧပြီ)၊ ရူးဇနား (၁၀၀) ဂရမ်အောက်နဲ့ ဂဏန်း (၁၀၀) ဂရမ်အောက်ကိုတော့ (ဇန်နဝါရီ၊ ဧပြီ) လတွေမှာ မဖမ်းဆီးကြဖို့ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
ဒါ့အပြင် မျိုးတုံးရှားပါးနေတဲ့ ငါးမန်း၊ ပင်လယ်လိပ်များ၊ လင်းရှူ၊ လင်းပိုင်၊ ရေဝက်၊ ဝေလငါး၊ ရေန ဂါး၊ ရေချိုလိပ်၊ မိကျောင်း၊ ရေပုတ်သင်နဲ့ ပင်လယ်သန္တာကျောက်တန်း(အမာ / အပျော့) များကိုလည်း ဖမ်း ဆီးတာ၊ ရောင်းဝယ်တာ၊ သယ်ယူပို့ဆောင်တာတွေ မပြုလုပ်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
ငါးတွေကို ဖမ်းဆီးတဲ့အခါ ဘတ်ထရီရှော့တိုက်ပြီး ဖမ်းဆီးတာ၊ မိုင်းခွဲငါးဖမ်းဆီးတာ၊ အဆိပ်ချငါး ဖမ်းဆီးတာ စတဲ့ နည်းလမ်းတွေနဲ့ မဖမ်းကြဖို့ကိုလည်း (ULA/AA) က သတိပေးတားမြစ်ထားပါတယ်။
လက်ရှိမှာ အဆိုပါ ငါးမဖမ်းရရာသီ သတ်မှတ်ချက်များကို ULA/AA က မောင်တောမြို့နဲ့ ဘူးသီးတောင်မြို့ပေါ်က လမ်းတွေ၊ စျေးတွေ၊ တံတားတွေအပြင် လူသွားလူလာများတဲ့ နေရာတွေမှာ ဗီနိုင်းတွေစိုက်ထူ ပြီး အသိပေးတိုက် တွန်းနှိုးဆော်ထားတာ ဖြစ်ပါတယ်။
