တမာစေ့ တစ်တင်းကို ခြောက်သောင်းကျပ်ထိ ဈေးပေးဝယ်ယူနေ
The Farmer Times၊ ဇွန်လ ၂၂ ရက်၊ ၂၀၂၆
မန္တလေးတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးအတွင်းရှိ ပိုးသတ်ဆေးထုတ်လုပ်တဲ့ စက်ရုံတ ချို့က အညာဒေသမှာ စိုက်ပျိုးမှုများတဲ့ တမာစေ့ အခြောက်တစ်တင်းကို ကျပ် ၄၀,၀၀၀ ကနေ ၆၀,၀၀၀ ကျပ် အထိ ဈေးပေးဝယ်ယူနေတယ်လို့ မန္တလေးမြို့ရှိ တမာပိုးသတ်ဆေးထုတ်လုပ်တဲ့ လုပ်ငန်းအသိုင်းအဝိုင်း က ပြောပါတယ်။
တမာစေ့ခြောက်ကို ပြီးခဲ့တဲ့ မတ်လကစလို့ ဈေးကောင်းပေး ဝယ်ယူနေတာဖြစ်ပြီး၊ စက်ရုံတွေ အနေနဲ့ တစ်နှစ်ပတ်လုံး အမြဲဝယ်ယူသွားဖို့ စီစဉ်ထားတယ်လို့လည်း မန္တလေးမြို့ရှိ တမာပိုး သတ်ဆေး ထုတ် လုပ်တဲ့ စက်ရုံတစ်ရုံမှ မန်နေဂျာ မအေးသီတာက ပြောပါတယ်။
” ရောင်းလို့တော့ ရတယ်ရှင့်။ ကျွန်တော်တို့က စက်ရုံ အရောက်ဈေး တစ်တင်းကို ခြောက်သောင်း ပါရှင့်။ ကားဂိတ်တင်ပေးရင် ပိုက်ဆံကို kpay နဲ့ ရှင်းပေးတယ်ရှင့်။ ကျွန်တော်တို့က အော်ဂဲနစ် တမာ ပိုးသတ်ဆေး ထုတ်တာရှင့်။ မြေဩဇာတို့၊ ဖြန်းတဲ့ဆေးတို့ အော်ဂဲနစ် တမာပိုးသတ်ဆေး ထုတ်တာရှင့်။ ကျွန်တော်တို့က နယ်မြေတော်တော်များများကို ကိုယ်စားလှယ်တွေ ထားထားတာဆိုတော့ အညာတွေ ဘက်ကတော့ ရောင်းနိုင်ကြပါတယ်ရှင့်။ ကုန်ကြမ်းလိုတာမို့လို့ နှစ်တိုင်းလည်းဝယ်ဖို့ အစီအစဉ် ရှိတယ် ရှင့်။ ရေတမာသီး အမှည့်လေ အဲလိုအပင်က ကြွေကျတဲ့အမှည့်ကို ကောက်ပြီးတော့ ရေစိမ်ထားပြီး တော့ ခြေထောက်တွေဘာတွေ နင်းလိုက်လို့ရှိရင် အခွံတွေဘာတွေ ကျွတ်သွားတယ်လေ။ အဲဒီက အစေ့ ကို အခြောက်လှမ်းပြီးတော့ သုံးရက်၊ ငါးရက်လောက် အခြောက်လှမ်းပစ်လိုက် အဲဒီအခြောက်ကို ဝယ် တာရှင့်။ ဈေးကကျတော့ အရည် အသွေးပေါ် မူတည်ပြီးတော့ ပေးတာရှင့် ” လို့ ၎င်းက ပြောပါတယ်။
တမာစေ့ကနေ ထုတ်လုပ်တဲ့ ပိုးသတ်ဆေးမှာ သဘာဝပိုးနှင်ဆေး တစ်မျိုးဖြစ်ပြီး၊ အဓိက ပိုးမွှားများရဲ့ စားသောက်လိုစိတ်ကို ပျက်ပြားစေကာ စုပ်စားပိုးများကို ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။
တမာစေ့မှာ အဇာဒီရက်တင်ဓာတ် (Azadirachtin) ပါဝင်တဲ့အတွက် တမာစေ့မှ တမာအဆီ၊ တမာကြိတ် ဖက် နှစ်မျိုးရရှိအောင် ကြိတ်ပြီးနောက် ထွက်ရှိလာတဲ့ တမာဆီ၊ ကြိတ်ဖက်တွေကို ပိုး သတ်ဆေးအဖြစ် အသုံးပြုရတာ ဖြစ်တယ်လို့ စိုက်ပျိုးရေး ပညာရှင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က တမာစေ့ တစ်တင်းကို ၁၅,၀၀၀ မှ ၂၀,၀၀၀ ကျပ်စျေးဖြင့်သာ ဝယ်ယူခဲ့ပြီး၊ လက် ရှိမှာတော့ စက်ရုံအရောက် တစ်တင်းကို ၅၀,၀၀၀ မှ ၆၀,၀၀၀ ကျပ်အထိ ဈေးပေးဝယ်ယူနေတယ်လို့ သိရပါတယ်။
စက်ရုံတိုက်ရိုက်ဈေး မြင့်တက်လာပေမယ့် မြေပြင်မှာ လိုက်လံဝယ်ယူစုဆောင်းတဲ့ ပွဲစားတွေက တော့ တစ်တင်းကို ၂၅,၀၀၀ မှ ၃၅,၀၀၀ ကျပ်အထိသာ ဈေးပေးဝယ်ယူနေကြတယ်လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့ဒေသခံတွေကတော့ တမာစေ့ပေါပေါများများ ရှိနေပေမယ့်၊ လာ ရောက်ဝယ်ယူသူ မရှိသလို၊ ဘယ်ကိုသွားရောင်ရမယ်ဆိုတာလည်း မသိတာကြောင့် နယ်ကိုယ်စား လှယ်၊ အရောင်းဒိုင်များ ဖွင့်ပေးစေလိုတယ်လို့ ဆိုပါတယ်။
” တကယ် စနစ်တကျ ဝယ်မယ်ဆိုရင် ကျွန်တော်တို့ နောက်နှစ်ကို ရောင်းချင်တယ်။ သေချာလေးကို စနစ်တကျ လုပ်ပေးမှာပေါ့။ ကျွန်တော်တို့ ဘက်မှာတော့ သိတဲ့အတိုင်းပဲ တမာက ပေါတယ်လေ။အခု အွန်လိုင်းပေါ်မှာသာ တမာတွေဝယ်တယ်၊ ဘာညာ သတင်းတွေ ထွက်နေတာ လာဝယ်တဲ့သူ မရှိဘူး။ ဝယ်ရင်တော့ဗျာ ကုန်သည်တွေကနေပဲတဆင့် ချိတ်ပြီးတော့ ဝယ်တယ်ဆိုရင်တော့လည်း ကျွန်တော်တို့ အဆင်ပြေတာပေါ့။ အဲလို ဒေသခံကုန်သည်တွေနဲ့ ချိတ်ဆက်ပြီး ဝယ်တယ်ဆိုရင် ကောင်းတာပေါ့။ ဒီနှစ် ကတော့ မမှီတော့ဘူးဆိုတော့ အဲလိုကြိုပြီးတော့ပြောပေါ့။ ဘယ်လောက်ဝယ်မယ် ဘယ်လေး ပေးမယ်ပေါ့ တစ်တင်းကို ခြောက်သောင်းပေးတယ်ဆို တစ်တင်းကို ခြောက်သောင်းပေးမယ် သူတို့ ဘယ် လောက်လောက် လိုချင်တယ်ဆို ကျွန်တော်တို့ ရှာထားမယ်။ စနစ်တကျ လုပ်ထားမယ် ” လို့ ကို ဝေထူးက ပြောပါတယ်။
လက်ရှိ ပြည်တွင်းမှာ တမာစေ့ကနေ ပိုးသတ်ဆေးတိုက်ရိုက်ထုတ်လုပ်တဲ့ စက်ရုံပေါင်း ၁၁ ခုရှိနေပြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးတို့မှာ ထုတ်လုပ်နေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ တမာပင်တွေကို အလေ့ကျပေါက်ရောက်မှုအနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တ လေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးအတွင်း အများဆုံးတွေ့ရှိရပြီး၊ စီးပွားဖြစ်စိုက်ပျိုးသူ အနည်းငယ်သာရှိတယ်လို့ သိရပါတယ်။
