The Farmer Times အပတ်စဉ် ကုန်စည်စျေးနှုန်း သုံးသပ်ချက်
The Farmer Times၊ ရန်ကုန်၊ ဇွန် ၂၂၊ ၂၀၂၆
အခုဆက်ပြီး ဇွန်လ ၁၂ ရက်ကနေ ၁၉ နေ့အထိ စျေးကွက်အတွင်း အတက်အကျ အနိမ့်အမြင့် ဖြစ်သွား တဲ့ လယ်ယာထွက်ကုန် သီးနှံဈေးနှုန်းတွေကို ပြောပြပေးချင်ပါတယ်။
ရန်ကုန်၊ ဘုရင်နောင်ကုန်စည်ဒိုင်မှာ ပြည်ပပို့ကုန် ပဲအမျိုးအစားတွေဖြစ်တဲ့ မတ်ပဲက စျေးဆက် တိုက် မြင့်တက်လာသလို၊ ပဲစင်းငုံကလည်း စျေးပြန်တက်လာပါတယ်။ ပဲတီစိမ်းကတော့ အမျိုးအစား အားလုံး စျေးထပ်မံကျဆင်းနေတာကို တွေ့ရပါတယ်။ ပဲပုတ်က အကျစျေးမှာ ငြိမ်နေပြီး၊ ကုလားပဲက တော့ စျေးကျဆင်းနေပါတယ်။
မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း
မတ်ပဲကတော့ အိန္ဒိယက အဝယ်ပြန်လိုက်လာလို့ အရောင်းအဝယ်သွက်ပြီး အခုတပတ်မှာ စျေးဆက် တိုက် မြင့်လာပါတယ်။ ပဲစင်းငုံ (RC) ကလည်း အခုတပတ်မှာ စျေးပြန်တက်လာပါတယ်။ ပဲတီစိမ်း ကတော့ စျေးကျဆင်းနေတာကို တွေ့ရပါတယ်။
ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ဇွန်လ ၁၂ ရက်နေ့က မတ်ပဲ (FAQ )တစ်တန်ကို ၃,၀၇၁,၀၀၀ ကျပ် ပေါက်စျေးရှိပြီး၊ ဇွန်လ ၁၉ ရက်နေ့ စျေးပိတ်ချိန်မှာတော့ တစ်တန်ကို ၃,၂၁၆,၀၀၀ ကျပ်ထိ ပေါက်စျေး ရှိခဲ့ပါတယ်။ တပတ်အတွင်း တစ်တန်ကို ၁၅၀,၀၀၀ ကျပ်လောက် စျေးမြင့်တက်လာတာ ဖြစ်ပါတယ်။
ပဲစင်းငုံ (RC) က ဇွန်လ ၁၂ ရက်နေ့က တစ်တန်ကို ကျပ်သိန်း ၃,၁၁၁,၀၀၀ ခန့် ပေါက်စျေးရှိခဲ့ပြီး၊ ဇွန်လ ၁၉ ရက်နေ့မှာတော့ တစ်တန်ကို ၃,၁၅၅,၀၀၀ ကျပ်ခန့် ပေါက်စျေးရှိနေတာကို တွေ့ရပါတယ်။ တပတ် အတွင်း တစ်တန်ကို ၄၀,၀၀၀ ကျပ်ကျော် စျေးပြန်တက်လာပါတယ်။
ပဲတီစိမ်း (ခရမ်းရွှေဝါ) နဲ့ ပဲခူးရွှေဝါက ဇွန်လ ၁၉ ရက်နေ့မှာ တစ်ပိဿာကို ၅,၆၆၅ ကျပ် ၊ ဝါးခယ်မက ၅,၀၀၀ မှ ၅,၀၂၀ ကျပ် ပေါက်စျေးရှိပြီး၊ ပဲတီစိမ်း(အညာ)ကတော့ တစ်ပိသာကို ၄,၂၅၀ မှ ၄,၂၇၀ ကျပ် ခန့် ပေါက်စျေးရှိခဲ့ပါတယ်။ တစ်ပတ်အတွင်း အမျိုးအစားအလိုက် တစ်ပိဿာကို ၁၅၀ မှ ၃၃၅ ကျပ် လောက် စျေးကျသွားပါတယ်။
ပဲပုတ်
ပဲပုတ်က အကျစျေးတန်းမှာ ငြိမ်နေပါတယ်။ ပဲပုတ်(ဗမာ)က မန္တလေးကုန်စည်ဒိုင်ကို ပဲအဝင်နည်းပေ မယ့် အရောင်းအဝယ် အေးနေပါတယ်။ ပဲပုတ်(ရှမ်း) ကတော့ ပဲအဝင်ပုံမှန် ရှိပေမယ့်လည်း ဝယ်လို အားနည်းတာကြောင့် အကျစျေးတန်းမှာပဲ ငြိမ်နေတာ ဖြစ်ပါတယ်။
ဇွန်လ ၁၉ ရက်နေ့က မန္တလေးကုန်စည်ဒိုင်မှာ ပဲပုတ်(ဗမာ)က (၅ဒသမ၂၅) ပိဿာဝင် တစ်အိတ်ကို ၃၈၅,၀၀၀ ကျပ်စျေးရှိပြီး၊ ပဲပုတ်(ရှမ်း)ကတော့ တစ်အိတ်ကို ၃၅၅,၀၀၀ မှ ၃၇၅,၀၀၀ ကျပ်အတွင်း ပေါက်စျေးရှိနေပါတယ်။
ကုလားပဲ
ကုလားပဲကတော့ ပဲကြော်ဖိုလုပ်ငန်းတွေက အဝယ်ပုံမှန်ရှိပေမယ့် အရောင်းအဝယ်ပါးတဲ့အတွက် စျေး အနည်းငယ် ကျဆင်းသွားပါတယ်။
ဇွန် ၁၇ ရက်နေ့ ကမန္တလေးကုန်စည်ဒိုင်စျေးကွက်မှာ ကုလားပဲ(V7) က (၅၇ဒသမ၂၅) ပိဿာဝင် တစ် အိတ်ကို ၂၁၇,၀၀၀ မှ ၂၁၉,၀၀၀ ကျပ်အတွင်း ပေါက်စျေးရှိပြီး၊ ကုလားပဲ(V2) က တစ်အိတ်ကို ၂၁၅,၀၀၀ ကျပ်၊ ကုလားပဲ(929) က ၂၁၅,၀၀၀ မှ ၂၁၈,၀၀၀ ကျပ်အတွင်း ပေါက်စျေးရှိနေပါတယ်။
အာလူး
အာလူးက ရှမ်းတောင်ပွဲရုံတွေကို ပစ္စည်းအဝင်များပြီး ဝယ်လိုအားနဲ့ ရောင်းလိုအားမမျှတဲ့ အခြေအ နေကြောင့် စျေးထပ်ကျသလို ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှာလည်း စျေးကျဆင်းနေပါတယ်။
ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ အောင်ပန်း(A1) တစ်ပိဿာကို ၁,၆၀၀ ကျပ်၊ Ok နဲ့ S1 က ၂,၂၀၀ ကျပ်၊ S2 က ၁,၉၀၀ ကျပ်သာ ပေါက်စျေးရှိနေပါတယ်။
ဇွန် ၁၉ ရက်က ဘုရင့်နောင်ကုန်စည်ဒိုင်ကို ကုန်ကားစီးရေ ၉ စီး၊ အာလူး ပိဿာချိန် ၅၄,၀၀၀ လောက် ဝင်ရောက်ခဲ့တယ်လို့ ကုန်သည်တွေက ပြောဆိုထားပါတယ်။
အခု တင်ဆက်ပေးထားတဲ့ သီးနှံစျေးနှုန်းတွေက အချိန်နဲ့ အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
