စာအုန်းဆီရည်ညွှန်းစျေး ၇၀၀၀ ကျော် သတ်မှတ်ထားပေမယ့် ပြင်ပစျေးကွက်မှာ ၁၅၀၀၀ ကျပ်ထိ ဖြစ်ပေါ်နေ
The Farmer Times၊ ဇွန်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ်။
အာဏာသိမ်းစစ်အစိုးရက စားအုန်းဆီအခြေခံ လက်ကားညွှန်းစျေးနူန်းကို တစ်ပိဿာ ကျပ် ၇,၀၀၀ ကျော်စျေး သတ်မှတ်ထားပေမယ့်၊ ပြင်ပစျေးကွက်ထဲမှာတော့ တစ်ပိဿာကို ၁၅,၀၀၀ ကျပ်အထိ ပေါက်စျေးရှိတယ်လို့ သတင်းရရှိပါတယ်။
လက်ရှိ ရန်ကုန်အထိုင် စားအုန်းဆီ အခြေခံလက်ကားညွှန်းစျေးနူန်းက တစ်ပိဿာကို ၇,၃၅၄ ကျပ် သတ် မှတ်ထားပြီး၊ ပြင်ပလက်လီ စျေးကွက်မှာတော့ လက်ကားစျေး တစ်ပိဿာကို ၁၂,၀၀၀ ကျပ်၊ လက် လီစျေး ၁၅,၀၀၀ ကျပ်ထိ ပေါက်စျေးရှိနေတာ ဖြစ်ပါတယ်။
” ဆီခွဲတမ်းက လိုသလောက်မရတော့ အပြင်စျေးနဲ့ ဝယ်ရတာ။ အပြင်စျေးနဲ့ ဝယ်ရတဲ့အတွက် ကိုက် အောင် ရောင်းရပါတယ်။ အဲဒီအတွက် ၁၂,၀၀၀ လောက်ကျပါတယ်။ ခွဲတမ်းစျေးနဲ့ရရင် ဝယ်တဲ့သူ တွေကို စျေးသက်သက်သာသာနဲ့ ရောင်းနိုင်ပါတယ်။ ” လို့ စားအုန်းဆီ လက်လီလက်ကား ရောင်းချသူ ကိုမင်းမင်းက ပြောပါတယ်။
လက်ရှိမှာ ပြည်ပကနေ စားအုန်းဆီ တင်သွင်းမှုကို အရင်ကထက် တန်ချိန် လျှော့ချတင်သွင်းနေတဲ့အ တွက် ပြည်တွင်းမှာ စားအုန်းဆီ လိုအပ်ချက်များပြီး စျေးနှုန်းမြင့်တက်နောလို့ ကုန်သည်တွေက ပြောပါတယ်။
စားအုန်းဆီကို အခြေခံလူတန်းစားတွေနဲ့ အကြော်စုံလုပ်ငန်း၊ မုန့်လုပ်ငန်းတွေအတွက် ဝယ်လိုအား မြင့် တက်မှုကို အခွင့်ကောင်းယူပြီး အဆင့်ဆင့်စျေးကစားတဲ့ ကုန်သည်တွေကြောင့် အစိုးရသတ်မှတ်စျေးနဲ့ လိုအပ်သလောက် ဝယ်ယူလို့မရတာလို့လည်း သုံးသပ်ကြပါတယ်။
” ပဲကြော် လုပ်ငန်းဆိုတော့ ဆီကလိုအပ်တယ်။ အမြဲတမ်း အပိုဆောင်ထားရတယ်။ ခွဲတမ်းနဲ့ရောင်းပေး တာမျိုးဆို အဆင်ပြေတာပေါ့။ အခုက အဲလိုမရလို့ အပြင်စျေးနဲ့ ဝယ်ရတယ်။ ဆီစျေးမြင့်တော့ ပဲကြော်စျေးပါ မြှင့်ရောင်းရတာရှိတယ်။.” လို့ မကွေးမြို့က ပဲကြော်ဖိုလုပ်ငန်း လုပ်ကိုင်သူ ကိုဝင်းက ပြောပါတယ်။
လက်ရှိ ပြင်ပစျေးကွက်မှာ စားအုန်းဆီ တစ်ပိဿာကို ၁၂,၀၀၀ ကျပ်မှ ၁၅,၀၀၀ အတွင်း ပေါက်စျေးရှိ နေပေမယ့် လိုအပ်သလောက် ပမာဏကို ဝယ်ယူလို့ရတဲ့ အခြေအနေ ရှိနေတယ်လို့လည်း ဆိုကြပါတယ်။
စားအုန်းဆီက ပြည်ကနေ တင်သွင်းမှု ပမာဏ လျော့ကျသွားတဲ့အတွက် ပြည်တွင်းမှာ ဆီ ခွဲတမ်းချပေး မှု နည်းပါးသွားတာကြောင့် စျေးကွက်အတွင်းမှာ ဆီလိုအပ်ချက် မြင့်မားလာပြီး စျေးနူန်းအမြင့်တန်းမှာ ပဲ ဆက်လက်ရှိနေတာ ဖြစ်တယ်လို့ ကုန်သည်တွေက ပြောဆိုထားပါတယ်။
