September 3, 2026

“စစ်အုပ်စုဗိုလ်ကျသမျှ နစ်နာနေရတဲ့ နင်းပြားဘဝ မြန်မာ့လယ်သမားများ”

“စစ်အုပ်စုဗိုလ်ကျသမျှ နစ်နာနေရတဲ့ နင်းပြားဘဝ မြန်မာ့လယ်သမားများ”

The Farmer Times၊ ဇူလိုင်လ ၂၊ ၂၀၂၆။

(မြတ်မင်းဟန်၊ တောင်သူအကျိုးပြုဆောင်းပါး)

မြန်မာ့လူမှုအသိုင်းအဝိုင်းမှာ ကိုယ့်ထက် အင်အားကြီးသူ၊ အာဏာရှိသူ၊ သြဇာအရှိန်အဝါကြီးသူတို့က နိုင့်ထက်စီးနင်းလုပ်တာကို ခံကြရတဲ့အခါ ဘာမှတုံ့ပြန်နိုင်စွမ်း မရှိသူတွေအနေနဲ့ “အားမတန် မာန်လျှော့” “ပြုသမျှ နုရတယ်” လို့ ရေရွတ်ညည်းတွားလေ့ ရှိကြပါတယ်။

ဒီကနေ့ စစ်အုပ်စုလက်ထက် မြန်မာနိုင်ငံက တောင်သူဦးကြီးတွေ ရင်ဆိုင်နေရတဲ့ အခြေအနေဟာလည်း အဲဒီအတိုင်း တထပ်တည်းပါပဲ။ ဒုသမ္မတ (၁) ဦးညိုစောနဲ့ သမဝါယမနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဦးမျိုးဇော်သိန်းတို့ “ပြုသမျှ နုနေရတဲ့” ဘ၀ကို ရောက်နေကြရတာပါ။

လတ်တလော မြန်မာ့တောင်သူလယ်သမားတွေ စိုက်ပျိုးရေးလုပ်ငန်းခွင်မှာ မဖြစ်မနေ အသုံးပြုနေရတဲ့ ယူရီးယား ပုလဲဓာတ်မြေဩဇာ တင်သွင်းမှု လုပ်ပိုင်ခွင့်ကို အာဏာသိမ်းစစ်တပ်အတွက် နိုင်ငံခြားဝင်ငွေ အဓိက ရှာပေးနေတဲ့ မြန်မာ့စီးပွါးရေးကော်ပိုရေးရှင်း (MEC) က လက်ဝါးကြီးအုပ်ထားတာကြောင့် ပြည်တွင်းမှာ စျေးနှုန်းယှဉ်ပြိုင်မှု မရှိတော့ပဲ စျေးနှုန်း အဆမတန် ကြီးမြင့်နေတယ်လို့ ပြည်တွင်းစိုက် ပျိုးရေးသွင်းအားစု လုပ်ငန်းရှင်ကြီးတွေက The Farmer Times ကို ပြောပါတယ်။

ဒုသမ္မတ (၁) ဦးညိုစောဟာ MEC အကြီးအကဲဟောင်း ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်ပ တင်သွင်းကုန်တွေ နဲ့ ပတ်သက်လို့ ဆုံးဖြတ်ပိုင်ခွင့် အပြည့်အ၀ရှိတဲ့ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ (FESC) ဥက္ကဋ္ဌ လည်း ဖြစ်တာကြောင့် တင်သွင်းခွင့် မူဝါဒတွေနဲ့ လုပ်ပိုင်ခွင့်တွေကို လက်ဝါးကြီးအုပ်ထားနိုင်နေတာလို့ စိုက်ပျိုးရေးသွင်းအားစု လုပ်ငန်းရှင်ကြီးတွေက ပြောပါတယ်။

တောင်သူအများစု သုံးရတဲ့ ယူရီးယား (ပုလဲ) မြေဩဇာကို ကုမ္ပဏီတစ်ခုတည်းကပဲ သွင်းခွင့်ရတဲ့ ထူးခြားတဲ့ အခြေအနေပါ။ ဒီကုမ္ပဏီကလည်း မြန်မာ့စီးပွါးရေးကော်ပိုရေးရှင်း (MEC) ရဲ့ ကုမ္ပဏီခွဲ ဖြစ်တဲ့ ALPS trading ပါလို့ စိုက်ပျိုးရေးသွင်းအားစု လုပ်ငန်းရှင်ကြီး တစ်ဦးက The Farmer Times ကို ပြောပါတယ်။

ပြည်တွင်း မြေဩဇာသုံးစွဲမှု ပမာဏနဲ့ ပြည်ပက တင်သွင်းရမှု အခြေအနေ

မြန်မာနိုင်ငံမှာ နှစ်စဉ် ယူရီးယားဓာတ်မြေဩဇာ တန်ချိန် ၁ ဒဿမ ၂ သန်းကနေ ၁ ဒဿမ ၅ သန်း ဝန်း ကျင်လောက် လိုအပ်ချက်ရှိပါတယ်။ ပြည်တွင်းမှာ မြေဩဇာစက်ရုံတချို့ ရှိပေမယ့် ထုတ်လုပ်မှု ပမာ ဏက လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်တဲ့အတွက် ယူရီးယားဓာတ်မြေဩဇာ ပမာဏအများစုကို ပြည်ပကနေ နှစ်စဉ် တင်သွင်းနေရတာပါ။

မြန်မာနိုင်ငံအနေနဲ့ ယူရီးယားဓာတ်မြေဩဇာတွေကို အဓိကအားဖြင့် တရုတ်နိုင်ငံကနေ တင်သွင်းနေ တာဖြစ်ပြီး အရှေ့အလယ်ပိုင်း၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နဲ့ ဆော်ဒီအာရေဗျနိုင်ငံတို့က နေလည်း တင်သွင်းနေသလို  အာဆီယံဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကနေ လည်း ကုန်သွယ်မှုလမ်းကြောင်းအပေါ် မူတည်ပြီး တင်သွင်းတာ ရှိပါတယ်။

စျေးနှုန်းမြင့်တက်ခဲ့မှု အခြေအနေနှင့် အမြင့်ဆုံးရောက်ခဲ့သည့်နှုန်း

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်း အရှေ့အလယ်ပိုင်းမှာ စစ်ရေးတင်းမာမှုတွေ စဖြစ် လာပြီးနောက် ဟော်မုဇ်ရေလက် ကြား (Strait of Hormuz) ကို ဖြတ်သန်းခွင့် ပိတ်ဆို့တဲ့အတွက် ယူရီး ယားစျေးနှုန်းတွေဟာ ရက်ပိုင်းအတွင်း ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာ ခိုင်နှုန်းခန့်အထိ ရုတ်တရက် ခုန်တက် ခဲ့ပြီး ဧပြီလမှာ တစ်တန်ကို ကန်ဒေါ်လာ ၈၅၀ ကနေ ၉၀၀ ဝန်းကျင်အထိ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။

ကမ္ဘာ့ ယူရီးယားတင်ပို့မှုရဲ့ သုံးပုံ တစ်ပုံခန့် (၃၀ ရာခိုင်နှုန်းကျော်) ဟာ အဲဒီရေလမ်းကြောင်းကို ဖြတ်သန်း နေရတာဖြစ်ပြီး ဟော်မုဇ်ရေ လက်ကြား ပိတ်ဆို့မှုကြောင့်  ကုန်ကြမ်းဖြစ်တဲ့ သဘာဝဓာတ်ငွေ့ရည် (LNG) စျေးနှုန်းတွေပါ လိုက်ပါမြင့်တက်တဲ့အတွက် ယူရီးယားစျေးနှုန်းတွေ စံချိန်တင် မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ဧပြီ၊ မေလလောက်မှာ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အနီး ပိတ်မိနေတဲ့ တရုတ်နဲ့ ထိုင်းနိုင်ငံက ဓာတ်မြေဩ ဇာတင် ကုန်သင်္ဘောတချို့  အဲဒီရေလမ်းကြောင်းကို ဖြတ်သန်းနိုင်ခဲ့ သလို အိန္ဒိယနိုင်ငံကို ဦးတည်ခုတ်မောင်းတဲ့ ယူရီးယားသင်္ဘော (၈) စီး၊ Diammonium Phosphate (DAP) တင်ဆောင်လာတဲ့ သင်္ဘော (၄) စီး၊ အမိုးနီးယား တင်ဆောင်လာတဲ့ သင်္ဘော (၁) စီးနဲ့ ဆာလဖာ တင် ဆောင်လာတဲ့ သင်္ဘော (၃) စီးတို့ထဲက သင်္ဘော ၁၂ စီးဟာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်း နိုင်ခဲ့တာကြောင့် ကမ္ဘာ့စျေးကွက်အတွင်း ယူရီးယားဈေးနှုန်းတွေ ပြန်ကျခဲ့ပေမယ့် မြန်မာနိုင်ငံမှာတော့ ဆက်ပြီး စျေးတက်နေဆဲပါပဲ။

အရှေ့အလယ်ပိုင်းစစ်ပွဲတွေ စတင်ချိန်က  ယူရီးယားဓာတ်မြေဩဇာ တစ်တန်ကို မြန်မာနိုင်ငံအရောက် အမေရိကန်ဒေါ်လာ  ၈၀၀ ကျော်  ပေါက်စျေးရှိခဲ့ရာကနေ ပြီးခဲ့တဲ့ ဇွန်လအတွင်း တစ်တန်ကို ကန် ဒေါ်လာ ၆၀၀ လောက်ထိ ဈေးကျလာပေမယ့် ပြည်တွင်းစျေးကွက်မှာ မြေဩဇာစျေးတွေ လိုက်မကျ တာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဦးခင်မြင့်ကလည်း ဝေဖန်ပြောဆိုထားပါတယ်။

Urea စျေးက တရုတ်က ၆၄၀၆၅၀ အထိ ကျလာကြောင်း တွေ့ရ။ မြန်မာက ၈၅၀ ၈၆၀ နဲ့ ဝယ်ထား ပြီးတော့ Import limits လုပ်ထားတာကြောင့် စျေးနှုန်းယှဉ်ပြိုင်မှုမရှိဘဲ စျေးကြီးနေကြောင်းပါလို့ ပြောပါတယ်။

လတ်တလော နိုင်ငံတကာ စျေးကွက်အတွင်း ယူရီးယား (ပုလဲ) ဓာတ်မြေဩဇာ တစ်တန်ကို ကန်ဒေါ်လာ ၄၀၀ ကနေ ၄၂၄ ဒေါ်လာထိ ပြန်ကျနေပေမယ့် ပြည်တွင်းစျေးကွက်ထဲမှာတော့ တောင်သူတွေ အများ ဆုံးအသုံးပြုတဲ့ မြေဩဇာတွေကို အမြင့်ဆုံးစျေးနှုန်းနဲ့ပဲ ဆက်ပြီးရောင်းချနေကြပါတယ်။

မြင်းပျံ ပုလဲ ၁၅ ပတ်လည်စျေးတွေက မကျပါဘူး။ ကျတာက ဆာလဖာတွေပါ။ ဆာလဖာက နိုက်ထ ရိုဂျင် ၂၀ ကျော်ပဲပါတယ်။ မြင်းပျံပုလဲက နိုက်ထရိုဂျင် ၄၀ ကျော်ပါတယ်။ အဲဒါကြောင့်စျေးလည်း ကွာတာ။ စျေးတွေက တောင်သူအသုံးများတာတွေက မကျပါဘူးလို့ စိုက်ပျိုး ရေးဆေးနဲ့ ဓာတ်မြေ ဩဇာအရောင်းဆိုင်တခုက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အမှန်တကယ် ပြည်တွင်းမှာ စိုက်ပျိုးရေးသွင်းအားစု စျေးနှုန်းတွေ မကျဆင်းရတာက မြန်မာနိုင်ငံ မြေ ဩဇာ၊ မျိုးစေ့နဲ့ စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များအသင်းက သွင်းကုန်လုပ်ငန်းရှင်တချို့နဲ့ပေါင်းပြီး ရည်ညွှန်းစျေးသတ်မှတ်ပြီးတော့ စျေးကွက်ထိန်းချုပ်ထားတဲ့ မူဝါဒကြောင့် မြေဩဇာစျေးတွေ အဆမတန် မြင့်တက်နေတာ ဖြစ်တယ်လို့ စိုက်ပျိုးရေး သွင်းကုန်၊ ထုတ်ကုန် လုပ်ငန်းရှင်တစ်ဦးကလည်း သုံး သပ်ပြောဆိုပါတယ်။

အသင်းနဲ့ ကုန်သည်တွေက တရုတ်ဘက်က ဈေးကျပေမယ့် ပြည်တွင်းဈေးကို ထိန်းချုပ်ပြီး သတ် မှတ်ဈေးတွေ လုပ်နေလို့ ယှဉ်ပြိုင်ဈေးကွက်မရှိပဲ ဈေးနှုန်းမြင့်တက်ပြီး တောင်သူတွေ ဒုက္ခရောက်နေ တာ”  လို့ သူက ပြောပါတယ်။

ကမ္ဘာ့ယူရီးယားစျေး အမြင့်ဆုံးဖြစ်ခဲ့တဲ့ ဧပြီလအတွင်းက ပြည်တွင်းမှာ ပုလဲမြေဩဇာ (ယူရီးယား) ၅၀ ကီလို တစ်အိတ်ကို တရားဝင် သတ် မှတ်ထားတဲ့ ရန်ကုန်အထိုင် ရည်ညွှန်းဈေးက ၉၄,၀၀၀ ကျပ် ဖြစ် ပေမယ့် တောင်သူတွေ ဝယ်ယူသုံးစွဲရတဲ့ တကယ့်မြေပြင် ပြင်ပစျေးကွက်မှာတော့ အမှတ်တံဆိပ်ပေါ် မူတည်ပြီး  တစ်အိတ်ကို ၁၅၀,၀၀၀ ကျပ် ဝန်းကျင်အထိ စျေးပေးပြီး ဝယ်ယူသုံးစွဲခဲ့ရတယ်လို့ ဆိုကြပါတယ်။

လက်ရှိမှာ ပြီးခဲ့တဲ့ ဇွန်လကစလို့ ကမ္ဘာ့ယူရီးယားစျေး ပြန်ကျလာ​ပေမယ့် ပြည်တွင်းက တောင်သူတွေ ဝယ်ယူသုံးစွဲရတဲ့ မြေပြင် ဓာတ်မြေဩဇာစျေးကွက် အတွင်းမှာတော့ မြင်းပျံ (ယူရီးယား ပုလဲဓာတ်မြေ ဩဇာ) တစ်အိတ်ကို ၁၇၀,၀၀၀ ကနေ ၁၈၅,၀၀၀ ကျပ်ဝန်းကျင် ပေါက်စျေးရှိနေပြီး ၁၅ ပတ်လည် ဓာတ်မြေဩဇာ တစ်အိတ်ကိုတော့ ၂၃၀,၀၀၀ ကျပ်အထက် ပေါက်စျေးရှိနေပါတယ်။

ကျန်တဲ့ ဓာတ်မြေဩဇာတွေကလည်း အမျိုးအစားအလိုက် တစ်အိတ်ကို ၁၆၀,၀၀၀ ကျပ်လောက် အ နည်းဆုံး ပေါက်စျေးရှိနေတယ်လို့ လယ်သမားတွေက ပြောပါတယ်။

မြေဩဇာအသင်းက ထုတ်ပြန်တဲ့ ရန်ကုန်အထိုင် လက်ကား မြေဩဇာ ရည်ညွန်းဈေးနှုန်းက ဇူလိုင်လ အတွက်  ယူရီးယား (အလုံးကြီး) မြေဩဇာ (၅၀ ကီလိုဂရမ် တစ်အိတ်)ကို ၁၂၀,၀၀၀ ကျပ်၊ Di Ammonium Phosphate အခြေခံ ၁၅ ပတ်လည် (၅၀ ကီလိုဂရမ် တစ်အိတ်) ကို ၁၁၅,၀၀၀ ကျပ် သတ်မှတ်ထားပြီး Complex ၁၅ ပတ်လည် မြေဩဇာကိုတော့ ရည်ညွှန်းဈေးနှုန်း သတ်မှတ်မထားတာ တွေ့ရပါတယ်။

ကမ္ဘာ့စျေး အမြင့်ဆုံးဖြစ်ခဲ့တဲ့ ဧပြီလဝန်းကျင်က စံချိန်တင်စျေးနှုန်းတွေထက်  လက်ရှိ ဇူလိုင်လမှာ ပြည်တွင်း ယူရီးယားစျေးက အဆမ တန် ပိုများနေတာ ဖြစ်ပါတယ်။ မြေဩဇာစျေး ကြီးတာကြောင့် စပါးနဲ့ ဆီထွက်သီးနှံ စိုက်ပျိုးတဲ့ တောင်သူတွေရဲ့ စိုက်ပျိုးကုန်ကျစရိတ်ဟာ ပုံမှန်ထက် နှစ်ဆနီးပါး ပိုများသွားတယ်လို့ ပြောကြပါတယ်။

ဒါ့အပြင် စိုက်ပျိုးကုန်ကျစရိတ် မတတ်နိုင်တာကြောင့် တောင်သူအများစုဟာ ယူရီးယားမြေဩဇာကို ပုံမှန်နှုန်းထားထက် လျှော့ချသုံးစွဲတဲ့အတွက် သီးနှံထွက်နှုန်းအပေါ်လည်း ထိခိုက်ခဲ့ပါတယ်။

ပြည်တွင်းယူရီးယားမြေဩဇာစျေး အဆမတန် မြင့်တက်နေခြင်းရဲ့ နောက်ကွယ်က လက်မည်းကြီး

အခုလို ပြည်တွင်းယူရီးယားမြေဩဇာစျေး အဆမတန် မြင့်တက်ပြီး တောင်သူတွေ စိုက်စရိတ် ပိုကုန် ကျလာရတာဟာ  စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) လက်အောက်ခံ ကုမ္ပဏီ တစ်ခုဖြစ် တဲ့ The Alps Trading Company Limited က ယူရီးယားတင်သွင်းခွင့်ကို တဦးတည်းယူထားပြီး ပြည် တွင်းယူရီးယား (ပုလဲ) မြေဩဇာစျေးကွက်ကို လက်ဝါးကြီးအုပ် ချုပ်ကိုင်စျေးကစားနေတာကြောင့် ဖြစ် တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စိုက်ပျိုးရေးသွင်းအားစု လုပ်ငန်းရှင်ကြီးတစ်ဦးက The Farmer Times ကို ပြောပါတယ်။

မြေဩဇာတင်သွင်းခွင့် ပေါ်လစီနဲ့ လိုင်စင်ထုတ်ပေးတာကို စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာနလက်အောက်ခံ “မြေဩဇာကော်မတီ” က တင်သွင်းမယ့် မြေဩဇာအမျိုးအစား၊ အရည်အ သွေး ထောက်ခံချက်နဲ့ တင်သွင်းခွင့် မှတ်ပုံတင်လက်မှတ် (Import Registration) ကို စိစစ်ထုတ်ပေးရတာ ဖြစ်ပါတယ်။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကုန်သွယ်ရေးမူဝါဒအရ အမှန်တကယ် ပြည်ပကနေ သယ်ယူခွင့်ပြုတဲ့  “သွင်းကုန်လိုင်စင် (Import License)” ကို တိုက်ရိုက် စိစစ်ချပေးတာပါ။

အဓိကအားဖြင့် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ (FESC) ဥက္ကဋ္ဌ ဦးညိုစောနဲ့ ယူရီးယားမြေဩဇာ ဝယ်ယူ ဖြန့်ဖြူးရောင်းချရေး ဦး ဆောင်ကော်မတီဥက္ကဋ္ဌ (သမဝါယမနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဦးမျိုးဇော်သိန်း၊ ပြည်ခိုင်ဖြိုး ဒု-ဥက္ကဋ္ဌတစ်ဦးဖြစ်သူ) တို့က ပြည်ပကနေ ဝယ်ယူနိုင်ဖို့အတွက် တရားဝင် ဒေါ်လာငွေလဲလှယ်ခွင့် (Dollar Allocation) နဲ့ စျေးကွက်အတွင်း ယူရီးယားခွဲတမ်းချပိုင်ခွင့် မူဝါဒပိုင်းကို အဓိက ချုပ်ကိုင်ထားတာ ဖြစ်ပါတယ်။

အနှစ်ချုပ်အားဖြင့် မူဝါဒနဲ့ လိုင်စင်ကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ စိုက်ပျိုးရေး ဝန်ကြီးဌာနက ကိုင်တွယ်ပေမယ့် လက်တွေ့မှာတော့ စစ်ကောင်စီရဲ့ အထူးညွှန်ကြားချက်နဲ့ MEC လက်အောက်ခံ Alps Trading လို စစ်တပ်နောက်ခံ ကုမ္ပဏီတွေကိုပဲ ဦးစားပေး ခွင့်ပြုနေတာလို့ သွင်းအားစု လုပ်ငန်းရှင်တွေက ပြောကြပါတယ်။

MEC အကြီးအကဲ(ဟောင်း) ဒုသမ္မတ (၁) ဦးညိုစောဟာ  (FESC) ဥက္ကဋ္ဌအနေနဲ့ ပြည်တွင်းမှာ အမေရိ ကန်ဒေါ်လာနဲ့ ပြည်ပငွေလဲလှယ်နှုန်း မူဝါဒတွေ၊ သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင်တွေအတွက် ဒေါ်လာ ခွဲတမ်း (Dollar Allocation) ချထားပေးတာတွေကို ကိုင်တွယ်ထားသလို ရု ရှားနိုင်ငံကနေ စက်သုံးဆီ (ဒီဇယ်/ဓာတ်ဆီ) တင်သွင်းတာ၊ သိုလှောင်တာနဲ့ ဖြန့်ဖြူးတဲ့ လုပ်ငန်းစဉ်တွေကို ကြီးကြပ်ရတဲ့ အထူး ကော်မတီမှာလည်း ဦးဆောင်သူဖြစ်တာကြောင့် ပြည်တွင်းစွမ်းအင်နဲ့ စီးပွားရေးကဏ္ဍအပေါ်  လွှမ်းမိုးချုပ်ကိုင်ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ကိုယ်ရေးအကြံပေး ဖြစ်ခဲ့ဖူးတာကြောင့် လက်ရှိမှာလည်း စစ် တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေနဲ့ ခရိုနီကုမ္ပဏီတွေအကြား လုပ်ပိုင်ခွင့်နဲ့ လိုင်စင်တွေ ချထားပေးတာမှာ သြဇာညောင်းဆဲ ဖြစ်တယ်လို့ ရန်ကုန်မြို့ခံ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက ပြောပါတယ်။

အနှစ်ချုပ်ဆိုရရင် ဦးညိုစောဟာ ဝန်ကြီးချုပ်ကနေ ဒုတိယသမ္မတ (၁) ဖြစ်လာပြီး လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားငွေကြေးစီမံခန့်ခွဲမှု၊ နိုင်ငံ တကာ စီးပွားဆက်ဆံရေးနဲ့ စစ်တပ်နောက်ခံ စီးပွားရေးမူဝါဒတွေ အားလုံးကို ကန့်လန့်ကာနောက်ကွယ်ကနေ ကိုင်တွယ်ဆုံးဖြတ်နေတဲ့ အဓိ က အရေးအပါဆုံးသော အရပ် ဘက်အမည်ခံ စစ်ဘက်ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။

ပြည်ပကနေ ယူရီးယား တင်သွင်းတာ၊ ပြည်တွင်းမှာ ဖြန့်ဖြူးခွင့် ကုမ္ပဏီခွဲတမ်းတွေကို အဓိက ကိုင်တွယ်တာကတော့ FESC ဥက္ကဌ စစ်ဗိုလ်ချုပ်ဟောင်း ဦးညိုစောနဲ့ သမဝန်ကြီး ဦးမျိုးဇော်သိန်းတို့က အဓိကပါပဲ။ ဦးမျိုးဇော်သိန်က အရင်က ြည်ခိုင်ဖြိုးပါတီက ဒု-ဥက္ကဌ တစ်ဦး ၊ အခုသူက သမဝန်ကြီး ခန့်အပ်ခံရတော့ မြေဩဇားဆောင်ကော်မတီ ဥက္ကဌအဖြစ် တာဝန်ယူထားတာလို့ မြန်မာနိုင်ငံ ဆန်စ ပါးလုပ်ငန်းရှင်များအသင်းချုပ် အသင်းဝင် ဆန်ကုန်သည်တစ်ဦးက ပြောပါတယ်။

ယူရီးယားမြေဩဇာ တင်သွင်းနိုင်ရေး တင်ဒါ (Tender) ခေါ်ယူခြင်း

လတ်တလောမှာ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နဲ့ စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များအသင်းက ယူရီး ယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်း ချရေး ဦးဆောင်ကော်မတီရဲ့ လမ်းညွှန်ချက်အရ အရည်အသွေး မြင့် မြေဩဇာတွေကို ဈေးနှုန်းသက်သာစွာနဲ့ တင်သွင်းနိုင်ဖို့အတွက် တင် ဒါ (Tender) ယှဉ်ပြိုင်မှုစနစ်ကို စတင်ဆောင်ရွက်သွားမယ်ဆိုပြီး သွင်းအားစုလုပ်ငန်းရှင်တွေထံ ဟန်ပြ စာပေးပို့လာတယ်လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ပြည်ပကနေတင်သွင်းဖို့ ကျန်ရှိနေတဲ့ ယူရီးယားမြေဩဇာ သင်္ဘော (၅) စီးစာအတွက် အသင်းဝင်ကုမ္ပဏီ တွေကို ဖိတ်ခေါပြီး အပတ်စဉ် တင်ဒါခေါ်ယူမှာဖြစ်ပေမယ့် သတင်းစာမှာ ကြေညာမှာမဟုတ်ဘူးလို့လည်း ပြောထားပါတယ်။

စစ်တပ်ပိုင် MEC လက်အောက်ခံ Alps Trading အပါအဝင် ဒုသမ္မတ(၁) ဦးညိုစောနဲ့ နီးစပ်မှုရှိတဲ့ စစ်တပ်ကျောထောက်နောက်ခံ ကုမ္ပဏီတချို့ဟာ ပြီးခဲ့တဲ့ ဇွန်လအတွင်း ပထမအကြိမ်အနေနဲ့ သင်္ဘော ၂ စီးစာ၊ ယူရီးယားတန်ချိန်  ၅၇,၄၀၀ တန်၊ တစ်တန်ကို အမေရိကန်ဒေါ်လာ ၇၈၀ နဲ့ ဝယ်ယူခွင့် ရခဲ့ပါတယ်။

အလားတူ ဇွန်လအတွင်း ဒုတိယအကြိမ်အနေနဲ့ သင်္ဘော ၂ စီးစာ ယူရီးယားဓာတ်မြေဩဇာ တန်ချိန်  ၆၀,၀၀၀၊ တစ်တန်ကို ၇၀၄ ဒေါ်လာနဲ့ ဝယ်ယူခွင့် ရခဲ့တယ်လို့ သိရပါတယ်။

တင်သွင်းဖို့ ကျန်နေသေးတဲ့ ယူရီယားမြေဩဇာ တန်ချိန် ၁၂၅,၀၀၀ တန်အတွက် တစ်တန်ကို အမေ ရိကန်ဒေါ်လာ ၄၅၀ စျေးနဲ့  ၅ ပတ်ဆက်တိုက် တင်ဒါ (Tender) ခေါ်သွားမယ်လို့  မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နဲ့ စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များအသင်းက ဇူလိုင် ၆ ရက်နေ့မှာ လုပ်ငန်းရှင်တွေဆီ ပေးပို့တဲ့ အသိပေးစာမှာ တွေ့ရပါတယ်။

တင်ဒါ (Tender) တစ်ကြိမ်မှာ တန်ချိန် ၂၅,၀၀၀ ကနေ ၃၀,၀၀၀ နဲ့ စုစုပေါင်း ၅ ကြိမ်ခန့် တင်သွင်းခွင့် ခေါ်ယူသွားမှာ ဖြစ်ပါတယ်။ တင်ဒါရရှိပြီး ၂ ပတ်ကနေ ၄ ပတ်အတွင်း သင်္ဘောတင်နိုင်ရမှာ ဖြစ်သလို ၆ ပတ်အတွင်း ရန်ကုန်ဆိပ်ကမ်းကို ရောက်ရမှာဖြစ်တယ်လို့ ထည့်သွင်းရေးသားထားပါတယ်။

တင်ဒါအနိုင်ရရှိသူအနေနဲ့  ဝယ်ယူမှုတန်ဖိုးရဲ့ ၅ ရာခိုင်နှုန်းကို Performance Guarantee အဖြစ် အသင်း ထံ ပေးသွင်းထားရမှာဖြစ်ပြီး သတ်မှတ်ရက်အတွင်း သင်္ဘောမရောက်ရင် အဲဒီငွေကို ဒဏ်ကြေးအဖြစ် သိမ်းဆည်းသွားမှာ ဖြစ်တယ်လို့ အဲဒီ တင်ဒါအသိပေးစာမှာ ရေးထားပါတယ်။

“အသင်းက တင်ဒါ (Tender) ခေါ်တယ်ဆိုပေမယ့် သူတို့ သတ်မှတ်ချက်တွေက သာမန် တင်သွင်းသူတွေ လိုက်မလုပ်နိုင်တဲ့ အခြေအနေပါ” လို့ ဆန်စပါး လုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုပါတယ်။

သွင်းကုန်လိုင်စင်နဲ့ ဗဟိုဘဏ် ဒေါ်လာခွဲတမ်းကို လက်ဝါးကြီးအုပ် ရယူခြင်း

လတ်တလော ပြည်တွင်း ပုဂ္ဂလိကလုပ်ငန်းရှင်တွေအတွက် မြေဩဇာတင်သွင်းခွင့် သွင်းကုန်လိုင်စင် (Import License) လျှောက်ထားရာမှာ လပေါင်းများစွာ ကြာမြင့်တာ သို့မဟုတ် ပယ်ချခံရတာတွေ  ရှိနေပေမယ့် စစ်တပ်ပိုင် MEC ၊ Alps Trading လို ကုမ္ပဏီတွေကတော့ အ လွယ်တကူနဲ့ လိုင်စင်အများ အပြား ရနေကြတယ်လို့ အဲဒီကုန်သည်ကြီးက ပြောပါတယ်။

ဒါ့အပြင် ပြင်ပမှာ ဒေါ်လာစျေး အဆမတန် ကြီးမြင့်နေချိန် MEC ပိုင် Alps Trading ဟာ ဗဟိုဘဏ်ရဲ့ သက်သာတဲ့ ဦးစားပေးနှုန်းထားနဲ့ ဒေါ်လာဝယ်ယူခွင့် ခွဲတမ်း (Dollar Allocation) ကို ရတာကြောင့် အ ခြားပုဂ္ဂလိက သွင်းကုန်သမားတွေထက် သွင်းအားစုစရိတ် အလွန် သက်သာစွာနဲ့ မြေဩဇာတင်သွင်းခွင့် ရနေတာပါ။

အာဏာသိမ်းစစ်အစိုးရဲ့ ကုန်သွယ်ရေးမူဝါဒတွေအရ ပြည်ပကနေ ယူရီးယားမြေဩဇာ တင်သွင်းမှုကို ကုမ္ပဏီအနည်းငယ်ကိုပဲ ကန့်သတ်ခွင့်ပြုခဲ့တာမှာ Alps Trading ဟာ အိုမန် (Oman) နဲ့ တရုတ်နိုင်ငံတို့က ယူရီးယားမြေဩဇာတွေကို သင်္ဘောလိုင်းကြီးတွေနဲ့ အလုံးအရင်း တင်သွင်းနိုင်တဲ့ ဘဏ္ဍာရေးနဲ့ အုပ် ချုပ်ရေးပိုင်း လုပ်ပိုင်ခွင့်တွေအပြင် စျေးကွက်အတွင်း လက်ကားဖြန့်ဖြူးမှုကို စိတ်ကြိုက်လွှမ်းမိုးခွင့် ရထားတာ ဖြစ်ပါတယ်။

ခွဲတမ်းစနစ် (Quota System) ဖြင့် စျေးကွက်ကို ထိန်းချုပ်ခြင်း

Alps Trading ဟာ တင်သွင်းလာတဲ့ ယူရီးယားမြေဩဇာတွေကို မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နဲ့ စိုက်ပျိုး ရေးဆေး လုပ်ငန်းရှင်များအသင်းနဲ့ စိုက်ပျိုးသီးနှံ အသင်းအဖွဲ့တွေဆီ “ခွဲတမ်းစနစ်” နဲ့ ပြန်လည်ချထားခွင့် ရရှိထားပါတယ်။

အဲဒီလို ခွဲတမ်းထုတ်ပေးတာမှာလည်း သူတို့နဲ့ရင်းနှီးတဲ့ ကုန်သည်တွေ သို့မဟုတ် စစ်တပ်နဲ့နီးစပ်တဲ့  စီးပွားရေးလုပ်ငန်းရှင်တွေကိုသာ ဦး စားပေးတာကြောင့် ပြည်တွင်းက သာမန် မြေဩဇာအရောင်းဆိုင် တွေနဲ့ တောင်သူတွေအနေနဲ့ သူတို့သတ်မှတ်တဲ့ စျေးနှုန်းနဲ့ စည်းကမ်းချက်တွေအတိုင်းသာ ဝယ်ယူအ သုံးပြုနေကြရတာ ဖြစ်ပါတယ်။

Alps Trading ဟာ ပြည်တွင်းစျေးနှုန်း အတက်အကျကို ဆုံးဖြတ်နိုင်သလို စျေးကွက်တစ်ခုလုံးရဲ့ တင် သွင်းမှု အဓိကလမ်းကြောင်းကို ပိတ်ဆို့ ထိန်းချုပ်ထားနိုင်တာကြောင့် ကမ္ဘာ့စျေးကွက်မှာ ယူရီးယားစျေး ကျဆင်းသွားပေမယ့် ပြည်တွင်းမှာ စျေးချက်ချင်းမချဘဲ သူတို့အမြတ်များများရဖို့ စျေးနှုန်းကို လိုသလို ထိန်းချုပ်ထားတာဖြစ်တယ်လို့ သွင်းအားစု လုပ်ငန်းရှင်တွေနဲ့ စိုက်ပျိုးရေး အသင်းအဖွဲ့တွေက ဝေဖန် ထားပါတယ်။

အချုပ်ဆိုရရင် Alps Trading ဟာ လွတ်လပ်သော စျေးကွက်ပြိုင်ဆိုင်မှုကြောင့် မဟုတ်ဘဲ ဒုသမ္မတ (၁) ဦးညိုစောရဲ့  မူဝါဒပိုင်းဆိုင်ရာ ဦးစားပေးမှု၊ ဒေါ်လာရရှိမှုနဲ့ လိုင်စင်လက်ဝါးကြီးအုပ်ခွင့်တွေကို အသုံးပြု ပြီး မြန်မာ့ယူရီးယားမြေဩဇာ စျေးကွက်တစ်ခုလုံးကို စိတ်ကြိုက် ခြယ်လှယ်ချုပ်ကိုင်ကာ အာဏာ သိမ်းစစ်အစိုးရအတွက် မြေဩဇာ ရောင်းချရငွေကနေတဆင့် အကျိုးအမြတ် ရှာဖွေပေးနေတာ ဖြစ်ပါ တယ်။

သို့သော် အဲဒီအကျိုးအမြတ်တွေဟာ ဆင်းရဲသား နင်းပြား မူလစိုက်ပျိုးသူ လုပ်ကွက်ငယ် တောင်သူ ဦး ကြီးတွေရဲ့ ချွေးနည်းစာတွေ ဖြစ်ပါတယ်။

 စိုက်ပျိုးရေးကို အခြေပြုတဲ့ မြန်မာနိုင်ငံမှာ စိုက်ပျိုးရေး လုပ်ကိုင်ကြသူတွေကို “ကျေးဇူးရှင် တောင်သူ ဦးကြီးများ” လို့ ကင်ပွန်းတပ်ပြီး ကုန်သည်စီးပွားရေးသမားကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အစိုးရတာဝန်ရှိသူ အဆက်ဆက်က အမွှမ်းတင် အကာအကွယ်ယူ ပြောဆိုတတ်ကြပေမယ့် တကယ့် မြေပြင်လက်တွေ့မှာတော့ တောင်သူလယ်သမားတွေ စိုက်ပျိုးရေးကို ကောင်းမွန်စွာ အားစိုက်လုပ်ကိုင် နိုင်ဖို့အတွက် ပံ့ပိုးကူညီပေးတာ သိပ်ကို အားနည်းလှပါတယ်။

ဒါ့အပြင်  လယ်ယာစိုက်ပျိုးရေးမှာ မဖြစ်မနေ သုံးစွဲရတဲ့ စက်သုံးဆီ၊ မြေဩဇာ၊ ပိုးသတ်ဆေး စတဲ့ သွင်း အားစုတွေကိုလည်း သင့်တင့်မျှတတဲ့ စျေးနှုန်းနဲ့ အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်စေဖို့ လုပ်မပေးတဲ့ အပြင် တောင်သူလယ်သမားတွေရဲ့ ဘ၀ကို မစာနာတတ်တဲ့ ဒုသမ္မတ (၁) ဦးညိုစောနဲ့ သမဝန်ကြီး ဦးမျိုးဇော်သိန်းတို့လို ပုဂ္ဂိုလ်တွေကြောင့် တောင်သူဦးကြီးတွေဟာ  စိုက်စရိတ်အကြွေး မဆပ်နိုင်ဘဲ နစ်သထက် နစ်နေကြရတာကို စိတ်မကောင်းစွာ မြင်တွေ့နေရဆဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.