ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ နှမ်းရောင်စုံ စျေးနှုန်းတွေ ဆက်တိုက်မြင့်တက်နေ
The Farmer Times၊ ရန်ကုန်၊ ဩဂုတ် ၁၈၊ ၂၀၂၆
ပြီးခဲ့တဲ့ ဩဂုတ်လ ၇ ရက်ကနေ ၁၇ နေ့အထိ စျေးကွက်အတွင်း အတက်အကျ အနိမ့်အမြင့် ဖြစ်သွားတဲ့ လယ်ယာထွက်ကုန် သီးနှံဈေးနှုန်းတွေကို ပြောပြပေးချင်ပါတယ်။
ရန်ကုန်ဘုရင်နောင်ကုန်စည်ဒိုင်မှာ ပြည်ပပို့ကုန် ပဲအမျိုးအစားတွေဖြစ်တဲ့ မတ်ပဲက ပြည်ပဝယ်လိုအား လျော့ကျနေတာကြောင့် အကျစျေးမှာပဲ ဆက်ရှိနေပြီး၊ ပဲစင်းငုံကတော့ စျေးအတက်အကျ မရှိဘဲတည် ငြိမ်နေပါတယ်။ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူက စျေးမြင့်တက်နေပြီး၊ နှမ်းရောင်စုံကလည်း စျေးဆက် တိုက် မြင့်တက်နေပါတယ်။
မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း
ပြီးခဲ့တဲ့ ဩဂုတ် ၇ ရက်နေ့က ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲ (FAQ) တစ်တန်ကို ၃,၅၀၀,၀၀၀ ကျပ် စျေးရှိခဲ့ပြီး၊ ဩဂုတ် ၁၈ ရက်နေ့မှာတော့ တစ်တန်ကို ၃,၄၈၃,၀၀၀ ကျပ်ထိ လျော့ကျခဲ့ပါတယ်။
ပဲစင်းငုံ (RC) ကတော့ ဩဂုတ် ၇ ရက်နေ့က တစ်တန်ကို ၃,၂၂၀,၀၀၀ ကျပ် စျေးရှိခဲ့ပြီး၊ ဩဂုတ် ၁၈ ရက် နေ့မှာလည်း အဆိုပါစျေးနှုန်းအတိုင်း တည်ငြိမ်နေပါတယ်။
ပဲတီစိမ်း (ခရမ်းရွှေဝါ)နဲ့ ပဲခူးရွှေဝါကတော့ ဩဂုတ်လ ၁၈ ရက်နေ့မှာ တစ်ပိဿာကို ၅,၆၆၅ ကျပ်၊ ပဲတီ စိမ်း(အညာ)က တစ်ပိဿာကို ၄,၀၀၀ မှ ၄,၀၂၀ ကျပ်စျေးရှိနေပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီကတော့ ခုတပတ်မှာလည်း စျေးနူန်းထပ်တက်လာတာကို တွေ့ရပါတယ်။ ပြည်ပက ဝယ်လို အားကောင်းနေပြီး ပစ္စည်းလက်ကျန် ရှားပါးတဲ့အတွက် စျေးဆက်တိုက် မြင့်တက်လာတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၇ ရက်နေ့က ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ကြက်သွန်နီ(ဆိပ်ဖြူ) က တစ်ပိဿာ ကို ၅,၁၀၀ မှ ၆,၁၀၀ ကျပ်၊ ကြက်သွန်နီ(မုံရွာနဲ့ မြင်းခြံ) က တစ်ပိဿာကို ၅,၅၀၀ မှ ၆,၃၀၀ ကျပ် စျေး ရှိနေပါတယ်။
ဩဂုတ် ၁၈ ရက်နေ့မှာတော့ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ကြက်သွန်နီ(ဆိပ်ဖြူ) က တစ်ပိဿာကို ၄,၉၀၀ မှ ၆,၄၀၀ ကျပ်၊ ကြက်သွန်နီ(မုံရွာ)က တစ်ပိဿာကို ၄,၈၀၀ မှ ၆,၄၀၀ ကျပ်၊ ကြက်သွန်နီ (မြင်း ခြံ)က တစ်ပိဿာကို ၄,၈၀၀ မှ ၆,၂၀၀ ကျပ်ထိ အသီးသီးပေါက်စျေးရှိနေပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူကတော့ ပြီးခဲ့တဲ့ ဩဂုတ် ၇ ရက်နေ့က ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ကြက်သွန်ဖြူ အောင်ပန်း(ထူး) က အမျိုးအစားအလိုက် တစ်ပိဿာကို ၅,၀၀၀ မှ ၈,၅၀၀ ကျပ်ထိ အသီးသီးပေါက် စျေးရှိနေပါတယ်။
ဩဂုတ်လ ၁၂ ရက်နေ့မှာတော့ ကြက်သွန်ဖြူ အောင်ပန်း(ထူး) က အမျိုးအစားအလိုက် တစ်ပိဿာကို ၅,၈၀၀ မှ ၉,၀၀၀ ကျပ်ထိ မြင့်တက်လာတာကို တွေ့ရပါတယ်။
နှမ်းရောင်စုံ
နှမ်းနက်(စမုန်)အပါအဝင် နှမ်းရောင်စုံအသစ်တွေ စျေးကွက်ထဲ ဝင်ရောက်မှုရှိနေပေမယ့် ပြည်တွင်းဆီ စက်ပိုင်တွေနဲ့ ပြည်ပက အဝယ်လိုက်လာလို့ စျေးဆက်တိုက်မြင့်တက်နေပါတယ်။
မန္တလေးကုန်စည်ဒိုင်မှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၇ ရက်နေ့က နှမ်းနက်(စမုန်) ၄၅ ပိဿာဝင် တစ်အိတ်ကို ၄၀၀,၀၀၀ မှ ၄၈၀,၀၀၀ ကျပ်၊ နှမ်းဖြူ(ဂျပန်)က ၄၁၅,၀၀၀ မှ ၄၂၅,၀၀၀ ကျပ်၊ နှမ်းညိုက ၃၉၀,၀၀၀ မှ ၄၀၀,၀၀၀ ကျပ် အသီးသီး ပေါက်စျေးရှိနေပါတယ်။
အခုဩဂုတ်လ ၁၈ ရက်နေ့မှာတော့ နှမ်းနက်(စမုန်) က ၄၅ ပိဿာဝင် တစ်အိတ်ကို ၅၂၀,၀၀၀ မှ ၅၃၀,၀၀၀ ကျပ်၊ နှမ်းဖြူ(ဂျပန်)က ၄၅၀,၀၀၀ မှ ၄၇၀,၀၀၀ ကျပ်၊ နှမ်းညိုက ၄၃၅,၀၀၀ မှ ၄၄၅,၀၀၀ ကျပ်ထိ အသီးသီးစျေးမြင့်တက်လာတာကို တွေ့ရပါတယ်။
‘The Farmer Times’ က သုံးသပ်တင်ပြပေးထားတဲ့ ဘုရင့်နောင်ကုန်စည်ဒိုင် ပေါက်ဈေးနှုန်းတွေဟာ လက္ကားဈေးနှုန်းများသာဖြစ်ပြီး လက်လီဈေးကွက်အတွင်း ဒေသအလိုက် သယ်ယူပို့ဆောင်စရိတ်ပေါ် မူတည်ပြီး စျေးကွာဟမှု ရှိနိုင်ပါတယ်။
