September 3, 2026

သီးနှံမျိုးစေ့ တင်သွင်းရ ပိုမိုခက်ခဲလာပြီး ဈေးနှုန်း ၂၀ ရာခိုင်နှုန်းထိ မြင့်တက်လာ

The Farmer Times၊ ဩဂုတ်လ ၁၂ ရက်၊ ၂၀၂၆။

ပြည်ပနိုင်ငံတွေကနေ အသီးအနှံမျိုးစေ့များ တင်သွင်းရာမှာ သွင်းကုန်လိုင်စင် ပြုလုပ်ခြင်းနဲ့ ပတ် သက်ပြီး အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရတဲ့ အခက်အခဲများ ရှိနေတဲ့အပြင် နိုင်ငံခြားငွေလဲနှုန်းတွေကြောင့် သီးနှံမျိုးစေ့ဈေးက ၂၀ ရာခိုင်နှုန်းလောက်ထိ မြင့်တက်လာတယ်လို့ မျိုး စေ့တင်သွင်းရောင်းချတဲ့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

လက်ရှိ သီးနှံမျိုးစေ့တင်သွင်းရာမှာ အချိန်အကြာကြီး စောင့်ဆိုင်းရတာကြောင့် ရာသီအလိုက် စိုက် ပျိုးချိန်နဲ့ ချိန်ဆပြီး မှာယူတင်သွင်းဖို့ အခက်အခဲရှိနေတာ ဖြစ်ပါတယ်။

‘’ အဓိကကတော့ ကျွန်တော်တို့ ဒီသစ်သီးလိုင်းတွေပေါ့နော်။ နိုင်ငံတော်ကထုတ်တဲ့ မူဝါဒကြောင့်၊ နောက်တစ်ခုက ဒီလက်ရှိ မျိုးစေ့သွင်းနေကြတာပေါ့ ကျွန်တော်တို့က အရင်တုန်းကလို သွင်းလို့ မရ တော့ဘူး။ တစ်နှစ်စာ တွက်ချက်၊ တွတ်ချက်ပြီးရင် ဒီစီးပွားကူးသန်းကို ထောက် ခံစာ အပြည့်အစုံနဲ့ ပေါ့နော်။ BOA ထောက်ခံစာ အပြည့်အစုံနဲ့ ပြီးရင် permit လျှောက်ရပါတယ်။ ပါမစ်ကျမှပဲ ကျွန်တော် တို့က သွင်းလို့ရတာ၊ ပါမစ်မကျဘဲနဲ့ သွင်းလို့ မရဘူးပေါ့နော်။ ပါမစ်က အခုက ကျွန်တော်တို့က ပါမစ်တစ်စောင် တင်ထားတာ ဒီနှစ်အတွက်တော့ လျှောက် ထားတာကို တစ်နှစ်စာအတွက် ကျွန်တော် တို့ လျှောက်ရတာကို လက်ရှိ ပါမစ်ပေါ့ တစ်လခွဲ နှစ်လလောက် ကြာတယ်။” လို့ သီးနှံမျိုးစေ့များ တင်သွင်းနေတဲ့ ကိုတင့်ကြိုင်က ပြောပါတယ်။

လတ်တလော မြန်မာ့တောင်သူလယ်သမားတွေ စိုက်ပျိုးရေးလုပ်ငန်းခွင်မှာ မဖြစ်မနေ အသုံးပြုနေရတဲ့ ယူရီးယား ပုလဲဓာတ်မြေဩဇာ၊ မျိုး စေ့နဲ့ ပိုးသတ်ဆေးသွင်းအားစု တင်သွင်းမှု လုပ်ပိုင်ခွင့်ကို အာဏာ သိမ်းစစ်တပ်အတွက် နိုင်ငံခြားဝင်ငွေ အဓိက ရှာပေးနေတဲ့ မြန်မာ့စီးပွါးရေးကော်ပိုရေးရှင်း (MEC) က လက်ဝါးကြီးအုပ်ထားတာကြောင့် ပြည်တွင်းမှာ စျေးနှုန်းယှဉ်ပြိုင်မှု မရှိတော့ပဲ စျေးနှုန်းအဆမတန် ကြီး မြင့်နေတယ်လို့ ပြည်တွင်းစိုက်ပျိုးရေး သွင်းအားစု လုပ်ငန်းရှင်ကြီးတွေက ဆိုပါတယ်။

ဒုသမ္မတ (၁) ဦးညိုစောဟာ MEC အကြီးအကဲဟောင်း ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်ပ တင်သွင်းကုန်တွေ နဲ့ ပတ်သက်လို့ ဆုံးဖြတ်ပိုင်ခွင့် အ ပြည့်အ၀ရှိတဲ့ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ (FESC) ဥက္ကဋ္ဌ လည်း ဖြစ်တာကြောင့် တင်သွင်းခွင့် မူဝါဒတွေနဲ့ လုပ်ပိုင်ခွင့်တွေကို လက်ဝါးကြီးအုပ်ထားနိုင်တာ ဖြစ်ပါတယ်။

“ မျိုးစေ့မှာကကျတော့ expire ရှိတယ် born ရှိတယ်။ အခုက expire မှီအောင်လည်း အများကြီး သွင်းထားလို့ မရဘူး တစ်နှစ်ကို နှစ်ကြိမ်လောက်ကို ကျွန်တော်တို့က တစ်နှစ်စာ တွတ်ချက်ပြီးတော့မှ ခွဲပြီးတော့မှ လျှောက်ရတာ တစ်နှစ်စာလုံး တခါတည်းအပြီး သွင်းလို့လည်း မရပြန်ဘူး။ အပြီး လျှောက်လို့လည်း မရပြန် ဘူး။ နောက်တစ်ခုက ကျွန်တော်တို့ ငွေဈေးပေါ့နော် ငွေဈေးပေါ်မှာလည်း မူတည်တယ်။ ဘယ်လိုပဲ ဖြစ်နေဖြစ်နေ ငွေကြေးကကျတော့ ဒေါ်လာဈေးပေါ် သွားပြီး မှီခိုနေတာ လေ။ နောက်တစ်ခုကကျတော့ အရင်တုန်းကထက် စာရင် လုပ်ရတာလည်း အဆင့်ဆင့်တွေ ဖြစ်လာ တာပေါ့နော်။ အရင်တုန်းကလို process အလိုက်ပစ္စည်းရောက်၊ ရောက်ပြီးတော့မှ ပါမစ်လျှောက် မဟုတ်ဘူး။ အခုက ပါမစ်အရင်လျှောက်၊ လျှောက်ပြီးတော့မှ ခွင့်ပြုမိန့်ကျပြီဆိုမှ ကျွန်တော်တို့က ဒီဟာကို တစ်ဖက်ကို invoice ဖြစ်အောင်ပြန်လုပ် အဲလိုတွေ လုပ်တဲ့အခါကျတော့ ပြောင်းပြန်တွေ ဖြစ်သွားတာ။ လို့ သီးနှံမျိုးစေ့များ တင်သွင်းနေတဲ့ ကိုတင့်ကြိုင်က ပြောပါတယ်။

မြေဩဇာ၊ မျိုးစေ့ တင်သွင်းခွင့် ပေါ်လစီနဲ့ လိုင်စင်ထုတ်ပေးတာကို စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည် မြောင်းဝန်ကြီးဌာနလက်အောက်ခံ “မြေဩဇာကော်မတီ” က တင်သွင်းမယ့် မြေဩဇာအမျိုးအစား၊ အရည်အသွေး ထောက်ခံချက်နဲ့ တင်သွင်းခွင့် မှတ်ပုံတင်လက်မှတ် (Import Registration) ကို စိစစ်ထုတ် ပေးရတာ ဖြစ်ပါတယ်။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကုန်သွယ်ရေးမူဝါဒအရ အမှန်တကယ် ပြည်ပကနေ သယ်ယူခွင့်ပြုတဲ့ “သွင်းကုန်လိုင်စင် (Import License)” ကို တိုက်ရိုက် စိစစ်ချပေးတာပါ။

အဓိကအားဖြင့် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ (FESC) ဥက္ကဋ္ဌ ဦးညိုစောနဲ့ ယူရီးယားမြေဩဇာ နဲ့ မျိုးစေ့ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ (သမဝါယမနဲ့ ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီး ဦးမျိုးဇော်သိန်း၊ ပြည်ခိုင်ဖြိုး ဒု-ဥက္ကဋ္ဌတစ်ဦးဖြစ်သူ) တို့က ပြည်ပကနေ ဝယ်ယူနိုင်ဖို့အတွက် တရားဝင် ဒေါ်လာငွေလဲလှယ်ခွင့် (Dollar Allocation) နဲ့ စျေးကွက်အတွင်း ခွဲတမ်းချပိုင်ခွင့် မူဝါဒပိုင်းကို အဓိက ချုပ်ကိုင်ထားတာ ဖြစ်ပါတယ်။

အနှစ်ချုပ်အားဖြင့် မူဝါဒနဲ့ လိုင်စင်ကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ စိုက်ပျိုးရေး ဝန်ကြီးဌာနက ကိုင်တွယ်ပေမယ့် လက်တွေ့မှာတော့ စစ်ကောင်စီရဲ့ အထူးညွှန်ကြားချက်နဲ့ MEC လက် အောက်ခံ Alps Trading လို စစ်တပ်နောက်ခံ ကုမ္ပဏီတွေကိုပဲ ဦးစားပေး ခွင့်ပြုနေတာလို့ သွင်းအားစု လုပ်ငန်းရှင်တွေက ပြောကြပါတယ်။

“ အကိုတို့မှာ မျိုးစေ့နဲ့ ပတ်သက်လာရင် risk တွေ ရှိတယ်။ တခါတလေကျရင် ကိုရီးယားကို မှာတယ် ကွာ၊ တရုတ်ကို မှာတယ်။ အိန္ဒိယကို မှာတယ်။ မှာလိုက်တဲ့အခါမှာ အကိုတို့ကနေပြီးတော့ pre oder နဲ့ မှာတယ်။ တချက် ဟိုဘက်ကို ဒီဘက်က ပိုးမွှားကင်းစင်ကြောင်း ထောက်ခံချက်တွေ ဘာတွေနဲ့ pre order နဲ့ မှာလိုက်တယ်။ မှာလိုက်တဲ့ ဟာက ဒီက permit မကျဘူးဆိုရင် ဟိုဘက်မှာကလည်း သူတို့က ဒီဟာကို တစ်လအတောအတွင်း အကိုတို့က ရအောင်ယူနိုင်မှ မယူနိုင်ရင် သူတို့က ဒါကို တခြားနိုင်ငံကို ရောင်းပစ်လိုက်တယ်။ သူတို့က အဲလောက် ကြာကြာမစောင့်နိုင်ဘူးဆိုတော့ အကိုတို့ အဲတာကလည်း လုံးဝ right ဖြစ်အောင် လုပ်လို့ မရဘူး ဖြစ်တာပေါ့။ အဲလိုတွေကြောင့် risk တွေက တအား များပြီး တော့မှ မျိုးစေ့ဈေးတွေကလည်း တက်တာ။ အရေအတွက် များများလည်း မသွင်းရဲ ဖြစ်နေတာ။ မျိုးစေ့ဈေး မနှစ်ကထက် ယှဉ်ရင် ပျှမ်းမျှ ဆိုရင် ၂၀ % လောက် တက်သွားတယ်” လို့ သီးနှံမျိုးစေ့ တင်သွင်းနေတဲ့ ကိုတင့်ကြိုင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ သီးနှံစိုက်တောင်သူတွေအတွက် မျိုးကောင်းမျိုးသန့်များ အလွယ်တကူ အသုံးပြုနိုင်ဖို့ မျိုးစေ့ထုတ်လုပ်မှုမှာ အဆင့်အလိုက် သက်ဆိုင်ရာမျိုးစေ့ ထုတ်လုပ်သူများက ဆောင်ရွက်ပြီး ဈေး ကွက်နှင့် ကိုက်ညီတဲ့ မျိုးများရဲ့ လိုအပ်ချက်ပမာဏကို စိုက်ပျိုးရာသီနဲ့ အချိန် ကိုက် ထုတ်လုပ်နိုင်အား နည်းနေတာကြောင့် မျိုးစေ့ထုတ်လုပ်မှု စနစ်တစ်ရပ် တည်ဆောက်နိုင်ဖို့ လိုအပ်နေတယ်လို့ စိုက်ပျိုးရေး ပညာရှင်တွေက ထောက်ပြပါတယ်။

ဒါ့အပြင် သီးနှံမျိုးစေ့တွေကို အရည်အသွေးအတွက် ကြာရှည်ထိန်းသိမ်းထားနိုင်မယ့် သိုလှောင်ရုံလို သီး သန့်ထားနိုင်မယ့်စနစ် မရှိတာကလည်း မျိုးစေ့တင်သွင်းသူတွေနဲ့ စိုက်ပျိုးသူတွေအတွက် နစ်နာစေ တယ်လို့ ဆိုပါတယ်။

‘’ တစ်နှစ်စာကို တွက်ပြီး သွင်းလိုက်ရင် မျိုးစေ့ကို ထိန်းသိမ်းဖို့ဆိုတဲ့ မြန်မာပြည်မှာ မျိုးစေ့ဘဏ် မရှိ ဘူး။ မရှိတဲ့အတွက် အကိုတို့က ၆ လတစ်ဖြတ် ၆ လတစ်ဖြတ် ၃ လတဖြတ် အဲလိုရာသီချိန်ကို စိုက် အမှီ မှန်းပြီးသွင်းရတာ အဓိကက generation မမြန်အောင်လို့ ထားသိုရတဲ့ဟာ လိုသေးတယ်။ အရင် တုန်းကဆိုရင် အကိုတို့က တနှစ်ကို ၅ ကြိမ်လည်းသွင်းတယ် ၆ ကြိမ်လည်း သွင်းတယ်။ ထောက်ခံ ချက်တွေ ပြည့်စုံတယ်ဆိုရင် မျိုးစေ့ကို အရင်မှာလိုက်တယ်။ မှာလိုက်ပြီးတော့ ဒီကိုရောက်ပြီဆိုမှ အကိုတို့က permit လျှောက်လိုက်ရင် ဒိန်းဆိုတန်းကျလာတာလေ။ အခုက အဲလို မဟုတ်တော့ဘူး PERMIT အရင်လျှောက် permit လျှောက်လို့မှ အားလုံး ပြည့်စုံတယ်ဆိုတော့မှ ဟိုဘက်ကို လှမ်းပြီး တော့မှ order တင် order တင်လို့မှ တစ်လ အတောအတွင်းကို ရောက်၊။ အဲတာကိုမှ permit ထဲမှာ မပြည့်စုံလို့ ဘာလို့ဆိုရင် လေဆိပ်မှာ စစ်တဲ့ အဖွဲ့အစည်း သီးသန့် ရှိသေးတယ်။ သူတို့က မပြည့်စုံ ဘူးဆို ဒီမျိုးစေ့ကို သိမ်းပစ်လိုက်တာ။ ပြောင်းပြန်ဖြစ်သွားတာပေါ့ လုပ်ငန်းလုပ်ရတာက “ လို့ ကိုတင့်ကြိုင်က ဆက်ပြောပါတယ်။

လတ်တလောမှာ မြန်မာနိုင်ငံအတွက် လိုအပ်တဲ့ မျိးစေ့တွေကို ကိုရီးယား၊ တရုတ်၊ အိန္ဒိယနိုင်ငံများမှ အများဆုံး မှာယူတင်သွင်းနေပြီး၊ နိုင်ငံ ခြားငွေသုံးစွဲမှုမှာ မျိုးစေ့တင်သွင်းမှုကို ဉီးစားပေးစာရင်းထဲမှာ မထည့်သွင်းထားတာကြောင့် နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်ပေါ်နေပြီး၊ မျိုး စေ့ဈေးကြီးမြင့်မှု၊ မျိုးစေ့ ပြတ်လပ်မှုတွေလည်း ကြံတွေ့နေရတယ်လို့ သွင်းအားစုလုပ်ငန်းရှင်တွေက ပြောပါတယ်။

စပါး၊ ပဲ၊ နှမ်း၊ မြေပဲ၊ ကြက်သွန်၊ ပဲမျိုးစုံကို ပြည်တွင်းမျိုးတွေနဲ့ လည်ပတ်အဆင်ပြေပေမယ့် ပြောင်း၊ ငရုပ်၊ ဖရဲ၊ သခွါးနဲ့ တခြားဟင်းသီး ဟင်းရွက်တွေကိုတော့ နိုင်ငံခြားမျိုးတွေကို ဝယ်ယူစိုက်ပျိုးရတာ ဖြစ်ပါတယ်။

လက်ရှိမှာ ပြည်တွင်းမှာ မျိုးစေ့ပြတ်တောက်မှု အပါအဝင် ဝယ်ယူဖို့ ခက်ခဲတဲ့ အခြေအနေတွေကြောင့် အခုနှစ်မှာ သီးနှံစိုက်ပျိုးရေးလုပ် ကိုင်သူ ၄၀ ရာခိုင်နှုန်းလောက် လျော့ကျသွားတယ်လို့ မြန်မာနိုင်ငံ သစ်သီး၀လံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) ပြောဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.