September 3, 2026

ထိုင်းနိုင်ငံက မြန်မာ့ထောပတ်သီးကို နယ်စပ်ကနေ ဝယ်ယူမှုရပ်ဆိုင်း

The Farmer Times၊ စက်တင်ဘာလ ရက်၊ ၂၀၂၆။

အခုနှစ် ထောပတ်သီးရာသီကစပြီး ထိုင်းနိုင်ငံကို နယ်စပ်လမ်းကြောင်းကနေ မြန်မာ့ထောပတ်သီး တင်ပို့ ခွင့်ကို ထိုင်းနိုင်ငံဘက်က ပိတ်လိုက်တယ်လို့ မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးတင်ပို့ ထုတ်လုပ်ရောင်း ချသူများအသင်း(MAVO) က ပြောပါတယ်။

ပြီးခဲ့တဲ့ ထောပတ်သီးရာသီ အတွင်းက မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို တင်ပို့တဲ့ ထောပတ်သီးတွေထဲမှာ အသီးနုတွေကို ရောနှောတင်ပို့ခဲ့သလို၊ တရားမဝင်တင်ပို့မှုတွေလည်း ရှိခဲ့တာကြောင့်  အခုနှစ်မှာ တရား ဝင် ပင်လယ်ရေလမ်းကြောင်းကနေသာ တင်ပို့တာကို ဦးစားပေးလုပ်ဆောင်လိုတဲ့အတွက် ထိုင်းနိုင်ငံက နယ်စပ်လမ်းကြောင်းကို ပိတ်ပင်လိုက်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

လက်ရှိ ထောပတ်သီးရာသီမှာ  ထိုင်းနိုင်ငံကို ထောပတ်သီးတင်ပို့ခွင့် မရတော့တဲ့အပြင် တရုတ်ကိုလည်း တင်ပို့ခွင့်မရတာ၊ အိန္ဒိယစျေးကွက်ကလည်း မသေချာတဲ့ အခြေအနေတွေကြောင်း   ပြည်တွင်းမှာ ထော ပတ်သီးတွေ ပိုလျှံနေပြီး စျေးကွက်ကျဆင်းမှုတွေလည်း ဖြစ်ပေါ်နေတယ်လို့ ကုန်သည်တွေက ပြော ပါတယ်။

ဒါကြောင့် ပြည်တွင်းစျေးကွက်အတွင်း ထောပတ်သီး ရောင်းလိုအားမြှင့်တက်လာမယ့် အစီအစဥ်တွေ ပူးပေါင်းပြုလုပ်ဖို့ လိုအပ်နေပြီး၊ အ ဓိကအားဖြင့် ပြင်ဦးလွင် ထောပတ်သီးစျေးတန်း၊ တောင်ကြီးတန် ဆောင်တိုင် ထောပတ်သီးပွဲတော်၊ ရန်ကုန်-မန်းလေး စျေးပွဲတော်များမှာ မြန်မာ့စိုက်ပျိုးရေးထွက်ကုန် တန်ဖိုးမြှင့်ထုတ်ကုန်တွေကို လူထုအကြား မိတ်ဆက်ရောင်းချဖို့ ဆွေးနွေးပြင်ဆင်နေတယ်လို့လည်း MAVO က ဆိုပါတယ်။

ဒါပေမယ့်လည်း ပြည်တွင်းစားသုံးမှုနူန်းက နည်းပါးတဲ့အတွက် ပြည်ပတင်ပို့ခွင့်မရဘဲ ပိုလျှံနေတဲ့ ထော ပတ်သီး တန်ချိန်အများအပြားကို ဖြုန်းနိုင်မယ့် စျေးကွက်အခြေအနေ မရှိတာကြောင့် စိုက်ပျိုးသူတွေနဲ့ ဝယ်ယူသိုလှောင်ထားသူတွေ ဆုံးရှုံးမှု ရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

လက်ရှိမှာ ထောပတ်အသင်း အပါအဝင် ပြည်တွင်းထောပတ်သီး စိုက်ပျိုးသူ တောင်သူများ၊ ကုန်သည်၊ ကုမ္ပဏီ၊ ပွဲရုံလုပ်ငန်းရှင်တွေနဲ့ စျေးကွက်အလားအလာ ဆွေးနွေးမှုတွေကို ဆက်တိုက်ဆိုသလို ပြုလုပ် နေပါတယ်။

ပြည်တွင်းစားသုံးမှုက တန် ၅,၀၀၀ လောက်မှန်းရင် ၈,၀၀၀ လောက်အထိတော့ တက်လာနိုင်ပေမယ့် ကုန်လောက်အောင်တော့ မျှော်လင့်လို့မရဘူးပေါ့။ ပြည်တွင်းကလည်း မကုန်ဘူး။ လောလောဆယ် တရုတ်ကလည်းပို့လို့ မရဘူးဆိုတော့ တောင်သူတွေဆုံးရှုံးမှာပေါ့။ တရုတ်က ပိုးမွှားစစ်ဆေးတာက ပြီးသွားပြီ။ စိုက်ပျိုးရေးနဲ့ စာချုပ်မူကြမ်းရေးနေတာ မပြီးသေးတာ။ စာချုပ်မူကြမ်းပြီးမှ လုပ်ငန်းစဥ် အရသွားရမှာပေါ့။ ဒီနှစ်တော့ မမီနိုင်ဘူးလို့ ခန့်မှန်းတယ်။ သူတို့လည်း ခန့်မှန်းတယ်။ နောက်လထဲ ၉ လပိုင်းထဲစပြီဆိုတော့ မမီတော့ဘူးလို့ယူဆတယ်။ အိန္ဒိယကိုတော့ ကြိုးစားနေတယ်။ ဒါပေမယ့် စျေး ကိုက်လားမကိုက်လား မညှိရသေးဘူး။ သူကနည်းပညာတွေပါတယ်။ အအေးခန်းနဲ့ ပတ်သက်တဲ့ လုပ် ငန်းစဥ်တွေ ပါလာပြီဆိုတော့ ကျွန်တော်တို့ မှန်းရခက်တာပေါ့။ ပြည်တွင်းရောင်းအား ဆိုတာက  အဓိ က ထွက်ပေါက်ရှာတာပဲပေါ့။ ” လို့ MAVO အသင်းဝင်က ပြောပါတယ်။

ထိုင်းကို နယ်စပ်ကနေ တရားမဝင်၊ တင်ပို့နေတာ နှစ်စဥ် တန်ချိန် ၈,၀၀၀ မှ ၁၅,၀၀၀ ဝန်းကျင်အထိ ရှိ ပြီး၊ ပြီးခဲ့တဲ့ ထောပတ်သီးရာသီချိန်အတွင်းက ထိုင်းနိုင်ငံကို ထောပတ်သီး တန်ချိန် ၁၀,၀၀၀ လောက် တင်ပို့ခဲ့ပါတယ်။

ထိုင်းနိုင်ငံကို မြန်မာ့ထောပတ်သီးတွေ နယ်စပ်ဂိတ်တွေကတဆင့် တရားဝင်တင်ပို့ခွင့် ရရှိနိုင်ရေးအ တွက် စိုက်ပျိုး၊ မွေးမြူရေးဝန်ကြီး ဌာန၊  စီးပွားကူးသန်း ဝန်ကြီးဌာနနဲ့  MAVO  အသင်းတို့ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်မှစပြီး ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

အထူးသဖြင့် ထိုင်းနိုင်ငံမှာ ထောပတ်သီးထွက်ရှိတဲ့ရာသီနဲ့ မထပ်တဲ့ကာလတွေမှာ မြန်မာ့ထောပတ်သီး ကို တင်ပို့နိုင်ဖို့ပြီး၊ ထိုင်းနိုင်ငံဘက်မှာ ထောပတ်သီးတွေ နှစ်စဉ် ပြတ်လပ်တတ်တဲ့ ဇန်နဝါရီမှ ဧပြီအတွင်း မှာ ဝယ်လိုအား ရှိတဲ့အတွက် ပိုးမွှားစစ်ဆေးရန် (PRA)  လုပ်ပြီး ဝယ်ယူဖို့ ထိုင်းနိုင်ငံဘက်က  သဘောတူခဲ့တာ ဖြစ်ပါတယ်။

ယင်းကဲ့သို့ ပိုးမွှားစစ်ဆေးရန်(PRA) ကိစ္စရပ်များ ဆောင်ရွက်နိုင်ဖို့ စိုက်ပျိုးရေးဌာနက ထိုင်းနိုင်ငံ NPPO ဌာနကို ဆက်သွယ်ညှိနှိုင်းခဲ့ပေမယ့်  ထိုင်းနိုင်ငံ NPPO ဌာနဘက်က အကြောင်းမပြန်တော့ဘဲ ယခင်ပို့ နေကြ နယ်စပ်လမ်းကြောင်းကိုပါ ပိတ်လိုက်တာ ဖြစ်ပါတယ်။

ထိုင်းကို ထောပတ်သီး တင်ပို့လို့မရတော့ဘူး နယ်စပ်ကနေ ပို့ဖို့ကိုတောင် စိုက်ခင်း GAP လက်မှတ် များ ထုတ်ပိုးရုံများ HACCP, GMP အကုန်တောင်း မဆီမဆိုင် ISO လက်မှတ်ပါတောင်းတယ်။ Health certificate LPI အစားအသောက် သယ်ယူခွင့်လက်မှတ် မနည်းမနော တောင်းပါတယ်။ ထောပတ်အ သင်း MAVO ကလည်း ၂၀၂၆ မေမှာ ဘန်ကောက်သွား၊ ထိုင်းစိုက်ပျိုးရေးနဲ့တွေ့၊ ထိုင်းကုန်သည်တွေနဲ့ ပေါင်းပြီးတင်သွင်း/တင်ပို့ခွင့် လျှောက်ထား၊ ပိုးမွှားဆန်းစစ်မှုစစ်ရင် ကုန်ကျစားရိတ် အကုန်ခံပါမယ် ပြော၊ အကုန်အကျလည်းခံ မထူးခြားပါ။ အခုတော့PRA မလုပ်ရသေးဆိုပြီး နောက်ဆုံးတော့ ပိတ်လိုက် ပါတယ်။ စီးပွားကူးသန်း ကုန်သွယ်ရေးကလည်း နယ်စပ်မှာ အကြိမ်ကြိမ် ညှိနှိုင်းပေးနေပါတယ်။ စီးသံ ကလည်း ညှိနှိုင်းပေးပါတယ်။ ပို့မရပါ။” လို့ ထောပတ်သီး စိုက်ပျိုးတင်ပို့ရောင်းသူတစ်ဦးက ပြောပါ တယ်။

မြန်မာထောပတ်သီးစျေးကွက်က ဟိုးအရင်က အိန္ဒိယ၊ မလေးရှား၊ စင်ကာပူနိုင်ငံ စျေးကွက်တွေကို တင် ပို့ခဲ့ပေမယ့် နောက်ပိုင်းမှာတော့  ထိုင်းစျေးကွက်တခုထဲကိုသာ မှီခိုပြီး အဓိကထား တင်ပို့ရောင်းချနေရ တာ ဖြစ်ပါတယ်။ လက်ရှိမှာ ထိုင်းဘက်က ပိတ်လိုက်တဲ့အတွက် ပြည် တွင်းမှာ ထောပတ်သီးတွေ ပိုလျှံပြီး တောင်သူတွေ အရှုံးနဲ့ရင်ဆိုင်ကြရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

မြန်မာနိုင်ငံမှာ ထောပတ်သီးကို ရှမ်းပြည်နယ်မှာ အများဆုံးစိုက်ပျိုး ထွက်ရှိပြီး၊ ပြည်တွင်းရဲ့ ထောပတ် သီးရာသီကတော့ လာမယ့် စက်တင် ဘာလမှာ စတင်မှာဖြစ်ပါတယ်။ လတ်တလောမှာ ပြည်ပကို HASS အမျိုးအစား ထောပတ်သီးတွေကိုသာ တင်ပို့ရောင်းချတယ်လို့ မြန်မာ နိုင်ငံ ထောပတ်သီး စိုက်ပျိုးတင်ပို့ ထုတ်လုပ်ရောင်း ချသူများအသင်း(MAVO) က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.