The Farmer Times အပတ်စဉ် ကုန်စည်စျေးနှုန်း သုံးသပ်ချက်
The Farmer Times၊ ရန်ကုန်၊ စက်တင်ဘာ ၃၊ ၂၀၂၆။
ပြီးခဲ့တဲ့ ဩဂုတ် ၂၁ ရက်ကနေ စက်တင်ဘာ ၂ နေ့အထိ စျေးကွက်အတွင်း အတက်အကျ အနိမ့်အမြင့် ဖြစ်သွားတဲ့ လယ်ယာထွက်ကုန်သီးနှံဈေးနှုန်းတွေကို ပြောပြပေးချင်ပါတယ်။
ရန်ကုန်ဘုရင်နောင်ကုန်စည်ဒိုင်မှာ ပြည်ပပို့ကုန် ပဲအမျိုးအစားတွေဖြစ်တဲ့ မတ်ပဲက စျေးပြန်တက်လာ ပြီး တစ်တန်ကို ၃၄ သိန်းဝန်းကျင်ထိ ရောက်ရှိလာသလို၊ ပဲစင်းငုံကလည်း စျေးထပ်တက်လာပြီး၊ တစ် တန်ကို ၃၃ သိန်းကျော်အထိ စျေးရှိလာပါတယ်။ ပဲတီစိမ်းကတော့ ဝါးခယ်မက စျေးထပ်ကျဆင်းနေပေ မယ့်၊ ကျန်ပဲအမျိုးအစားအားလုံး စျေးငြိမ်နေပါတယ်။ ဆန်စပါးစျေးတက်ပြီး မြေပဲကစျေးက ထပ်ကျ သလို၊ ပဲဖတ်နဲ့ နှမ်းဖတ်လည်း စျေးကျဆင်းနေပါတယ်။ ကြက်သွန်ဖြူကတော့ စျေးငြိမ်နေပါတယ်။
မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း
မတ်ပဲက အိန္ဒိယစျေးကွက်မှာ ဝယ်လိုအားပြန်ရှိနေပြီး၊ စျေးမြင့်လာတဲ့အတွက် ပြည်တွင်းမတ်ပဲစျေးပါ အနည်းငယ် မြင့်တက်လာပေမယ့်၊ စျေးကွက်မတည်ငြိမ်တာကြောင့် စျေးအတက်အကျ အပြောင်း အလဲ မကြာခဏ ဖြစ်ပေါ်နေပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၁ ရက်က ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲ (FAQ )တစ်တန်ကို ၃,၃၉၅,၀၀၀ ကျပ်စျေးသာရှိခဲ့ပြီး၊ စက်တင် ဘာ ၂ ရက်မှာတော့ မတ်ပဲ (FAQ ) တစ်တန်ကို ၃,၃၉၄,၀၀၀ ကျပ်ကို အနည်းငယ်ကျဆင်းသွားပါတယ်။
အလားတူ ပဲစင်းငုံ (RC) ကလည်း ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ဩဂုတ် ၂၁ ရက်က တစ်တန်ကို ၃,၂၁၅,၀၀၀ ကျပ် စျေးရှိခဲ့ပြီး၊ စက်တင်ဘာ ၂ ရက်နေ့မှာတော့ တစ်တန်ကို ၃,၃၅၃,၀၀၀ ကျပ်ထိ စျေး မြင့်တက်လာတာကို တွေ့ရပါတယ်။
ပဲတီစိမ်း (ခရမ်းရွှေဝါ) နဲ့ ပဲခူးရွှေဝါကတော့ အခု စက်တင်ဘာလ ၂ ရက်နေ့မှာ တစ်ပိဿာကို ၅,၆၆၅ ကျပ်စျေးရှိပြီး၊ ပဲတီစိမ်း(မြစ်၀ကျွန်းပေါ်) ကတော့ တစ်ပိဿာကို ၃,၃၃၀ မှ ၄,၀၀၀ ကျပ်၊ ပဲတီစိမ်း (အညာ)က တစ်ပိဿာကို ၄,၀၀၀ မှ ၄,၀၂၀ ကျပ် အသီးသီးပေါက်စျေးရှိနေပါတယ်။
ဆန်၊ စပါး
ဆန်၊ စပါးစျေးကွက်ကတော့ ဆက်တိုက်မြင့်တက်လာနေပါတယ်။ စပါးအဟောင်း ရှားပါးလာတာ အပါ အဝင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးနစ်မြှုပ်မှု အခြေအနေများကြောင့် ငွေကြေးအင်အား တောင့်တင်းတဲ့ လှောင်လက်ဆန်ကုန်သည်ကြီးတွေက အ၀ယ်လိုက်နေတဲ့အတွက် စပါးစျေးက မြင့်တက်လာနေတာ ဖြစ်ပါတယ်။
လတ်တလော စျေးကွက်အတွင်းမှာ စပါးအဟောင်းစျေးက အမျိုးအစားအလိုက် တင်း ၁၀၀ ကို ၁ သိန်း ကနေ ၅ သိန်းလောက် မြင့်တက်လာပါတယ်။
ဆန်စျေးကွက်မှာတော့ အမျိုးအစားအလိုက် ဆန် တစ်အိတ်ကို ၅,၀၀၀ မှ ၁၅,၀၀၀ ကျပ်လောက်ထိ ထပ်မံမြင့်တက်တက်လာတာကို တွေ့ရပါတယ်။
စပါးအဟောင်း လက်ကျန်ရှိပြီး ဝင်ငွေအတော်အသင့်ရှိတဲ့ တောင်သူတွေကတော့ စျေးထပ်တက်မယ့် အချိန်ကို စောင့်ဆိုင်းပြီး စပါးတွေကို စျေးထိန်းရောင်းချသွားမယ်လို့ ဆိုကြပါတယ်။
မြေပဲ
မြေပဲကတော့ စျေးကွက်ထဲကို နယ်အစုံကနေ မိုးမြေပဲအသစ်တွေ အဝင်များလာတာကြောင့် စျေးထပ် ကျနေပါတယ်။ ပဲဖတ်စျေးလည်း ထပ်မံကျဆင်းနေပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၁ ရက်က မန္တလေးကုန်စည်ဒိုင်မှာ မြေပဲ(S1လုံးဆံ) တစ်ပိဿာကို ၁၃,၅၀၀ မှ ၁၃,၇၀၀ ကျပ်၊ S1ဆီဆံက ၁၁,၃၀၀ မှ ၁၂,၅၀၀ ကျပ် ၊ အနီလုံးဆံ (ရှည် / ဝိုင်း) က ၁၃,၅၀၀ မှ ၁၄,၂၀၀ ကျပ်၊ အနီဆီဆံ (ညာ)က ၁၁,၅၀၀ မှ ၁၂,၀၀၀ ကျပ် အသီးသီးပေါက်စျေးရှိခဲ့ပါတယ်။
အခု စက်တင်ဘာလ ၂ ရက်မှာတော့ မြေပဲ(S1လုံးဆံ)က တစ်ပိဿာကို ၁၂,၀၀၀ မှ ၁၂,၃၀၀ ကျပ်၊ S1 ဆီဆံက ၁၀,၅၀၀ မှ ၁၁,၅၀၀ ကျပ် ၊ အနီလုံးဆံ (ရှည် / ဝိုင်း) က ၁၁,၈၀၀ မှ ၁၂,၃၀၀ ကျပ်၊ အနီဆီဆံ (ရှမ်း)က ၁၀,၀၀၀ မှ ၁၀,၇၀၀ ကျပ် အသီးသီးပေါက်စျေးရှိခဲ့ပါတယ်။
မန္တလေးကုန်စည်ဒိုင်မှာ ပဲဖတ် တစ်ပိဿာကို ၆,၉၀၀ မှ ၇,၁၅၀ ကျပ်၊ နှမ်းဖတ်က တစ်ပိဿာကို ၅,၄၀၀ မှ ၅,၅၀၀ ကျပ်စျေးရှိနေပါတယ်။
ကြက်သွန်နီ၊ ကြက်သွန်ဖြူ
စက်တင်ဘာလ ၂ ရက်နေ့က ဈေးကွက်အတွင်းမှာ ကြက်သွန်နီဆိပ်ဖြူ(ရှယ်)က တစ်ပိဿာကို ၆,၇၀၀ ကျပ်၊ ဆိပ်ဖြူ(လတ်ကြီး၊ လတ်သန့်၊ လတ်ချော)က တစ်ပိဿာကို ၄,၇၀၀ မှ ၆,၀၀၀ ကျပ်၊ မုံရွာ(ရှယ်)က ၆,၈၀၀ ကျပ်၊ မုံရွာ(လတ်ကြီး၊ လတ်သန့်၊ လတ်ချော)က တစ်ပိဿာကို ၄,၉၀၀ မှ ၆,၁၀၀ ကျပ်၊ ပေါက် ဈေးရှိနေပါတယ်။
ကြက်သွန်နီ (မြင်းခြံ-ရှယ်)က တစ်ပိဿာကို ၆,၈၀၀ ကျပ်၊ မြင်းခြံ(လတ်ကြီး၊ လတ်သန့်၊ လတ်ချော) က တစ်ပိဿာကို ၅,၀၀၀ မှ ၆,၀၀၀ ကျပ် အသီးသီးပေါက်ဈေးရှိနေပါတယ်။ စက်တင်ဘာလ ၂ ရက်နေ့က ဈေးကွက်အတွင်းကို ကြက်သွန်ကုန်ကား ၂၂ စီး၊ ပိဿာချိန် ၁၃၂,၀၀၀ ခန့် ဝင်ရောက်ခဲ့တယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်က ထုတ်ပြန်ထားပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူကတော့ ရန်ကုန်၊ ဘုရင့်နောင်စျေးကွက်မှာ စျေးတန်းငြိမ်နေပါတယ်။ အောင်ပန်းထူး-၂ တစ်ပိဿာကို ၆,၃၀၀ ကျပ်၊ ထူး-၃ က တစ်ပိဿာကို ၇,၃၀၀ ကျပ် ၊ ထူး-၄ က ၈,၃၀၀ ကျပ် ၊ ထူး-၅ က ၉,၃၀၀ ကျပ် စျေးရှိနေပါတယ်။
စက်တင်ဘာလ ၂ ရက်နေ့က ဈေးကွက်အတွင်းကို ကြက်သွန်ဖြူ အိတ်ရေ ၅၀၀ ၊ ပိဿာချိန် ၁၀,၀၀၀ ခန့် ဝင်ရောက်ခဲ့တယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်က ထုတ်ပြန်ထားပါတယ်။
