လယ်ယာကဏ္ဍအတွက် စက်သုံးဆီ လိုအပ်ချက်ကိုဖြည့်ပေးဖို့ MRF နဲ့ DENKO တို့ MOA လက်မှတ်ရေး ထိုး
The Farmer Times၊ စက်တင်ဘာလ ၄ ရက်၊ ၂၀၂၆။
လယ်ယာကဏ္ဍအတွက် စက်သုံးဆီ လိုအပ်ချက်အပေါ် ပူးပေါင်းညှိနှိုင်း ဖြည့်တင်းနိုင်ရေး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် MRF အသင်း ဝင် ကုမ္ပဏီ (၄၁) ခု နှင့် DENKO Trading Co., Ltd တို့အကြား (Memorandum of Agreement- MoA) လက်မှတ်ရေးထိုးခဲ့တယ်လို့ MRF က ထုတ်ပြန်ထားပါတယ်။
အဓိက ဆန်စပါး စိုက်ပျိုးခြင်း၊ ကြိတ်ခွဲထုတ်လုပ်ခြင်းနှင့် ပြည်တွင်းပြည်ပ ဈေးကွက်ကို တင်ပို့ဖြန့်ဖြူး ခြင်း လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ စက်သုံးဆီ လိုအပ်ချက်အပေါ် ပူးပေါင်းညှိနှိုင်း ဖြည့်တင်းပေးနိုင် ရေးအတွက် MOA ရေးထိုးခဲ့တာလို့ ဆိုပါတယ်။
ဆန်စပါး စိုက်ပျိုးရေးလုပ်ငန်းမှာ ကောက်စိုက်စက်၊ လယ်ထွန်စက်၊ ရိတ်သိမ်းခြွေလှေ့စက်၊ ရေတင်ရန် ရေစုပ်စက် စတဲ့ စက်မှုလယ်ယာသုံးစက်ကိရိယာများ၊ လယ်ယာလုပ်ငန်းသုံး ယာဉ်များအတွက် စက်သုံး ဆီလိုအပ်ချက် ဖြစ်ပေါ်ပါက DENKO Trading Co., Ltd မှ လွယ်ကူလျင်မြန်စွာ ဖြည့်တင်းဆောင် ရွက် ပေးရန် စတာတွေကို MOA မှာ ထည့်သွင်းရေးထိုးခဲ့တာ ဖြစ်ပါတယ်။
ဒါအပြင် ကြိတ်ခွဲထုတ်လုပ်တဲ့ ဆန်စက်များ၊ အခြောက်ခံစက်များနှင့် စပါး/ ဆန် အခြေခံတဲ့ စက်မှုကုန် ထုတ်လုပ်ငန်းများမှာ မီးစက်များအတွက် စက်သုံးဆီ လိုအပ်ချက်ကို စီစစ်ပြီး သင့်တင့်မျှတသော ပမာ ဏအား အချိန်နှင့်တစ်ပြေးညီ ဖြည့်တင်းပေးနိုင်ရန်၊ ဆန်စပါး ပြည်ပတင်ပို့တဲ့ ကုမ္ပဏီများ၊ သိုလှောင် ရုံများနှင့် ဆန်ဖြန့်ဖြူးရောင်းချတဲ့ ကုမ္ပဏီများအတွက်လည်း စက်သုံးဆီ(ဒီဇယ်) လိုအပ်ချက်ကို စိစစ်ပြီး သင့်တင့်မျှတသော ပမာဏ ဖြည့်တင်းပေးနိုင်ရန် စတဲ့ ရည်ရွယ်ချက်များဖြင့် နှစ်ဖက်သဘောတူ MoA လက်မှတ်ရေးထိုးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
” တကယ်စက်သုံးဆီ ရမယ်ဆိုရင် ကောင်းတာပေါ့ဗျာ။ အခုက စပါးရိတ်ခြွေစက် သမားတွေက ဆီစျေး တက်လို့ဆိုပြီး စျေးတက်တောင်းမယ့်သဘော ရှိနေတယ်။ မကြာခင် စပါးတွေ ရိတ်တော့မယ်။ အဲဒါ ပြီးရင် မတ်ပဲစိုက်ရမယ်။ ရေသွင်းဖို့ ဆီလိုတယ်။ စျေးနူန်းသက်သာစွာနဲ့ တောင်သူတွေဝယ်လို့ ရမယ် ဆိုရင် ကောင်းပါတယ်။ လယ်ငါးဧကခွဲရှိတော့ ရေတကြိမ်တင်ရင် ဆယ်ဂါလံကျော်ကုန်တယ်။ နှစ် ကြိမ်ဆို ဂါလံနှစ်ဆယ်ကျော်တယ်။ ဒါလယ်သမားတယောက်ပဲနော်။ ” လို့ ပဲခူးအနောက်ခြမ်းမှ တောင် သူတစ်ဦးက ပြောပါတယ်။
အဆိုပါ MOA လက်မှတ်ရေးထိုးခြင်း အစီအစဉ်နဲ့ ပတ်သက်လို့ အသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်နဲ့ DENKO Trading Co., Ltd ရဲ့ Managing Director ဦးဝဏ္ဏခိုင်က MOA လက်မှတ်ရေးထိုးခြင်း ရည်ရွယ် ချက်အပေါ် ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
MOA လက်မှတ်ရေးထိုးခြင်းကို စက်တင်ဘာလ ၁ ရက်နေ့က ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မင်္ဂလာခန်းမမှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပြီး အဲဒီနေ့မှာပဲ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးလည်း ကျင်းပခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ အစည်းအဝေးအတွင်း ဆန်ပြည်ပတင်ပို့မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်တွေ အပါအဝင် အသင်း ချုပ်ရဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စရပ်၊ ရှေ့ဆက်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်များနဲ့ ပတ်သက်လို့ ညှိနှိုင်း ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိ ရန်ကုန်မြို့ စက်သုံးဆီစျေးကွက်အတွင်း 92 က တစ်လီတာ ၃,၇၁၀ ကျပ် ၊ 95 က တစ်လီတာ ၃,၈၁၅ ကျပ်၊ ဒီဇယ် တစ်လီတာ ၄,၂၄၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၅,၁၄၀ ကျပ် စျေးရှိနေပြီး၊ ကျန် တိုင်းနဲ့ ပြည်နယ်တွေမှာတော့ စက်သုံးဆီစျေးနူန်းတွေက ရေကြီးနစ်မြှုပ်မှုနဲ့ တိုက်ပွဲဧရိယာ နေရာဒေသ အပေါ် မူတည်ပြီး စျေးနူန်းအပြောင်းအလဲတွေ ရှိနေပါတယ်။
