ပဲဆီနှင့် နှမ်းဆီစျေးကွက်တွင် အရောအနှောဆီများ လိမ်လည်ရောင်းချမှု မြင့်တက်လာ
The Farmer Times၊ စက်တင်ဘာလ ၂၁ ရက်၊ ၂၀၂၆။
ပြည်တွင်းဆီစျေးကွက်အတွင်းမှာ မြေပဲဆီနဲ့ နှမ်းဆီ စားသုံးမှုမြင့်တက်လာတဲ့အပေါ် အခွင့်ကောင်း ယူပြီး နာမည်ရပြီးသား ပဲဆီ၊ နှမ်းဆီ အမှတ်တံဆိပ် တချို့ကပါ ဆီအရောအနှောတွေ ပြုလုပ်ရောင်းချမှု ရှိလာတယ်လို့ စားသုံးသူ ပြည်သူတွေက ပြောပါတယ်။
လတ်တလော စျေးကွက်အတွင်း မြေပဲဆံ ဝယ်ယူရခက်တာနဲ့ အတူ ပစ္စည်းကောင်းရှားပါးတဲ့ အခြေအ နေတွေကြောင့် ပဲဆီ ဆုံဆီစျေး၊ စက်ကြိတ်စျေးနဲ့ နှမ်းဆီစျေးနှုန်းများကို မြှင့်တင်ရောင်းချလာကြပေ မယ့် ဆီအစစ်ထက် ရောနှောရောင်းချမှုက ပိုမိုများပြားနေတာ ဖြစ်ပါတယ်။
မြေပဲဆီ ၊ နှမ်းဆီ တွေမှာ ဆီချေးနံ့ နံခြင်း ၊ အနံ့မမွှေးခြင်းတွေ ရှိလာတာဖြစ်လို့ စားသုံးသူတွေမှာစျေးအမြင့်ပေးဝယ်ရပြီး ဆီအစစ်မရရှိတဲ့အတွက် နစ်နာဆုံးရှုံးမှုတွေ ရှိနေပါတယ်။
” တစ်ခါဆိုရင် ပဲဆီက ဆီချေးနံ့ နံတယ်။ အဲဒါ လချီထားတဲ့ဆီ မဟုတ်ဘူး။ တစ်လချင်း ဝယ်စားတာကို ဆီပုံးလိုက်နံနေတာ။ သူတို့ရောင်းတာကတော့ မြေပဲဆီအစစ် အရောအနှောကင်းဆိုပြီး ရောင်းတာ။ အ စစ်ဆိုပြီး စျေးက အမြင့်ပေးရတယ်။ ဆီအောက်ကပ်တွေကျရင်လည်း ဘယ်လိုတွေမှန်းလည်း မစစ်ဘူး။ အစစ်စျေးပေးရပြီး အရောရောင်းတာ များလာတယ်။ အစစ်စျေးရောင်းရင် စားသုံးသူကို အစစ် ပေးဖို့လိုအပ်တယ်။ အဲဒီလိုမဟုတ်ရင် လိမ်ညာရောင်းတာနဲ့အတူတူပဲ ။ ” လို့ ရန်ကုန်မြို့ တောင်ဒဂုံ မြို့နယ်က စားသုံးသူပြည်သူတစ်ဦးက ပြောပါတယ်။
လက်ရှိ စျေးကွက်အတွင်း မြေပဲစက်ကြိတ်ဆီက တစ်ပိဿာကို ၂၃,၀၀၀ ကျပ်၊ မြေပဲဆုံဆီက ၂၅,၀၀၀ ကျပ် စျေးပေါက်ပြီး၊ နှမ်းဆီကတော့ တစ်ပိဿာကို ၂၃,၀၀၀ ကျပ်စျေးရှိနေတယ်လို့ သိရပါတယ်။
ပြည်တွင်းက ဆီစက်ပိုင်တချို့ဟာ ဆီကြိတ်ရာမှာ မြေပဲဆံစျေး တက်နေတဲ့အတွက် မြေပဲဆီဆံ အသန့်၊ လုံးဆံ အသန့်ကို ဝယ်ယူကြိတ်ခွဲခြင်းအစား ပုံမှန်ဆီဆံ အမျိုးအစားနဲ့ စျေးအနည်းဆုံး မြေပဲဆံတွေကို သာ ဝယ်ယူကြိတ်ခွဲမှုတွေ ရှိလာတယ်လို့လည်း သိရပါတယ်။
ဒါအပြင် နှမ်းဆီကြိတ်ရာမှာလည်း အရည်အသွေးကောင်းတဲ့ နှမ်းညို၊ နှမ်းနီအစား စျေးနည်းပြီး အက် ဆစ်မလွတ်တဲ့ နှမ်းနက်(စမုန်)ကို ရောနှောကြိတ်ခွဲမှု ရှိလာတယ်လို့လည်း စားသုံးသူတွေက ပြောပါတယ်။
” မြေပဲက ၃ လမြေပဲ ၊ ၆ လမြေပဲဆိုတာရှိတယ်။ တနိုင်တပိုင် ဆီကြိတ်ရောင်းသူတွေထဲတောင် ပဲဆီ အစစ် မစားရတော့ဘူး။ လုပ်ငန်းသ မားတွေက ပိုဆိုးတာပေါ့။ ခုခေတ်က ပဲနံ့မွှေးချင်လည်းရတယ်၊ အ ရောင်လှချင်လည်း ရတယ်။ ဖြစ်နေတာလေ။ အစစ်စားချင်ရင်တော့ ကိုယ်ယုံရတဲ့လူရင်း ကြိတ်မှပဲ ရနိုင်မယ်။ တချို့ ဆီလုပ်ငန်းရှင်တွေကတော့ အမှတ်တံဆိပ်ကို တန်ဖိုးထားလို့ အစစ် ရနိုင်ပါသေး တယ်။ ဆီမစစ်ဘူးဆိုတာ သိပေမယ့်လည်း စားအုန်းဆီထက်တော့ သာပါတယ်လေဆိုပြီး စားနေကြ တာ။ တကယ်က မစစ်ပါဘူး။ ” လို့ အောင်လံမြို့က ဆီကုန်သည်တစ်ဦးက ပြောပါတယ်။
ဒါကြောင့် အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန-FDA အနေနဲ့ ပြည်တွင်းက ဆီစက်တွေကို မကြာခ ဏ စစ်ဆေးမှုတွေ ပြုလုပ်ဖို့လိုအပ်သလို စားဆီအရောင်းဆိုင်တွေကိုလည်း ပဲဆီ၊ နှမ်းဆီ စစ်၊ မစစ်ကို ဝင်ရောက်တိုင်းတာ စစ်ဆေးမှုတွေ ပြုလုပ်ဖို့ စားသုံးသူတွေက လိုလားနေပါတယ်။
လက်ရှိ စျေးကွက်အတွင်း စားအုန်းဆီ တစ်ပိဿာကို ၁၅,၀၀၀ မှ ၁၈,၀၀၀ ကျပ်ခန့် ပေါက်စျေးရှိနေ တဲ့အတွက် စျေးသိပ်မကွာတော့တာကြောင့် လူလတ်တန်းစား စားသုံးသူတချို့ဟာ မြေပဲနဲ့ နှမ်းဆီ (အ ရောအနှောဆီ)ကို ပြောင်းလဲစားသုံးမှု မြင့်တက်လာတာ ဖြစ်ပါတယ်။
ယင်းကဲ့သို့ ပဲဆီ၊ နှမ်းဆီ စျေးနူန်းတွေ မြင့်တက်လာပေမယ့် ကုန်သည်တချို့ဟာ အမြတ်အစွန်း ပိုမိုရလို စိတ်ဖြင့် ပဲဆီ၊ နှမ်းဆီကို စားအုန်းဆီနဲ့ ရောနှောပြီး ရောင်းချမှုတွေ ပြုလုပ်လာတာ ဖြစ်တယ်လို့ စားသုံး သူတွေက ပြောပါတယ်။
အခုနှစ်မှာ မြေပဲနဲ့ နှမ်း သီးနှံနှစ်မျိုးလုံး အထွက်နူန်းလျော့ကျခဲ့တာကြောင့် ပြည်တွင်း ပဲ၊ နှမ်းမျိုးစုံ စျေးကွက်အတွင်းကို ကုန်အဝင်နည်းပါးမှုနဲ့ အတူ အရည်အသွေး ကျဆင်းမှုတွေလည်း ဖြစ်ပေါ်နေပါ တယ်။
