ကြက်သွန်နီ တစ်ပိဿာ ၇,၀၀၀ ကျပ်အထိ စျေးမြင့်တက်လာပြီး ကုန်အဝင်နည်းလို့ အလုအယက် ဝယ် ယူနေရ
The Farmer Times၊ စက်တင်ဘာလ ၂၃ ရက်၊ ၂၀၂၆။
မြင်းခြံနဲ့ ပခုက္ကူကုန်စည်ဒိုင်ကို ကြက်သွန်နီအဝင်နည်းပြီး ဝယ်လိုအားက များနေတဲ့အတွက် အခုရက် ပိုင်း စျေးကွက်အတွင်းမှာ တစ်ပိဿာကို ၇,၀၀၀ ကျပ်အထိ စျေးမြင့်တက်လာတယ်လို့ ကုန်သည်တွေ က ပြောပါတယ်။
ဒေသနယ်အစုံမှာ ကြက်သွန်နီလက်ကျန်ပမာဏ နည်းပါးလာတဲ့အတွက် ကုန်စည်ဒိုင်တွေကို ကုန်ပစ္စည်း ဝင်ရောက်မှု လျော့နည်းနေလာတာဖြစ်ပြီး၊ ပစ္စည်းရှားလို့ အတက်စျေးနဲ့ ဝယ်ယူနေရတယ်လို့ ဆိုပါ တယ်။
စက်တင်ဘာ ၂၂ ရက်နေ့က ပခုက္ကူကုန်စည်ဒိုင်ကို ကြက်သွန်နီ ပိဿာချိန် ၄,၀၀၀ ခန့်သာဝင်ရောက်ခဲ့ပြီး အဆိုပါနေ့က ကြက်သွန်နီ တစ်ပိဿာကို အနိမ့်ဆုံးစျေး ၅,၀၀၀ မှ ၇,၀၀၀ အထိစျေးပေါက်ခဲ့တာ ဖြစ်ပါတယ်။
” ဝင်သမျှကြက်သွန် အကုန်ပြတ်ပါတယ်။ စျေးက အတက်စျေးပါပဲ။ ခုရက်ဝင်သမျှက ထောင်ဂဏန်း လေးပဲရှိတယ်။ အရင်ပုံမှန်ဆို သောင်းဂဏန်းပဲလေ။ ထောင်ဂဏန်းဆိုတာ အရမ်းနည်းတာပေါ့။ ဝယ် လိုအားနဲ့ ရောင်းလိုအားက မမျှဘူး။ စျေးက ဒီတိုင်းဆို ထပ်တက်ဖို့ပဲရှိတယ်။ တောင်သူလက်ထဲတော့ မရှိသလောက်ပါပဲ။ လှောင်လက်သမားတွေပဲ ရှိမယ်။ ရန်ကုန်နဲ့ နယ်က စျေးမကွားတော့ တင်ပို့တာ နည်းပါတယ်။ ” လို့ ပခုက္ကူမြို့နယ်က ကြက်သွန်နီကုန်သည် တစ်ဦးက ပြောပါတယ်။
လက်ရှိမှာ ပခုက္ကူကုန်စည်ဒိုင်ကို ကြက်သွန်ဝင်ရောက်မှုက တစ်ရက်ကို ပိဿာချိန် ထောင်ဂဏန်း လောက်သာ ရှိနေပြီး၊ စက်တင်ဘာ ၁၆ ရက်မှ စက်တင်ဘာ ၂၂ ရက်နေ့အထိ တစ်ပတ်အတွင်းမှာ ကြက် သွန်ဝင်ရောက်မှုက ပိဿာချိန် ၅၂,၀၀၀ ဝန်းကျင်သာရှိခဲ့တာ ဖြစ်ပါတယ်။
အလားတူ မြင်းခြံမြို့နယ်မှာလည်း ကုန်လက်ကျန်နည်းလာတဲ့အတွက် ကုန်စည်ဒိုင်မှာကို ကြက်သွန် ဝင်ရောက်မှု လျော့ကျလာနေပြီး၊ စက်တင်ဘာ ၂၂ ရက်နေ့က မြင်းခြံကုန်စည်ဒိုင်ကို ကြက်သွန် ပိဿာ ချိန် ၂၅,၀၀၀ ခန့်သာဝင်ရောက်မှုရှိခဲ့တယ်လို့ သိရပါတယ်။
ကုန်အဝင်နည်းပါးတာကြောင့် စျေးကွက်ထဲမှာ ကုန်သည်တွေက အလုအယက် ဝယ်ယူနေကြရတဲ့ အ ခြေအနေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။
” ဝယ်လိုအားနဲ့စာရင် ကုန်ဝင်ကနည်းတယ်။ တကယ့်ကို နယ်အစုံမှာ ကုန်လက်ကျန် နည်းပါးနေတဲ့ အ နေအထားကို တွေ့ရတယ်။ ကုန်ဝင်နည်းပြီး၊ ရှားတော့ ဈေးအနည်းငယ် ထပ်တက်ရောင်းနေရတယ်။ ကြက်သွန်ဝယ်ဖို့ကို မဲချကြ၊ ခွဲကြစိပ်ကြနဲ့ သူ့ထက်ငါ အလုအယက် ဝယ်နေရတယ်။ ပွဲရုံတွေကိုလည်း ပစ္စည်းသိပ်မဝင်တော့ဘူး ။” လို့ မြင်းခြံမြို့နယ်က ကြက်သွန်ပွဲပိုင်ရှင် ဦးဝင်းမောင်က ပြောပါတယ်။
လတ်တလောမှာ မြင်းခြံနယ်နဲ့ ပခုက္ကူဒေသမှာ နွေကြက်သွန်နီ အဟောင်းလက်ကျန် နည်းပါနေသလို၊ ပြည်ပဝယ်လက်သမားတွေကလည်း နယ်တိုက်ရိုက် အဝယ်ရှိနေတာကြောင့်လည်း စျေးကွက်ဆက် တိုက် မြင့်တက်လာတာ ဖြစ်တယ်လို့ ဒေသခံကုန်သည်တွေက ဆိုပါတယ်။
အခုလို နယ်စျေးကွက်မှာ စျေးနှုန်းမြင့်တက်လာတဲ့အပြင် ပစ္စည်းကလည်းရှားပါးလာတဲ့အတွက် ပခုက္ကူ ကြက်သွန်ကို ရန်ကုန်စျေးကွက်ကို တင်ပို့ရောင်းချမှု မရှိသလောက်ဖြစ်သွားပြီး၊ မြင်းခြံကြက်သွန်နီက တော့ ရန်ကုန်စျေးကွက်ကို အနည်းငယ်တင်ပို့ရောင်းချမှု ရှိနေသေးတယ်လို့ ကုန်သည်တွေက ပြောပါ တယ်။
ကြက်သွန်နီစျေးတွေက ထိုင်း- မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အဓိကအရေးပါတဲ့ မြဝတီ အမှတ် (၂) ချစ်ကြည်ရေးတံတားကို ပြန်ဖွင့်ခဲ့တဲ့နောက်ပိုင်း၊ ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကစလို့ ဆက်တိုက်မြင့် တက်လာတာ ဖြစ်ပါတယ်။
ကြက်သွန်နီစျေး မြင့်တက်လာပေမယ့် ကြက်သွန်ကုန် လက်ကျန်အများစုက လှောင်လက်သမား ကုန် သည်တွေထံမှာသာ ကျန်ရှိနေတာဖြစ်ပြီး၊ စိုက်ပျိုးသူ တောင်သူတွေလက်ထဲမှာ ကြက်သွန်လက်ကျန် မရှိတော့တဲ့အတွက် စျေးနှုန်းမြင့်တက်ခြင်းရဲ့ အကျိုးအမြတ်ကို တောင်သူတွေ မခံစားရဘူးလို့ ဆိုကြပါတယ်။
