October 18, 2026

ဆီစက်လုပ်ငန်းရှင်များ ချေးငွေ သိန်း ၅,၀၀၀ ထိ လျောက်ထားရယူနိုင်

The Farmer Times၊ စက်တင်ဘာလ ၂၉ ရက်၊ ၂၀၂၆။

ပြည်တွင်းဆီစက်လုပ်ငန်းတွေ အနေနဲ့ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေအဖြစ် အများဆုံး ကျပ် သိန်း ၅,၀၀၀ ထိ လျှောက်ထားနိုင်တယ်လို့ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ က အသိပေးပြောဆိုလာပါတယ်။

ချေးငွေ ထုတ်ချေးပေးရာမှာ လုပ်ငန်းသုံးလှည့်ပတ်ငွေအဖြစ် အနည်းဆုံး ကျပ်သိန်း (၁ဝဝ) မှ အများဆုံး ကျပ်သိန်း (၅,ဝဝဝ) အထိ သတ်မှတ်ထားပြီး၊ မတည်ရင်းနှီးငွေအနေနဲ့ ထုတ်ချေးရာမှာတော့ အနည်း ဆုံးကျပ်သိန်း (၂ဝဝ) မှ အများဆုံး ကျပ်သိန်း (၅,ဝဝဝ) အထိ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ချေးငွေသက်တမ်းအနေနဲ့ လုပ်ငန်းသုံးလှည့်ပတ် ရင်းနှီးငွေအတွက် ထုတ်ချေးကာလ (၁) နှစ်၊ မတည် ရင်းနှီးငွေအတွက် (၃) နှစ် ဖြစ်ပါတယ်။ ချေးငွေပြန်ဆပ်ရာမှာ ဆိုင်းငံ့ကာလ (၁) နှစ်၊ ပြန်ဆပ်ကာလကို (၂) နှစ် သတ်မှတ်ထားပြီး၊ (၆) လတစ်ကြိမ် (၄) ရစ် ပေးသွင်းရမယ်လို့ သိရပါတယ်။

ဆီစက်တွေကို အဆင့်မီစက်ပစ္စည်းများ တိုးချဲ့တပ်ဆင်တာ၊ အဆင့်မြှင့်တင်တာ၊ ခေတ်မီဆီစက်အသစ် များ ထပ်မံတည်ဆောက်တာနဲ့ လုပ်ငန်းသုံးရင်း နှီးလည်ပတ်ငွေအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံ ငွေမှ မတည်ထူထောင်ထားတဲ့ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ ရန်ပုံငွေကနေ တစ်နှစ်ကို အတိုး ၅ ရာခိုင်နူန်းနဲ့ ထုတ်ချေးပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

” လုပ်ငန်းသုံး လှည့်ပတ်ရင်းနှီးငွေက ချေးငွေစက်တမ်းတစ်နှစ်က အချိန်နည်းတယ်။ အနည်းဆုံး နှစ်နှစ် လောက်တော့ ပေးဖို့လိုပါတယ်။ ပြည်တွင်းဆီစက်တွေလည်း အခက်အခဲတွေ ရှိပါတယ်။ ချေးငွေ အ ဆင်ပြေပြေ ရမယ်ဆိုရင်တော့ လုပ်ငန်းကပို အဆင်ပြေလာနိုင်တာပေါ့။ အခုက လုပ်သမျှ အရင်းထဲ ဝင်နေတာ။ ခုထိတော့တခါမှ ချေးငွေမချေးဘူးသေးဘူး ။ ” လို့ ဆီစက်ပိုင်တစ်ဦးက ပြောပါ တယ်။

ချေးငွေလျှောက်ထားနိုင်တဲ့ လုပ်ငန်းတွေအနေနဲ့ လက်ရှိ လုပ်ငန်းလည်ပတ်လုပ်ကိုင်နေတဲ့ ဆီစက်ဖြစ်ဖို့ လိုအပ်ပြီး၊ လုပ်ငန်းအမည်ပေါက် လိုင်စင်(သက်တမ်း) ရှိဖို့လည်း လိုတယ်လို့ ဆိုပါတယ်။

ဒါအပြင် ချေးငွေအတွက် အာမခံအဖြစ် အမည်ပေါက်ပိုင်ဆိုင်တဲ့ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းများ၊ လယ် ယာမြေလုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ-၇) များကို ပေးအပ်ရမှာ ဖြစ်ပါတယ်။

” သူတို့သဘောက ကိုယ်ချေးမယ့်ပမာဏနဲ့ တန်ဖိုးခြင်း ကိုက်ညီမယ့် အပေါင်ပစ္စည်းပေးထားရမယ့် သ ဘောပါ။ ဥပမာ ကိုယ်ပြနိုင်၊ ပေးနိုင်တဲ့ ပစ္စည်းက သိန်း ၁,၀၀၀ ပဲတန်ရင် ချေးငွေ ၃,၀၀၀ လျှောက်ရင် ရမှာမဟုတ်ပါဘူး။ ပြီးတော့ ဘဏ်မှာအခု ချေးငွေယူပြီး လည်ပတ်နေသူတွေလည်း ရဖို့လမ်းမမြင် ဘူး။ ” လို့ သူက ထပ်ပြောပါတယ်။

လက်ရှိ နိုင်ငံပိုင်ဘဏ်များနဲ့ ပုဂ္ဂလိကဘဏ်များမှာ ချေးငွေရယူထားသူတွေအနေနဲ့ ဆီစက်ဖွံ့ဖြိုးရေး ချေးငွေ ရယူလိုပါက သီးခြားအာမခံ ပေးတင်သွင်းနိုင်မှသာ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

ချေးငွေကို FDA လက်မှတ်ရရှိပြီးသူ၊ အသေးစားစက်မှုလုပ်ငန်း မှတ်ပုံတင်လက်မှတ် ရရှိပြီးသူနှင့် သက် ဆိုင်ရာဒေသရှိ ဆီစက်ပိုင်ရှင်များအသင်း၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းဝင် လုပ်ငန်းရှင် တွေကို ဦးစားပေး ထုတ်ချေးပေးသွားမယ်လို့ ဆိုပါတယ်။

ချေးငွေလျှောက်ထားလိုတဲ့ ဆီစက်လုပ်ငန်းရှင်များအနေနဲ့ ချေးငွေအဆိုပြုလွှာကို သတ်မှတ်ထားတဲ့ ဘဏ်များနဲ့ အသင်းအဖွဲ့များ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံးခွဲများမှာ လျှောက်ထားနိုင် တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.