ကော်ဖီ မျိုးကောင်းမျိုးသန့် စိုက်ပျိုးမှု အားနည်းလာမှုကြောင့် ပြည်ပဈေးကွက် ထိခိုက်လာ
The Farmer Times၊ စက်တင်ဘာလ ၃၀ ရက်၊ ၂၀၂၆။
မြန်မာနိုင်ငံမှာ ကော်ဖီစိုက်ပျိုးမှုနဲ့ ပတ်သက်ပြီး မျိုးကောင်းမျိုးသန့် စိုက်ပျိုးမှု နည်းပါးလာတဲ့အတွက် နိုင်ငံတကာဈေးကွက်ကို အရည်သွေးပြည့်ဝတဲ့ကော်ဖီ တင်ပို့နိုင်မှု လျော့ကျလာနိုင်တယ်လို့ မြန်မာနိုင်ငံ ကော်ဖီအသင်း အဖွဲ့ဝင်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
သမဝါယမ ဦးစီးဌာနနဲ့ မြန်မာနိုင်ငံကော်ဖီအသင်း အနေနဲ့ ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး မူ ဝါဒပိုင်း အားနည်းချက်တွေ ရှိနေသလို၊ ကော်ဖီစိုက်ပျိုးမြေနေရာ သတ်မှတ်ဧရိယာ တိတိကျကျ သတ် မှတ်ပေးထားမှုလည်း မရှိတာကြောင့် မျိုးကောင်းမျိုးသန့် စိုက်ပျိုးနိုင်မှု အားနည်းနေတာလို့ သူက ထောက်ပြပါတယ်။
‘’ လိမ်နေကြတာပေါ့နော်။ လုပ်ငန်းရှင်ဘက်ကလည်း လိမ်တယ်။ အဲဒီဌာနဘက်ကလည်း လိမ်တာပေါ့ နော်။ ရှင်းရှင်းပြောရင်တော့ ဌာနကလည်း လက်တွေ့ကျတဲ့ စည်းမျဉ်းစည်းကမ်းထုတ်ဖို့ လိုတာပေါ့။ လုပ်ငန်းရှင်တွေဘက်ကလည်း တိတိကျကျလိုက်နာဖို့ လိုတာပေါ့။ အဲတော့ လက်တွေ့မကျတဲ့ စည်း မျဉ်းစည်းကမ်းတွေနဲ့ကျတော့ အလုပ်ဖြစ်ပြီးရော လိမ်နေကြတာပေါ့နော်။ အပင်ကိုလည်း မျိုး ကောင်းမျိုးသန့်တွေ စနစ်တကျ ပျိုးထောင်ထားတာတွေ၊ ဘာတွေစိုက်ဖို့ လိုအပ်တာပေါ့။ အဲတာမျိုး တွေ မလုပ်ဘဲနဲ့ ပြီးပြီးရောဆိုတော့ နောက်ကျလုပ်တာပေါ့ဆိုတော့ ဒီက အဆောက်အအုံ ဆောက်သလို ပဲလေ၊ အစကောင်းမှ အနှောင်းသေချာတာလေ။ ဆိုတော့ အဲဒီစိုက်ပျိုးမြေတွေကလည်း စိုက်ပျိုးမြေ တွေအတိုင်း မှန်မှန်ကန်ကန် သုံးစွဲဖို့လိုတာပေါ့။ ပြီးတော့ ဌာနကလည်း စီမံကိန်းမြေတွေဆိုရင်လည်း သူတို့ဘက်ကနေပြီးတော့ နိုင်ငံတော် ပြန်တမ်းကနေပြီးတော့ ထုတ်သင့်တာပေါ့နော်။ ‘’ လို့ ကော်ဖီ စိုက်ပျိုးထုတ်လုပ်သူ အဆိုပါလုပ်ငန်းရှင်က ပြောပါတယ်။
လက်ရှိမှာ ကော်ဖီထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေအတွက် ကော်ဖီလှော်ခွင့်ကိုလည်း ကော်ဖီခြံအတွင်းမှာ လှော်ခွင့် မရှိလို့ သတ်မှတ်ထားပေမယ့်၊ စက်မှုဇုန်လို လှော်ဖို့နေရာ သီးသန့်သတ်မှတ်ပေးမထားတာ ကြောင့် လုပ်ငန်းလုပ်ကိုင်ရာမှာ အခက်တွေ့နေကြတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် စိုက်ပျိုးရေးဌာနနဲ့ ကော်ဖီအသင်းက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကော်ဖီစိုက်ဧက ၁၀ ရာခိုင် နှုန်းခန့် တိုးတက်လာပြီး၊ စိုက်ဧက ၇၀,၀၀၀ နီးပါးရှိလာတယ်လို့ စာရင်တွေမှာ ဖော်ပြထားပေမယ့်၊ အမှန်တကယ် မြေပြင်မှာ စိုက်ဧက ၅၀,၀၀၀ ခန့်သာရှိပြီး၊ ကော်ဖီ ပြည်ပတင်ပို့မှုမှာလည်း ကမ္ဘာ့ကော် ဖီဈေး ကျဆင်းပြီး ပြည်တွင်းဈေး မြင့်နေတဲ့အတွက် တင်ပို့မှုမရှိသလောက် နည်းပါးသွားတယ်လို့ လည်း မြန်မာနိုင်ငံ ကော်ဖီအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
‘’ အကြမ်းဖျင်း သိတာတော့ ဒီနှစ်ကတော့ အရမ်းကြီးတော့ မများဘူး။ ဒီနှစ်က ကမ္ဘာ့ကော်ဖီဈေးက ကျတော့လေ။ ပြည်တွင်းကော်ဖီဈေးကတော့ တော်တော်တက်တယ်။ ကော်ဖီက စိုက်တဲ့သူတွေက အကျိုးအမြတ်ရှိပါတယ်။ ကော်ဖီသီးနှံဈေး တအားကောင်းသွားတယ်လေ။ နောက်ပိုင်းတော့ ကျသွား တယ်။ တောင်သူတွေ အသီးအမှည့်တွေပဲ ရောင်းတော့ ဈေးကောင်းရကြပါတယ်။ ဒါပေမယ့် တချို့ တွေကတော့ စစ်ဖြစ်လို့ နည်းနည်းပျက်စီးသွားတဲ့ ခြံတွေတော့ ရှိတာပေါ့နော်။ စစ်ဖြစ်တော့ မီးနဲ့ ရှို့သွားကြတာပေါ့နော်။ စစ်ဖြစ်လာရင်တော့ နည်းနည်းအထိ အခိုက်များတဲ့ ခြံတွေတော့ ရှိတာပေါ့။ ဈေးကွက်ကတော့ ကောင်းပါတယ် အလားအလာ။ ဒါပေမယ့် ဒီနှစ်ကတော့ ကမ္ဘာ့ကော်ဖီဈေးကျတော့ export ကတော့ နည်းထွက်တယ်ပေါ့။ နောက်တစ်ခုကတော့ export လုပ်ဖို့ ဘာဖို့ဆိုရင် များများ ထွက် ပြီးတော့ များများစိုက်ဖို့ လိုတာပေါ့နော်။ အဲတာမှ export ယိုးဒယားနိုင်ငံနဲ့ ဈေးနှုန်းကို ယှဉ်ပြီး ရောင်းနိုင်မှာ။ အခုကတော့ ဒီမှာ ပြည်တွင်းဈေးက ဈေးကြီးသလို ဖြစ်နေတာပေါ့နော်။ စိုက်ဧကက တော့ အစိုးရပြောတာကတော့ ၇၀,၀၀၀ ဒါပေမယ့် မြေပြင်မှာ ဉီးတို့ သိတာတော့ အဲလို သူ့ရဲ့ တဝက် လောက်ပဲရှိ။ ဒါပေမယ့် အခုကတော့ အထွက်တော့ တိုးလာပါတယ်။ တိုးလာတော့ ၄၊ ၅ သောင်းတော့ ရှိမှာပါ “ လို့ ၎င်း ကပြောပါတယ်။
လက်ရှိ ပြည်ပကော်ဖီတင်ပို့ရာမှာ အရည်အသွေးပေါ် မူတည်ပြီး ကော်ဖီတစ်တန်ကို အမေရိကန် ဒေါ်လာ ၅,၀၀၀ အထက်စျေးရရှိနေပြီး၊ တ ရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံများကို အဓိက တင်ပို့နေတာဖြစ်ပြီး ဥ ရောပနိုင်ငံများ၊ အမေရိကန်၊ ဂျပန်နိုင်ငံနဲ့ ကိုရီးယားနိုင်ငံတွေကိုလည်း တင်ပို့နေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ အာရေးဗီးကား၊ ရိုဘတ်စတာကော်ဖီ နှစ်မျိုး စိုက်ပျိုးပြီး၊ အာရေးဗီးကား ကော်ဖီကို အဓိက စိုက်ပျိုးကာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စိုက်ဧက ၅ သောင်ကျော် ရှိတယ်လို့ သိရပါတယ်။ လတ်တလော ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုန်းမြို့နယ်မှာ ကော်ဖီစိုက်ဧကတွေ များပြားလာတယ်လို့ လည်း သိရပါတယ်။
” အာရေးဗီးကားရော၊ရိုဘတ်စတာရောပေါ့။ ရိုဘတ်စတာကတော့ စိုက်ဧကနည်းပါတယ်။ဈေးကွက်ကတော့ ပြည်တွင်းရော၊ပြည်ပရောပေါ့။ ပြည်ပကတော့ Normal Trade က ဥရောပနိုင်ငံတွေ၊ အမေရိကန်၊ ဂျပန်၊ ကိုရီးယားပေါ့။ Border Trade ဆိုရင်တော့ တရုတ်နဲ့ထိုင်းနိုင်ငံပေါ့။ ပြည်တွင်းလည်းသုံးကြပါတယ်။ အများစုကတော့ အာရေးဗီးကားပေါ့။ Normal Trade ကတော့ စုစုပေါင်းမှ တန်ချိန် ၅၀ဝနဲ့ ၁,၀ဝဝကြားပေါ့။ Border Trade ကတော့ပိုများတယ်။ တန်ချိန် ၂,၀ဝဝကျော်လောက်ပို့တယ်။ ပေါက်ဈေးကတော့ သူ့ Quality နဲ့သူ မျိုးစုံရှိတယ်။ နိုင်ငံတကာကို ရောင်းတဲ့ကော်ဖီစေ့ပေါ့နော်။ ကော်ဖီစေ့ဈေးကတော့ တစ်တန်ကိုဒေါ်လာ ၅,၀ဝဝ၊ ၆,၀ဝဝ လောက်ရှိတယ် ” လို့ ၎င်းက ဆက်ပြောပါတယ်။
ကော်ဖီတိုးချဲ့စိုက်ပျိုးမှုကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်က စတင်ခဲ့ကြတာဖြစ်ပြီး၊ ဈေးကွက်က အခုလို ဆက် လက်အားကောင်းနေမယ်ဆိုရင် လာမယ့်စိုက်ပျိုးရာသီမှာ ကော်ဖီစိုက်ဧက အခုထက်ပိုတိုးလာနိုင်လို့ လည်း ၎င်းက ခန့်မှန်းထားပါတယ်။
“ ရှင်းရှင်းပြောရင်တော့ အရည်အသွေး မပြည့်တာ qualify မဖြစ်ဘူးပေါ့။ ကော်ဖီလှော်ခွင့်ကို ခြံထဲမှာ ပေးမလှော်ဘူး။ ခြံထဲမှာ ပေးမလှော်တော့ ဒီကော်ဖီအနံ့က အိမ်တွေအများကြီးမှာ ဘယ်ကအဆင်ပြေမလဲ။ အဲတော့ ခြံထဲမှာလည်း မလှော်၊ အိမ်တွေမှာလည်း လှော်လို့မရ၊ စက် မှုဇုန်ပေးမှာလားဆိုတော့လည်း ဟိုလိုလို၊ဒီလိုလို ဘောလီဘော ပုတ်နေတယ်။ ဒီကော်ဖီကို ဒီ value change အတွက်ဆိုရင် လှော်ပြီးရောင်းရမှာလေ။ မလှော်ဘဲနဲ့ ဖြုတ်ရောင်းလို့မှ မရတာ။ လှော်ရင် ဒီအနံ့ဆိုးဆိုတာ ဖြစ်လာပြီလေ အဲတာကို စည်းကမ်းသတ်မှတ်ချက်လုပ်ပြီး ဘာဖြစ်လို့ ဒီခြံတွေထဲမှာ လုပ်ခွင့်မပေးသလဲ။ သူတို့ဘက်ကတော့ သတ်မှတ်တဲ့ စံချိန်စံညွှန်း မပြည့်မှာ စိုးလို့လို့၊ဘာတို့ ပြောတာပေါ့။ အဲတော့ ဒီ စနစ်တကျ မှတ်ပုံတင်ပြီးတော့ အခွန်ဆောင်ပြီးတော့ ကိုယ့်ဟာနဲ့ကိုယ်တော့ ဒီဟာလေးက ဘယ်လောက်မှ အညစ်အကြေး ပိုသုံးတာတော့ မရှိပါဘူး။ အနာနဲ့ ဆေး တည့်စေချင်တာပေါ့။” လို့ ပြောပါတယ်။
လတ်တလော ကမ္ဘာ့စျေးကွက်မှာ ကော်ဖီဈေးကောင်းလာတဲ့အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီ ဆိုင်မြို့နယ်မှာ ဘိန်းအစားထိုး သီးနှံအဖြစ် ကော်ဖီကို စိုက်ပျိုးမှု များပြားလာတယ်လို့ သိရပါတယ်။
