ဖိလစ်ပိုင်နိုင်ငံကို မြန်မာ့ဆန်တင်ပို့မှု နိုဝင်ဘာလအထိ ရပ်နားထား
The Farmer Times၊ အောက်တိုဘာလ ၂ ရက်၊ ၂၀၂၆။
ဖိလစ်ပိုင်နိုင်ငံက ပြည်ပနိုင်ငံတွေက ဆန်တင်သွင်းမှုကို လာမယ့် နိုဝင်ဘာလအထိ ယာယီရပ်နားလိုက် တဲ့အတွက် မြန်မာ့ဆန်တင်ပို့မှုလည်း ယာယီရပ်နားထားရတယ်လို့ ဆန်ကုန်သည် အသိုင်းအဝိုင်းက သတင်းရရှိပါတယ်။
မြန်မာနိုင်ငံကနေ ဆန်ဝယ်ယူတဲ့ ပြည်ပနိုင်ငံတွေထဲမှာ ဖိလစ်ပိုင်နိုင်ငံဟာ ဆန်ဝယ်ယူမှု အများဆုံးနိုင် ငံတခု ဖြစ်တာကြောင့် ဆန်ဝယ်ယူမှု ရပ်နားလိုက်တဲ့အတွက် ဆန်စျေးကွက်မှာလည်း ဖိလစ်ပိုင်နိုင်ငံက အဓိက ဝယ်ယူတဲ့ အသွယ်စဆန် အမျိုးအစားက အရောင်းအဝယ် အေးနေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ပြည်တွင်းဆန်၊ စပါးစျေးကွက်အတွင်းမှာ အကျဘက်ရောက်လာတာကြောင့် တောင်သူတွေ အနေနဲ့ စပါးကို စောပြီးရိတ်သိမ်းတာမျိုး မလုပ်ဘဲ ရင့်မှည့်တဲ့အထိ စောင်ဆိုင်းပြီး အစိုဓာတ်နဲ့ အဖျင်း အမှော် နည်းပါးအောင်ပြုလုပ်ပြီး သိုလှောင်ထားဖို့ မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအ သင်း ဥက္ကဋ္ဌ ဦးခင်မြင့်က အကြံပြုထားပါတယ်။
” အသွယ်ဆန် အကြည်စကို အဓိကဝယ်ယူနေတဲ့ ဖိလပိုင်နိုင်ငံက ပြည်တွင်း လိုအပ်ချက်အရ ပြည် ပနိုင်ငံတွေကနေ ဆန်တင်သွင်းမှုကို နိုဝင်ဘာ ၁၅ နေ့အထိ ခတ္တပိတ်ထားပါတယ်။ ဒါကြောင့် အသွယ်စ ဆန်စျေး အနည်းငယ် ကျဆင်းနေပါတယ်။ စပါးစျေးကောင်းရဖို့အတွက် အလောတကြီး စပါးမ ရိတ်သိမ်းဘဲ စပါးကို ရင့်မှည့်တဲ့အထိထားပါ။ အစိုဓါတ်နည်းအောင် ဆောင်ရွက်ထားပါ။ အဖျင်းအ မှော် သန့်စင်အောင်လုပ်ပါ။ စပါးစျေး ပြန်ကောင်းပါလိမ့်မယ် ” လို့ ဦးခင်မြင့်က ပြောပါတယ်။
အခု ၂၀၂၆ – ၂၀၂၇ ဘဏ္ဍာနှစ်ရဲ့ ၅ လတာကာလအတွင်းမှာ ဖိလစ်ပိုင်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကနေ ဆန် တန်ချိန် ၃၈၀,၀၀၀ ကျော် ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကနေ ဧပြီလမှာ ဆန်တန်ချိန် ၁၉,၈၅၈၊ မေလမှာ ဆန်တန်ချိန် ၂၃,၉၉၀ ၊ဇွန်လမှာ ဆန်တန်ချိန် ၁၁၉,၉၄၃ ခန့်၊ ဇူလိုင်လမှာ ဆန်တန်ချိန် ၁၂၆,၄၁၆ နဲ့ ဩဂုတ်လမှာ ဆန်တန်ချိန် ၁၀၆,၅၁၂ ခန့် ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။
အခုလို ဆန်တန်ချိန် အများဆုံးဝယ်ယူတဲ့ နိုင်ငံက အဝယ်ယာယီ ရပ်နားလိုက်တာဟာ မြန်မာ့ဆန် ပြည်ပ တင်ပို့မှုမှာလည်း သိသိသာသာ လျော့ကျသွားနိုင်တဲ့ အခြေအနေရှိတယ်လို့လည်း ဆန်ကုန်သည်အသိုင်း အဝိုင်းက သုံးသပ်နေကြပါတယ်။
” ဒီစက်တင်ဘာကနေ စပြီးပိတ်တယ်လို့တော့ ကြားတယ်။ အဲဒီအတွက် ပြည်ပတင်ပို့မှုလည်း လျော့မှာ ပဲ။ ယာယီပိတ်တာဖြစ်လို့ ပိတ်ထားချိန်မှာ စပါးကို ခြောက်အောင်လုပ်ပြီး လှောင်ထားနိုင်ဖို့လိုတယ်။ တချို့ကျလည်း လှောင်စရာနေရာ မရှိသလို ငွေကြေး အဆင်မပြေတာလည်းရှိတော့ တောင်သူတွေက နစ်နာမှု များနိုင်တာပေါ့။ ” လို့ ဆန်ကုန်သည်တစ်ဦးက ပြောပါတယ်။
အခုနှစ် ၂၀၂၆ – ၂၀၂၇ ဘဏ္ဍာနှစ်မှာ ပြည်ပကို ဆန် တန်ချိန် ၅ သိန်းကျော်နဲ့ ဆန်ကွဲ တန်ချိန် ၃ သိန်းဝန်း ကျင် စုစုပေါင်းတန်ချိန် ၈၄၀,၀၀၀ ကျော်အထိ တင်ပို့ခဲ့ပြီး၊ အမေရိကန်ဒေါ်လာ ၂၉၁ သန်းရရှိခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်-MRF က ဆိုပါတယ်။ အခုနှစ်မှာ ပြည်ပဆန်တင်ပို့မှုရဲ့ ထက်ဝက်ကျော် ပမာဏကို ဖိလစ်ပိုင်နိုင်ငံထံ တင်ပို့ခဲ့တာ ဖြစ်ပါတယ်။
အခုနှစ်မှာ မြန်မာနိုင်ငံကနေ စတင် တင်ပို့တဲ့ GW-11 ဆန်အမျိုးအစားကို ဖိလစ်ပိုင်နိုင်ငံက အဝယ်လိုက် လာတဲ့အတွက် စျေးကွက်အတွင်းမှာ GW-11 ဆန် တစ်တန်ကို အမေရိကန်ဒေါ်လာ ၅၈၀ အထိ စျေးကောင်းရရှိနေတယ်လို့ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက MRF က ထုတ်ပြန်ထားပါတယ်။
