တိုက်ပွဲတွေကြောင့် ပဲခူးတိုင်း အနောက်ပိုင်းမှာ မိုးစပါးနဲ့ တခြားသီးနှံတွေ စိုက်ပျိုးနိုင်ခြင်း မရှိ
The Farmer Times၊ အောက်တိုဘာလ ၉ ရက်၊ ၂၀၂၆။
ပဲခူးတိုင်း၊ အနောက်ပိုင်းက မကြာခဏတိုက်ပွဲဖြစ်ပြီး နယ်မြေမအေးချမ်းတဲ့ ဒေသတွေဘက်မှာ အခုနှစ် မိုးရာသီမှာ စပါးအပါအဝင် တခြားယာသီးနှံတွေ စိုက်ပျိုးနိုင်ခြင်း မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာစစ်ရှောင်နေရတာ၊ နယ်မြေမအေးချမ်းတဲ့အတွက် လမ်းပန်းဆက်သွယ် ရေး ပြတ်တောက်တာ၊ သွင်းအားစုတွေဝယ်ဖို့ အဆင်မပြေတာ၊ စက်ကိရိယာတွေ မပြည့်စုံတာ စတဲ့ အ ခက်အခဲတွေကြောင့် မစိုက်ပျိုးနိုင်တော့တာလို့ လယ်သမားတွေက ဆိုပါတယ်။
လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ရတဲ့ တောင်သူတွေအနေနဲ့ လယ်ယာစိုက်ပျိုးရေးကို လုပ်ကိုင် နိုင်ခြင်း မရှိတာကြောင့် ဝင်ငွေရလုပ်ငန်း မရှိတော့တဲ့အတွက် စားဝတ်နေရေး ကြပ်တည်းလာတယ်လို့လည်း ပြောကြပါတယ်။
” လက်ပံတန်းနဲ့ နှစ်မိုင်လောက်သာဝေးတဲ့ ရွာဘက်တွေတောင် စပါးမစိုက်နိုင်ကြတော့ဘူး။ တချို့က ရွာတွေမှာ မနေကြတော့ဘူး။ တချို့ကျ ရိုးမထဲမှာ နေကြရတယ်။ ရွာထဲဝင်ပြီး နေမရတော့ စိုက်ပျိုးဖို့ က မဖြစ်နိုင်ဘူး။ ရွာထဲနေကြပြန်တော့လည်း စပါးစိုက်ဖို့က ခက်ခဲကြတယ်။ လယ်ယာထွန်စက် မရှိ ဘူး။ စပါးမျိုးတွေ ရှားတယ်။ လမ်းတွေကလည်း သွားဖို့ခက်တယ်။ ရိုးမနားကရွာတွေကနေ မြို့ဖို့ သွားဖို့ကခက်တယ်။ အဲဒီတော့ မြေဩဇာဘာညာသယ်ဖို့လည်း ခက်ခဲတော့ သိပ်မစိုက်နိုင်ကြတော့ဘူး။ ဒီလယ်ပဲစိုက်တဲ့ တောင်သူတွေက စပါးမစိုက်ရတော့ ဒုက္ခရောက်တာပေါ့။ ” လို့ လက်ပံတန်းမြို့နယ် တောင်သူတစ်ဦးက ပြောပါတယ်။
အလားတူ ပဲခူးအနောက်ခြမ်း၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ၊ ပေါင်းတည်မြို့နယ်မှာလည်း တိုက်ပွဲတွေ နဲ့ နယ်မြေမအေးချမ်းမှုကြောင့် နေအိမ်ကနေ တိမ်းရှောင်လိုက်၊ အိမ်ပြန်လာလိုက် လုပ်နေရတဲ့အတွက် စပါးစိုက်ပျိုးမှု လျော့ကျလာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပေါက်ခေါင်းမြို့နယ် ၊ ပေါင်းတလည်မြို့နယ်ထဲက ရိုးမတလျှောက်ရွာတွေ အပါအဝင် ကျေးရွာအများစု ၊ ပေါင်းတည်မြို့နယ်ထဲက ရိုးမအနီး ကျေးရွာတွေဘက်မှာ စပါးစိုက်ပျိုးမှု သိသိသာသာ လျော့ကျသွားတာ ဖြစ်ပါတယ်။
” စပါးက စိုက်ရင်တောင် နည်းနည်းပဲစိုက်နိုင်ကြတယ်။ ဧကအများကြီး မစိုက်နိုင်ကြဘူး။ ခက်ခဲတယ်။ လယ်ဧက အများကြီးကို ဂရုစိုက်လုပ်ဖို့ မလွယ်တော့ဘူး ။ တိုက်ပွဲတို့ ပစ်ခတ်မှုဆိုရင် ပြေးရတော့ လယ်လုပ်ဖို့က မလွယ်ဘူး။ စပါးထွက်ရင်လည်းသယ်ပြီး ရောင်းဖို့က ခက်တယ်။ လှောင်ထားဖို့ကလည်း ဘယ်သူမှ မလုပ်နိုင်ဘူး။ဘယ်တော့ထပြေးရမယ်ဆိုတာ မသိတော့ ဘယ်သူမှ အရဲစွန့် မလုပ်ရဲကြဘူး ။ “လို့ ပေါက်ခေါင်းမြို့နယ်မှ ဒေသခံလယ်သမားတစ်ဦးက ပြောပါတယ်။
ဒါကြောင့် နယ်မြေမအေးချမ်းတဲ့ ဒေသအတွင်းရှိ လယ်ထွန်စက်၊ စပါးရိတ်ခြွေစက် ပိုင်ရှင်တွေကလည်း စက်တွေပြန်ရောင်းချတာ၊ နေရာဒေသပြောင်းရွှေ့ပြီး လုပ်ကိုင်ရတာတွေ ရှိလာပါတယ်။
ပဲခူးတိုင်းအနောက်ပိုင်းက လက်ပံတန်း၊ အုတ်ဖို၊ နတ်တလင်း၊ ဇီးကုန်း၊ ကြို့ပင်ကောက် စတဲ့ မြို့နယ် တွေမှာလည်း စပါးစိုက်ပျိုးမှု သိသိသာသာ လျော့ကျနေတယ်လို့ ဆိုပါတယ်။
မိုးရာသီမှာ စပါးသာ အဓိကအများဆုံး စိုက်ပျိုးကြပေမယ့်၊ ငရုတ်၊ ကြက်သွန်၊ ပန်း၊ မြေပဲ၊ ပြောင်း၊ ကြံ စတဲ့သီးနှံတွေကိုလည်း စိုက်ပျိုးကြတယ်လို့ သိရပါတယ်။
အခုနှစ်မှာ မိုးစပါးကို စိုက်ပျိုးမှုလျော့ကျတဲ့အတွက် စပါးအထွက်နူန်းလည်း သိသိသာသာ လျော့ကျနိုင် တယ်လို့ ဒေသခံလယ်သမားတွေနဲ့ ဆန်ကုန်သည်အသိုင်းအဝိုင်းက ခန့်မှန်းထားပါတယ်။
