November 10, 2026

ပြည်ပ‌ဈေးကွက်မရှိလို့ ထောပတ်သီးဈေး ထက်ဝက်ကျော်ကျဆင်း

‎ The Farmer Times၊ အောက်တိုဘာလ ၂၉ ရက်၊ ၂၀၂၆။

‎အခုနှစ်မှာ ပြည်ပကို ထောပတ်သီး တင်ပို့ရောင်းချနိုင်မှု မရှိတဲ့အတွက်  ပြည်တွင်းမှာ ထောပတ်သီးဈေး က အရင်နှစ်ကထက် ဈေးထက် ဝက်ကျော် ကျဆင်းသွားတယ်လို့ မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဆီက ပြောပါတယ်။

‎ထောပတ်စိုက် အများဆုံးစိုက်ပျိုးရာ ဒေသတွေဖြစ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း၊  အောင် ပန်းနဲ့ တောင်ကြီးဒေသတွေမှာ ပြီးခဲ့တဲ့နှစ်ကတော့ ထောပတ်သီး တစ်ပိဿာကို ၁,၅၀၀ ကျပ်ဝန်းကျင် စျေးရရှိခဲ့ပေမယ့်၊ အခုနှစ်မှာတော့ တစ်ပိဿာကို ၇၀၀ ကျပ်ဝန်းကျင်သာ ပေါက်ဈေးရှိနေတာ ဖြစ်ပါတယ်။

‎မြန်မာ့ထောပတ်သီးကို နှစ်စဉ် ထိုင်းနိုင်ငံကို တင်ပို့ရောင်းချနိုင်ခဲ့ပေမယ့်၊ အခုနှစ်မှာ တင်သွင်းခွင့် ကန့် သတ်ချက်တွေကြောင့် ပြည်ပဈေးကွက်ကို တင်ပို့ဖို့ အခက်အခဲ ရှိနေတဲ့အတွက် ဈေးကွက်ပိတ်သလို ဖြစ်ပြီး၊ ဈေးကျရဆင်းသွားတာ ဖြစ်တယ်လို့  ဆိုပါတယ်။

‎” အဓိကတော့ ကျွန်တော်တို့က ထိုင်းကို အဓိကထား ထွက်တာပေါ့။ ခုထိုင်းကို ထွက်လို့မရဘူး၊ ထွက်ပေါက်မရှိဘူးဆိုတော့ ပိတ်သွားတာပေါ့။ ပြည်တွင်းစားအားကလည်း ထုတ်လုပ်မှုရဲ့ ၁၀ ရာခိုင်နှုန်း၊ ၁၅ ရာခိုင်နှုန်းပဲ ရှိတာကိုး။ ကျန်တဲ့ ၈၅ ရာခိုင်နှုန်းက အပြင်ထွက်တာဆိုတော့ ဈေးကွက်မရှိဘူး ဖြစ်သွားတာပေါ့။ ဒါကြောင့် ဈေးထက်ဝက်လောက် ကျသွားတာပါ။ အရင်တည်းက ကျွန်တော်တို့ ထိုင်းကို တရားဝင် တင်သွင်းခွင့်မရှိဘူး။ ဒါပေမယ့် Border Trade မှာ နားလည်မှုနဲ့ တင်ပို့ရတယ်။ ခုနောက်ပိုင်းမှာတော့ တရားဝင် တင်ပို့နိုင်ဖို့ ကျွန်တော်တို့ရော တာဝန်ရှိတဲ့ ဌာနဆိုင်ရာတွေက ပူးပေါင်းကြိုးစားနေတယ်။ ဒီနှစ်မဟုတ်ရင် နောက်နှစ်လောက်တော့ တရားဝင် တင်ခွင့်ရမယ်လို့ မျှော် လင့်ထားပါတယ်။ ထွက်ခွင့်မရဘူးဆိုရင်တော့ ဈေးကတော့ ကောင်းဖို့ မရှိဘူးပေါ့။ သူ့ဟာနဲ့သူ ထွက်ပေါက်ကတော့ ရှိနေတယ်။ ဒါပေမယ့် ဈေးကောင်းမရနိုင်တော့ဘူး ” လို့ မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း အထွေထွေအတွင်းရေးမှူး ဦးကျော်စိုးမင်းက ပြောပါတယ်။

‎ထောပတ်သီး စိုက်ပျိုးစရိတ်တွေ မြင့်တက်လာတဲ့အတွက် အခုနှစ်မှာ အသီးထွက်အား သုံးပုံနှစ်ပုံ လောက် ကျဆင်းတဲ့အပြင် ပြည်ပဈေးကွက် မရှိတာကြောင့် ပိုမိုအခက်အခဲ ဖြစ်နေတယ်လို့ ထောပတ် စိုက်တောင်သူတွေက ဆိုပါတယ်။

‎‌ထောပတ်သီးဟာ သိုလှောင်ထားနိုင်တဲ့ကာလ အကန့်အသတ်ရှိတဲ့ သီးနှံဖြစ်တာကြောင့် အချိန်မီရောင်း ချနိုင်ခြင်းမရှိရင်၊ ပုပ်သိုးပျက်စီးပြီး ဆုံးရှုံးမှုတွေ ထပ်မံကြုံတွေ့နိုင်တယ်လို့လည်း ထောပတ်စိုက်တောင် သူတွေနဲ့ ကုန်သည်တွေက ပြောပါတယ်။

‎ထောပတ်သီးကို အဆီကြိတ်တာ၊ အနှစ်အဖြစ် ပြုလုပ်ပြီး အအေးခန်းထဲ သိုလှောင်ထားတာမျိုး ပြုလုပ် နိုင်ပေမယ့် အအေးခန်းသိုလှောင်ရုံ အလုံအလောက်မရှိတာ အပါအဝင် ဈေးကွက်အနေအထား က လည်း စတင်လေ့လာရဦးမှာ ဖြစ်တာကြောင့် အခက်အခဲတွေ ရှိနေသေးတယ်လို့ သိရပါတယ်။

‎လက်ရှိမှာတော့ ထောပတ်သီးကို ထိုင်နိုင်ငံသာမက တရုတ်နိုင်ငံကိုလည်း တရားဝင် တင်ပို့နိုင်ဖို့ စီစဉ် ဆောင်ရွက်နေပြီး စာချုပ်မူကြမ်းအဆင့်ကို ရောက်ရှိနေပြီဖြစ်တယ်လို့ ဆိုပါတယ်။

‎ ” တရုတ်ကိုလည်း တရားဝင် တင်သွင်းခွင့်ရဖို့ ကြိုးစားနေတယ်။ သူကတော့ လမ်းတဝက်လောက် ရောက်နေပြီပေါ့နော်။ ရနိုင်ချေတော့ များတယ်။ တရုတ်ကိုလည်း တင်သွင်းခွင့်ရတယ်ဆိုရင်တော့ ထိုင်းမရလည်း ကျွန်တော် ဈေးကွက်က အဲလောက် မပျက်နိုင်ဘူးပေါ့နော်။ တရုတ် စိုက်ပျိုးရေးနဲ့ မြန်မာပြည်က စိုက်ပျိုး ရေးမှာ သူတို့က ပိုးမွှားအကြောင်း ဆွေးနွေးတယ်ပေါ့။ သူတို့ တရုတ်က ကြောက်တဲ့ ပိုးမွှားတွေကို ဘယ်လို ဖြေရှင်းရမလဲဆိုတာ တရုတ်ကပြန်ပြီးမှ treatment ပေးတယ်ပေါ့။ အခု နောက်ဆုံးအဆင့်ကကျတော့ ကျွန်တော်တို့ စာချုပ်မူကြမ်း အဆင့်ထိ ရောက်သွားပြီပေါ့။ စိုက်ပျိုးရေးအသင်း သူတို့ လက်မှတ်မူကြမ်း ထိုးရမယ့် စာချုပ်မူကြမ်းအဆင့်ထိ ရောက်သွားပြီ။ ပြန်လည်း ပို့ထားပြီပေါ့။ တရုတ်ကနေ မပြန်သေးတာပဲ ရှိတယ်။ တရုတ်ကနေ ပြန်လာရင် protocol အရဆက်လုပ်မယ်ဆိုရင်တော့ တရားဝင် တင်သွင်းခွင့် ရသွားပြီပေါ့။ အဲတာကြောင့် လမ်းတဝက် ရောက်နေပြီလို့ ပြောတာပါ” လို့ ဦးကျော်စိုးမင်းက ပြောပါတယ်။

‎လတ်တလော ထောပတ်သီး တစ်ဧက စိုက်ပျိုးရင်းနှီးစရိတ်ကုန်ကျငွေ အနေနဲ့ ကနဦးနှစ်မှာ ကျပ်သိန်း ၂၀ ခန့်ရှိပြီး၊ ဒုတိယနှစ်နဲ့ တတိယနှစ်မှာတော့ ကျပ် ၅ သိန်းမှ ၈ သိန်းခန့် ကုန်ကျကာ သုံးနှစ်ပြည့်ပါက အသီးစတင် ခူးဆွတ်ကြပါတယ်။

‎မြန်မာနိုင်ငံမှာ ထောပတ်သီးကို ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးတို့မှာ အများဆုံး စိုက်ပျိုးပြီး၊ တစ်ဧက အပင် ၈၀ မှ ၁၀၀ ခန့်အထိ စိုက်ပျိုးနိုင်ကာ  ပုံမှန်အသီးအထွက်နှုန်း တစ်ဧက ၂ တန်မှ ၅ တန် အထိ  ထွက်ရှိတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.