စပါးစျေး ပြန်ကျပြီး အရောင်းအဝယ်အေးနေ
The Farmer Times၊ နိုဝင်ဘာလ ၁၈ ရက်၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်းမှာ စပါးတင်း ၁၀၀ ကို အနိမ့်ဆုံးစျေး ၁၈ သိန်းကျပ်အထိ စျေးပြန်ကျသွားပြီး အရောင်းအဝယ်လည်း အေးသွားတယ်လို့ တောင်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ နောက်ဆုံးပတ်လောက်ကစပြီး စပါးစျေးဆက်တိုက် ပြန်ကျလာဖြစ်ပြီး၊ လက်ရှိမှာ အဝယ်တော်ပွဲစားနဲ့ ကုန်သည်တွေက စပါးကို အဝယ်ရပ်ထားတဲ့ အခြေအနေရှိတယ်လို့ လယ်သမားတွေက သုံးသပ်ပြောဆိုကြပါတယ်။
တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး၊ ဦးဆောင်အဖွဲ့က အခြေခံစပါးရည်ညွှန်းစျေးကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်မှာ သတ်မှတ်လိုက်ပြီးနောက် အောက်တိုဘာ ၂၈ ရက်ကစလို့ စျေးဆက်တိုက်ကျသွားတာလို့ ဆိုပါတယ်။
အခြေခံရည်ညွှန်းစပါးဈေးနှုန်း အနေနဲ့ အစိုဓာတ် (၁၄) % ရှိ၊ အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတဲ့ တစ်တင်း ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ ကို ၁,၃၅၀,၀၀၀ (ဆယ်သုံးသိန်းငါးသောင်း) ကျပ် သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
” ရည်ညွှန်စျေးသတ်မှတ်လိုက်တာ စပါးစျေးကွက်ကို ဖျက်လိုက်သလိုပဲ။ စျေးကောင်းရနေတာကနေ ချက်ခြင်းပြန်ကျသွားတယ်။ စပါးစျေးလည်းချဝယ်တယ်၊ စပါးဆိုလည်းသန့်မှ စျေးပေးဝယ်တာ။ မ သန့်ရင် စျေးနှိမ်ခံရသေးတယ်။ အခုက တောင်သူအများစု ရောင်းကြတော့ စပါးတွေက အရောင်းများ တယ်။ ရည်ညွှန်စျေးကလည်း ထွက်လာရော စျေးကိုချပစ်လိုက်တာပေါ့။ အခုဆို ၁၈ ပဲရှိတော့တယ်။ ရည်ညွှန်စျေးက သီတင်းကျွတ် မတိုင်ခင်ထုတ်တာ။ ထုတ်ပြီး သုံးလေးရက်ပဲကြာတယ် သီတင်းကျွတ် ရောက်တော့ အဝယ်တွေရပ်နားကြတယ်။ အခါကျော်လို့ ပြန်ဖွင့်တော့ စျေးကို တစ်သိန်းလောက်ချ ဝယ် ကြတာပဲ။အခုအဲဒီထက်ပိုကျသွားတာ။ ” လို့ တောင်သူ ဦးစိုးက ပြောပါတယ်။
သီတင်းကျွတ်ရုံးပိတ်ရက် မတိုင်ခင်က စပါးတင်း ၁၀၀ ကို အနိမ့်ဆုံးစျေးအဖြစ် ၂၁ သိန်းကျပ်အထက် စျေးပေါက်ခဲ့ပြီး၊ အဝယ်လိုက်ခဲ့သလို၊ သီတင်းကျွတ် ရုံးပိတ်ရက်အပြီး စျေးကွက်ပြန်ဖွင့်ချိန်မှာလည်း စပါးတင်း ၁၀၀ ကို ၂,၀၅၀,၀၀၀ ကျပ်ကို ကျဆင်းခဲ့ပြီး၊ လက်ရှိမှာတော့ ၁၈ သိန်းကျပ်ပေါက်စျေးနဲ့ အရောင်းအဝယ် အေးနေတာ ဖြစ်ပါတယ်။ ရက်ပေါင်း ၂၀ ကျော်အတွင်းမှာ စပါး တင်း ၁၀၀ ကို ၃ သိန်းကျပ်လောက် စျေးပြန်ကျသွားတာ ဖြစ်ပါတယ်။
” ၁၁ ဧကရိတ်တာ အကုန်ရောင်းရတာ။ စပါး ၈၀၀ ကျော်ရတယ်။ ၁၈ သိန်းစျေးတောင်ဝယ်သူက အင်တင်တင် ဖြစ်နေတာ။ ပိုက်ဆံကလည်း အကြွေးရောင်းရသေးတယ်။ စပါးစျေးကျသွားတော့ ကျွန် မတို့မှာ စပါးတစ်ရာဖိုးလောက် နစ်နာသွားတယ်။ ရသင့်တဲ့စျေး မရတော့ နစ်နာမှုကြီးတယ်။ တောင်သူ တွေမှာ ၂၁ သိန်းစျေးလောက်ရောင်းရမှ သိသိသာသာ အမြတ်ကျန်တာပါ။ လယ်စိုက်တာ အချိန် ၆ လ လောက်ပေးရတယ်။ အရဲစွန့်ပြီး လုပ်ရတာ။ စပါးဘယ်လောက်ထွက်မယ်၊ စျေးဘယ်စျေးရမယ်ဆိုတာ မသိဘဲလုပ်ရတာ။ ၆ လရင်းထားရတာ တစ်ဧကကို ၈ သိန်းမြတ်မှ အချိန်နဲ့ပြန်တွက်ရင် တစ်လကို ၁၃၀,၀၀၀ ကျော် အမြတ်ပဲရတာ။ ” လို့ ပြည်မြို့နယ်က တောင်သူမဝင်းကြည်က ပြောပါတယ်။
လက်ရှိ ပဲခူးတိုင်းအနောက်ခြမ်းမှာ ကရင်မနဲ့ ဧရာမင်းစပါးတွေကို အဓိက ရိတ်သိမ်းနေကြတာဖြစ်ပြီး ကရင်မက အနိမ့်ဆုံး တင်း ၁၀၀ ကို ၁၈ သိန်း ကျပ်၊ ဧရာမင်းက တင်း ၁၀၀ ကို ၂၃ သိန်းကျပ် စျေးပေါက်နေပါတယ်။
ကရင်မ စပါးအမျိုးအစားက စျေးတန်းနည်းပေမယ့် စပါးအထွက်နူန်းက တစ်ဧကကို တင်း ၇၀ မှ ၈၅ တင်းအတွင်းထွက်ရှိပြီး၊ ဧရာမင်းကတော့ တင်း ၅၀ မှ ၆၅ တင်းအတွင်းသာ ထွက်ရှိတယ်လို့ သိရပါတယ်။
